မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စက်လှေကြီးများဖြင့် ကုန်စည်တင်ပို့ပြီးပြန် လာသူများကို ကိုဗစ်ပိုးစစ်ဆေးရာတွင် ကိုဗစ်ပိုးတွေ့ရှိသူများ တနေ့ထက်၊ တနေ့ များ ပြားလာနေသည်။
ဘင်္ဂလားဒေ့ရှ်နိုင့်မှ ကုန်စည်ပို့ဆောင်ပြီး ပြန်လာသော စက်လှေ ၉ စီးကို Quaranitine ထားရှိခဲ့ရာ အဆိုပါ စက်လှေ ၉ စီးမှ လူ ၆၄ ဦး ဇွန်လ ၁၇ ရက်နေ့ က ကိုဗစ်ပိုး စစ်ဆေးခဲ့ရာတွင် လူ ၃၁ ဦးပိုးတွေ့ရှိခဲ့ကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်မှု ကောင်စီဝင် ဦးသန်းထွန်းက ပြောသည်။
ဦးသန်းထွန်းက “ကျနော်တို့ တဘက်နိုင်ငံသို့ ကုန်စည်ပို့ဆောင်ပြီး ပြန်လာတဲ့ စက်လှေ သမားတွေကို လုံးဝ ကုန်းပေါ် အတက်မခံဘူး။ စက်လှေထဲမှာပဲ ၁၀ ရက် Q uaranitine ထားတယ်။ အဲဒီလိုထားတဲ့ စက်လှေ ၉ ဦးက လူတွေကို မနေ့က ဆေးစစ်တဲ့အခါ လူ ၃၁ ယောက်ပိုးတွေ့လို့ ဆေးရုံကြီးမှာ ကုသမှုတွေ လုပ်နေပါတယ်” ဟု ဧရာ ဝတီသို့ ပြောသည်။
မြန်မာ- ဘင်္ဂလားဒေ့ရှ်တို့ နှစ်နိုင်ငံကြား ကုန်စည်ပို့ဆောင်မှုကို စစ်တွေမြို့ရှိ နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တောမြို့ရှိ နယ်စပ်ကုန်သွယ်ရေး စခန်းတို့မှ တဆင့် တဘက်နိုင်ငံသို့ တင်ပို့နေခြင်း ဖြစ်သည်။
ထိုသို့ ကုန်စည်တင်ပို့ပြီး ပြန်လာသော စက်လှေသမား များတွင် ယမန်နေ့က လူ ၃၁ ဦး ကိုဗစ်ပိုးတွေ့ရှိသလို ဇွန်လ ၁၆ ရက်နေ့ကလည်း မောင်တောက စက်လှေသမား ၁ ဦးနှင့်စစ်တွေမြို့သို့ ပြန်လာသော စက်လှေ သမား ၉ ဦးတို့တွင်လည်း ကိုဗစ်ပိုး တွေ့ရှိခဲ့ကာ နှစ်ရက်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ ၄၁ ဦးထိ ရှိလာနေသည်။
ယင်းအပြင် ဧပြီလ နှင့်မေလ ၂ လတာအတွင်း ကုန်စည်သွားရောက် ပို့ဆောင်ပြီး ပြန်လာသော စက်လှေသမား ၁၆ ဦး ပိုဗစ်ပိုးတွေ့ရှိခဲ့သည့်အတွက် စစ်တွေပြည် သူ့ဆေး ရုံကြီးတွင် တက်ရောက်ကုသခဲ့ရသည်။
စစ်တွေဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်ကတော့ ကိုဗစ်ပိုးတွေ့ရှိသူ လူနာများမှာ အားလုံး ကျန်းမာရေး အခြေအနေ ကောင်းမွန်လျှက် ရှိကြောင်းပြောသည်။

ဒေါက်တာကြည်လွင်က “မနေ့က ပိုးတွေ့တဲ့ လူ ၃၁ ကတော့ အားလုံး ကျန်းမာရေး အခြေအနေ ကောင်းမွန်ပါတယ်။ ရောဂါလက္ခဏာလည်း မတွေ့ဘူူး။ ပိုးတွေ့တာပဲရှိတာ” ဟု ဧရာဝတီသို့ ပြောသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ စစ်တွေမြို့မှ ၆၈ ဦးနှင့် မောင်တောမှ ၃ ဦး စုစုပေါင်း ၇၁ ဦးအထိ ရှိလာနေကြောင်း ပြည်နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်ပထမလိုင်းနှင့် ဒုတိယလိုင်းတို့တွင် ကိုဗစ်ရောဂါကူး စက်မှုမြင့်မားခဲ့သည့်အတွက် အဆိုပါ နယ်စပ်ကုန်သွယ်မှု ကို ၂၀၂၀ ခုနှစ် နှစ်လယ်ပိုင်းက ပိတ်ထားခဲ့သော်လည်း စစ်ကောင်စီ လက်ထက် ဧပြီလ ၁၃ ရက် နေ့တွင် နှစ်နိုင်ငံ ကုန်သွယ်မှုကို ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
