စစ်တပ် အာဏာသိမ်းပြီးနောက် ကုလသမဂ္ဂဆိုင်ရာညီလာခံများတွင် မြန်မာကိုယ်စားလှယ်နေရာနှင့် ပတ်သက်၍ ဆိုင်း ငံထားမှုများ ရှိနေရာ ဇွန် ၁၅ရက်က ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO)၏ ကိုယ်စားလှယ်ခန့်အပ်လွှာ စစ်ဆေးရေးကော်မတီက စစ်ကောင်စီမှ တင်ပြလာသည့် ကိုယ်စားလှယ်အဖွဲ့ ခန့်အပ်လွှာ ကို ပယ်ချလိုက်ကြောင်း သိရသည်။
FAO စစ်ဆေးရေးကော်မတီ အနေဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ချက်ချရန် ကုလသမဂ္ဂအထွေထွေညီလာခံနှင့် တခြား ကုလ သမဂ္ဂ အဖွဲ့အစည်းများဖြစ်သည့် ကမာ္ဘ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) တို့၏ ဆုံးဖြတ်ချက်များကို သတိပြုလေ့လာပြီးနောက် မြန်မာပြည်ကိုယ်စားပြု မည်သည့် ကိုယ်စားလှယ်ကိုမျှ အသိအမှတ်မပြုရန် ဆုံးဖြတ်လိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံတွင် အစိုးရ ၂ ရပ် ဖြစ်နေပြီး မည်သူ့ကို နိုင်ငံကိုယ်စားပြုအဖြစ် ခွင့်ပြုပေးရမည်ကို ဝေခွဲမရဖြစ်ပြီးနောက် နိုင်ငံတကာ အဖွဲ့အစည်းများက လာမည့် နိုဝင်ဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေညီလာခံ၏ တရားဝင်မူ ဆိုင်ရာ ဆုံးဖြတ်ရေးအဖွဲ့ကို ဆုံးဖြတ်ပေးရန် ရွှေ့ဆိုင်းပေးထားခြင်း ဖြစ်သည်။
လက်ရှိတွင် SAC နှင့် NUG သည် ကမာ္ဘ့စားနပ်ရိက္ခာအဖွဲ့ (FAO) အပါအဝင် WHO ၏ ၇၄ ကြိမ်မြောက်ညီလာခံ ၊ ILO ၏ ၁၀၉ ကြိမ်မြောက်ညီလာခံနှင့် ၄၇ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ပုံမှန်အစည်းအဝေးများသို့ တက်ရောက်ခွင့် ငြင်းပယ်ခြင်း ခံထားရသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင် မျိုးမင်းက NUG အနေဖြင့် နိုင်ငံတကာ အသိမှတ်ပြုမှုရရှိရန် အပြင်းအထန် ကြိုးစားနေပြီး လက်ရှိတွင် နိုင်ငံတကာအစည်း အဝေးများကို စစ်ကောင်စီ တက်ရောက်ခွင့် မရသည့် အခြေအနေမျိုးကပင် အောင်မြင်မှု တရပ်ဖြစ်ကြောင်း ပြောဆိုထား သည်။
You may also like these stories:
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး စစ်ကောင်စီ တက်ခွင့် မရပြန်
NUG ရော စစ်ကောင်စီပါ အလုပ်သမားညီလာခံ တက်ခွင့်မရ