အာဏာသိမ်း စစ်ကောင်စီကို လက်နက်ရောင်းချမှု ပိတ်ပင်ရန် တောင်းဆိုသည့် ကုလသမဂ္ဂ တောင်းဆိုချက်သည် အာဆီယံ၏ ကန့်ကွက်မှုကြောင့် နှောင့်နှေးသွားအပြီး ယခုအခါ ကုလသမဂ္ဂ ဝက်ဆိုက်တွင် တင်ထားသော မူကြမ်းအရ လေသံပြောင်းထားကြောင်း သိရသည်။
နယူးယောက်မှ လာသော သတင်းများအရ ပြီးခဲ့သောလက ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တင်မည့် ဆုံးဖြတ်ချက်တွင် “မြန်မာပြည်သို့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ လက်နက်၊ ကျည်ဆံနှင့် အခြား စစ်ရေးဆိုင်ရာ ပစ္စည်းများအား ထောက်ပံ့၊ ရောင်းချ သို့မဟုတ် လွှဲပြောင်းမှုများ အားလုံးကို ချက်ခြင်း ရပ်ဆိုင်းရန်” ဟု ရေးသားထားချက်ကို အာဆီယံနိုင်ငံများအသင်းက သဘောမတူသောကြောင့် ယင်းဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။
ယခုအခါ “မြန်မာနိုင်ငံအတွင်းသို့ လက်နက်များ စီးဝင်နေမှုကို အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တားဆီးရန်” ဟု ပြင်ဆင်လိုက်သော တောင်းဆိုချက်အပါအဝင် ကုလသမဂ္ဂညီလာခံ၏ ဆုံးဖြတ်ချက်ကို ယနေ့သောကြာနေ့တွင် အားလုံးသဘောတူ ဆုံးဖြတ်ရန် ရှိကြောင်း သိရသည်။
ယင်းသို့ ကုလသမဂ္ဂညီလာခံ ဆုံးဖြတ်ချက်သည် မဖြစ်မနေ လိုက်နာဆောင်ရွက်ရန် မတောင်းဆိုနိုင်ပေ။ မဖြစ်မနေ လုပ်ဆောင်ရန် တောင်းဆိုနိုင်သော အာဏာမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင်သာ ရှိသည်။
ယခု ကုလသမဂ္ဂညီလာခံ ဆုံးဖြတ်ချက်သည် မြန်မာ့အရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တံခါးပိတ် အစည်းအဝေးနှင့်လည်း တိုက်ဆိုင်နေသည်။
ယခုပြင်ဆင်လိုက်သော ဆုံးဖြတ်ချက် မူကြမ်းသစ်သည် အနောက်နိုင်ငံများနှင့် အာဆီယံအသင်းတို့ သံတမန်ရေးအရ ၂ ဘက်ညှိနှိုင်းမှု၏ ရလဒ်ဖြစ်ကြောင်း သိရသည်။
ယခုမူကြမ်းသစ်အတွက် တရုတ်၏ သဘောထား မည်သို့ရှိသည်ကို မသိရသေးသော်လည်း အာဆီယံ၏ မြန်မာ့အရေး ချဉ်းကပ်ဖြေရှင်းမှုကို ထောက်ခံကြောင်း ကြေညာထားပြီး ဖြစ်သည်။
အာဆီယံအသင်းသည် ကုလသမဂ္ဂညီလာခံ၏ ဆုံးဖြတ်ချက်ကို ပြင်ဆင်လိုခြင်းမှာ ၎င်း၏ မြန်မာ့အရေး ချဉ်းကပ်ဖြေရှင်းနေမှုတွင် သံတမန်ရေးအရ ဦးဆောင်နေရသော ကဏ္ဍကြောင့် ဖြစ်ကြောင်း အကြီးတန်းသံတမန်တဦးကို ကိုးကား၍ BenarNews သတင်းတပုဒ်က ဆိုသည်။
မကြာသေးခင်ကလည်း အမေရိကန်ပြည်ထောင်စု၊ G7 နိုင်ငံများနှင့် ကုလသမဂ္ဂတို့ကလည်း မြန်မာ့အရေး ဖြေရှင်းရာတွင် အာဆီယံ၏ အရေးကြီးမှုနှင့် “ဗဟိုကျမှု”ကို ထုတ်ဖော်ပြောဆိုကြသည်။