ထိုသို့ နှစ်နိုင်ငံ နယ်စပ်ကုန်စည်များ ပို့ဆောင်ရာတွင် စက်လှေသမားများအား တဘက်နိုင်ငံသို့ ဆိပ်ကမ်းသို့ တက်ရောက်ခွင့် ပိတ်ထားသလို ကုန်စည်ပို့ဆောင်ပြီး ပြန်လာသူများကိုလည်း ကုန်းတက်ခွင့်ကို လုံးဝ ပိတ်ထားပြီး စက်လှေထဲတွင် Quar anitine ထားရှိကာ ကိုဗစ်ပိုး ကူးစက်မှု ရှိ၊ မရှိကို စစ်ဆေးလျှက်ရှိကြောင်းလည်း ပြည်နယ် စီမံအုပ်ချုပ်မှု ကောင်စီက ဆိုသည်။
ထိုသို့ စက်လှေထဲတွင် Quaranitine ထားရှိရာ၌ စည်းကမ်းဖောက်ဖျက်မှု မရှိအောင် ရဲတပ်နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများက စောင့်ကြပ်ကာ လုံခြုံရေး ချထားကြောင်း ပြည် နယ်စီမံခန့်ခွဲမှု ကောင်စီဝင် ဦးသန်းထွန်းက ပြောသည်။
အရပ်ဖက်လူမှုအဖွဲ့အစည်းတခုဖြစ်သည့် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC) မှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်း ကတော့ တဘက်နိုင်ငံတွင် ကိုဗစ်ကူးစက် ပေါက်ကွဲမှု အဆမတန်များနေချိန် ကုန်စည်ပို့ဆောင်ပြီး ပြန်လာသူများ၌လည်း ပိုးကူး စက်မှုများ ပြားလာနေသည့်အတွက် နယ်စပ်ကုန်သွယ်မှုကို စစ်ကောင်စီ အနေဖြင့် ပြန်လည်ပိတ်သိမ်းသင့်ကြောင်း ပြောသည်။
ဦးဇော်ဇော်ထွန်းက “ရခိုင်မှာ အခုဆိုရင် ကျောင်းသားတွေလည်း ကျောင်းတက် နေတယ်။ လူတွေလည်း လွတ်လွတ် လပ်လွပ်သွားနေကြတဲ့ အချိန် အခုလို တဘက်နိုင်ငံကို သွားပြီး ပိုးတွေ့လူတွေ များလာတယ်ဆိုတော့ ကုန်သွယ်မှုက ရတဲ့ အကျိုး အမြတ်နဲ့ ပိုးကူးခံရတဲ့ရလဒ်က ဆိုးကျိုးတွေ တော်တော်များတယ်။ အဲဒီအတွက်နဲ့ စစ်ကောင်စီအနေနဲ့ ဒီကိစ္စကို သေချာစဉ်းစားဖို့ လိုတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ပိုးကူစက်မှု များပြားလာနေသော်လည်း စစ်ကောင်စီအနေဖြင့် လတ်တလော အခြေ အနေတွင် နယ်စပ်ကုန်သွယ်မှု စခန်းများကို ပြန်ပိတ်မည်မဟုတ်ဘဲ ဆက်လက် လည်ပတ်သွားမည် ဖြစ်ကြောင်းလည်း ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များထံမှ သိရသည်။
ကုန်စည်ပို့ ဆောင်သော စက်လှေသမားများကို တဘက်နိုင်ငံသို့ ကမ်းတက်ခွင့် မပြုထားသလို ပြန်ရောက်လာချိန်၌လည်း ကမ်းပေါ်တက်ခွင့်မပြုဘဲ စည်းကမ်း တင်းကြပ် ထားသော်လည်း ယခုကဲ့သို့ ကိုဗစ်ပိုးကူးစက်မှု များရှိလာ သည့်အတွက် မည် သည့် အတွက်ကြောင့် ပိုးကူစက်မှု ဖြစ်ပွားသည့် အခြေအနေကို ကျန်းမာရေး ဝန်ကြီးဌာ နှင့်ပူး ပေါင်းကာ အဖြေရှားသွားမည် ဖြစ်ကြောင်းလည်း ပြည်နယ်ကောင်စီဝင် ဦးသန်းထွန်းက ဆိုသည်။
စစ်တပ်မှ အာဏာသိမ်းပြီးနောက် ဧပြီလတွင်း မောင်တောနယ်စပ်ကုန်သွယ်ရေး စခန်းနှင့် စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းတို့ကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ၂ လ အတွင်း အမေ ရိကန် ဒေါ်လာ ၄၃၈၃၀၅၇ ဒသမ ၇၉ အထိ ရရှိခဲ့ကြောင်း ရခိုင် ပြည်နယ် စီမံအုပ် ချုပ်ရေး ကောင်စီထံမှ သိရသည်။
You may also like these stories:
မြန်မာ – ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှု ၂ လတာအတွင်း ကန်ဒေါ်လာ ၄ သန်းကျော် ရှိ
ကိုဗစ်တတိယလှိုင်းကြောင့် Stay at Home ၇ မြို့နယ်မှ စာသင်ကျောင်းများ ပြန်ပိတ်