အရပ်သားအစိုးရလက်ထက်က အခွန်နှုန်းထား လျော့ပေးခြင်းသည် ငွေကြေးခဝါချမှုကို အားပေးသလို ဖြစ်နိုင်ကြောင်း လွှတ်တော်တွင် အပြင်းအထန်ကန့်ကွက်ခဲ့သည့် စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ၂၀၂၀ ပြည်ထောင်စု အခွန် အကောက် ဥပဒေပါ လျှော့ချသတ်မှတ်ထားသော ဝင်ငွေခွန်နှုန်းထားများထက်ပင် ပို၍ လျှော့ချ သတ်မှတ်ပေးလိုက်သည်။
ဇွန် ၁၇ ရက် စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေအပေါ် ၁ ကျပ်မှ သိန်း ၁၀၀၀ အထိကို ၃ ရာခိုင်နှုန်း၊ သိန်း ၁၀၀၀ မှ သိန်း ၃၀၀၀ အတွင်း ၅ ရာခိုင်နှုန်း၊ သိန်း ၃၀၀၀ မှ သိန်း ၁၀၀၀၀ အတွင်း ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀၀၀၀ မှ သိန်း ၃၀၀၀၀ အတွင်း ၁၅ ရာခိုင်နှုန်းနှင့် သိန်း ၃၀၀၀၀ နှင့်အထက်ကို ၃၀ ရာခိုင်နှုန်း ကောက်ခံမည်ဟု ဆိုသည်။
သို့သော် ယင်းအခွန်နှုန်းထား လျှော့ချပေးမှုမှာ ဇူလိုင် ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ ၃ လအတွင်းသာ အကျုံးဝင် မည် ဖြစ်ကြောင်း သိရသည်။
ယခု စစ်ကောင်စီက လျှော့ချလိုက်သော နှုန်းထားများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ၂၀၁၉ ခုနှစ် ပြည်ထောင်စု အခွန်အကောက်ဥပဒေတွင် လျှော့ချသတ်မှတ်ပေးခဲ့သော နှုန်းထားများနှင့် တူညီနေသည်။
ယခင်က ပြည်ထောင်စု အခွန်အကောက် ဥပဒေမူကြမ်းတွင် စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေများကို ဝင်ငွေ ပမာဏ မခွဲခြားဘဲ အားလုံးအတွက် ၃၀ ရာခိုင်နှုန်း စည်းကြပ်ကောက်ခံခဲ့သော်လည်း ၂၀၂၀ ပြည်ထောင်စု အခွန် အကောက် ဥပဒေကြမ်းတွင် ကိုဗစ်-၁၉ ရိုက်ခတ်မှုဒဏ်ကြောင့် စီးပွားရေးလုပ်ငန်း အများအပြား ထိခိုက်ခဲ့ပြီး အခွန် ထမ်းဆောင်မှု လျော့နည်းမသွားစေရေးအတွက် ၂၀၁၉ အခွန်အကောက် ဥပဒေပေါ်အခြေခံပြီး ပမာဏအလိုက် အခွန် နှုန်းထားများ သတ်မှတ်ခဲ့သည်။
ထို့အတွက် စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေအပေါ် ၁ ကျပ်မှ သိန်း ၁၀၀၀ အတွင်း ၆ ရာခိုင်နှုန်း၊ သိန်း ၁၀၀၀ မှ သိန်း ၃၀၀၀ အတွင်း ၁၀ ရာခိုင်နှုန်း၊ သိန်း ၃၀၀၀ မှ သိန်း ၃၀၀၀၀ အတွင်း ၂၀ ရာခိုင်နှုန်း၊ သိန်း ၃၀၀၀၀ နှင့်အထက်ကို ၃၀ ရာခိုင်နှုန်း အခွန်စည်းကြပ် ကောက်ခံရန် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းကို အတည်ပြုခဲ့သည်။