ယခု ကုလသမဂ္ဂညီလာခံ၏ ဆုံးဖြတ်ချက်တွင်လည်း အာဆီယံ၏ အရေးပါမှုကို ထည့်သွင်းဖော်ပြထားသည်။
ဆုံးဖြတ်ချက် မူကြမ်း၏ အပိုဒ် ၅ တွင် အာဆီယံ၏ ဖြစ်လာလတ္တံ့သော မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်ကို ကုလသမဂ္ပ အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်နှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားပြီး “ဒီမိုကရေစီ အကူးအပြောင်းတွင် မြန်မာပြည်အား အထောက်အပံ့ဖြစ်စေရေး ဆက်လက်ဆောင်ရွက်မည့် အာဆီယံအသင်း၏ အရေးပါသည့် အခန်းကဏ္ဍကို အကောင်အထည်ဖော်ရန်” မြန်မာနိုင်ငံအား အာဆီယံနှင့်အတူ “ဆက်လက်ညှိနှိုင်းသွားရန်” လည်း တိုက်တွန်းထားသည်။
သို့သော် မြန်မာနိုင်ငံတဝန်းတွင် ASEAN ကို အယုံအကြည် မရှိကြဘဲ အာဏာသိမ်းစစ်ကောင်စီကို တရားဝင်ဖြစ်စေရေး တရုတ်၏ အကူအညီဖြင့် ဆောင်ရွက်နေသည်ဟုသာ မြင်နေကြသည်။
“ASEAN ရဲ့အားထုတ်မှုကို ကျနော်တို့အယုံအကြည်မရှိဘူး” ဟု စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးပြောသည်။
“သူတို့မှာ အယုံအကြည်ရှိအောင် ခိုင်မာတဲ့ အစီအစဉ်ရှိမယ် မထင်ဘူး” ဟု ASEAN နှင့် ပတ်သက်ပြီး အင်တာနက်သတင်းစာရှင်းလင်းပွဲတခုတွင် ဦးမိုးဇော်ဦးက ပြောကြားခြင်းဖြစ်သည်။ ထိုသတင်းစာရှင်းလင်းပွဲကျင်းပစဉ် စစ်ကောင်စီက မြန်မာနိုင်ငံတဝန်း အင်တာနက်များ ဖြတ်တောက်လိုက်သည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ဇွန်လ ၄ ရက်နေ့တွင် နေပြည်တော်၌ ASEAN အတွင်းရေးမှူးချုပ် လင်ဂျော့ဟွိုင်နှင့် ASEAN ဥက္ကဌ ဘရူနိုင်းနိုင်ငံ၏ ဒုတိယမြောက် နိုင်ငံခြားရေးဝန်ကြီး အာရီဝန် ယူစွတ် တို့နှင့်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် လူသားချင်းစာနာမှု ပြဿနာများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ န်ိုင်ငံတည်ငြိမ်သောအခါ ရွေးကောက်ပွဲကျင်းပရေးနှင့် စစ်အာဏာသိမ်းမှုဖြစ်စေသည့် လွန်ခဲ့သောနှစ် ရွေးကောက်ပွဲမသမာမှုများကို ဆွေးနွေးသည်ဟု စစ်တပ်ပိုင် မီဒီယာများက ဖေါ်ပြသည်။
You may also like these stories:
ASEAN ကို အယုံအကြည် မရှိကြောင်း မြန်မာ စစ်အာဏာသိမ်း ဆန့်ကျင်သူများပြော
လူသားချင်းစာနာမှုကို အာရုံစိုက်ခြင်းက မြန်မာ့အကျပ်အတည်းကို ပိုမိုဆိုးရွား ရှည်ကြာစေနိုင်သည်
စစ်ကောင်စီကို ထောက်ခံသူများအတွက် အရှုံးသာ ရှိမည်
အာဏာသိမ်းအလွန် မြန်မာမှာ ပွဲကြီးပွဲကောင်း စပြီ