ထိုစဉ်က တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက အခွန်စနစ် ပြင်ပတွင် ရှိနေ သည့် လုပ်ငန်းများကို လွတ်မြဲ မလွတ်နေစေရန် ဥပဒေနှင့်အညီ စီမံကြပ်မတ်သင့်သလို အခွန်နှုန်းထား လျှော့ချပေးလိုက်ခြင်း ကြောင့် ငွေကြေးခဝါချမှုကို အားပေးသလို ဖြစ်သွားနိုင်သည့်အတွက်ဟုဆိုကာ လွှတ်တော်တွင် အပြင်းအထန် ကန့်ကွက် ခဲ့ကြသည်။
ယခုအခါ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီက ၂၀၂၀ ပြည်ထောင်စု အခွန်အကောက် ဥပဒေပါ လျှော့ချသတ်မှတ်ပေးထားသော ဝင်ငွေခွန်နှုန်းထားများထက်ပင် လျှော့ချ သတ်မှတ်ပေးလိုက်ခြင်း ဖြစ်သည်။
လက်ရှိ စစ်ကောင်စီ အခြေအနေမှာ အများပြည်သူများ၏ အခွန်မဆောင်သည့် သပိတ်မှောက် ဆန့်ကျင်မှုများ ကြုံ တွေ့နေရပြီး အခွန် အဓိက ရနေသည့် ကဏ္ဍတခုဖြစ်သော အစိုးရထီပင်လျှင် ရောင်းချနိုင်မှု မရှိသလောက် ဖြစ်နေရာ အခွန်ဝင်ငွေ ရရှိအောင် ကြိုးပမ်းမှုတခု ဖြစ်နိုင်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူတဦးက ပြောသည်။
၎င်းက “ ဒီအခြေအနေတွေက သူတို့အတွက် ဘတ်ဂျက်ရရှိရေး အကျပ်ရိုက်နေတဲ့ သဘောမျိုးလို့လည်း ပြောလို့ရတာပေါ့” ဟု ဆိုသည်။
တဖက်တွင်လည်း ပြည်တွင်းဘဏ်လုပ်ငန်း အကျပ်အတည်းများကြောင့် ပြည်သူများ ငွေသားရရှိမှု အခက်အခဲ ကြုံတွေ့ လာရခြင်းနှင့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာခြင်းတို့ကြောင့် ရွှေ၊ အမေရိကန်ဒေါ်လာနှင့် အိမ်ခြံမြေ ဈေးကွက်များသို့ ၎င်းတို့၏ ဘဏ်အပ်ငွေများကို ပြောင်းလဲရင်းနှီးမြှုပ်နှံလျက်ရှိရာ ဝင်ငွေခွန်နှုန်းထား လျှော့ချပေးလိုက်မှုကြောင့် အိမ်ခြံမြေ နှင့် မော်တော် ယာဉ်ဈေးကွက်တွင် အရောင်းအဝယ် မြင့်တက်လာနိုင်သည်ဟူသော ခန့်မှန်းမှုများလည်း ရှိနေသည်။
ဝင်ငွေနှုန်းထား လျှော့ချသတ်မှတ်ပေးလိုက်ခြင်းကြောင့် ကျပ်သိန်း ၁၀၀၀ အောက်နှင့် ကျပ်သိန်း ၅၀၀၀ အတွင်းရှိ တန်ဖိုး သင့် အိမ်ခြံမြေများအပေါ် အကျိုးသက်ရောက်မှု ပိုဖြစ်လာနိုင်ပြီး အရောင်းအဝယ် ပြန်ဖြစ်လာနိုင်သည့် အခြေအနေရှိ ကြောင်း အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်နေသော Real Estate ကုမ္ပဏီ၏ လုပ်ငန်းရှင်က ဧရာဝတီကို ပြောသည်။
“တချို့ကလည်း အခွန်သက်သာမယ်ဆိုတော့ ဒီအချိန်မှာ ဝယ်ထားလို့ရှိရင် အခွန်သက်သက်သာသာ အဆင်ပြေမယ်ဆို ပြီး တွေးကြမယ့် သဘောရှိတော့ အရောင်းအဝယ်လေးကတော့ အနည်းငယ် ပြန်ဖြစ်လာနိုင်တဲ့ သဘောရှိတယ်။ အခွန် နှုန်းထား သက်သာတာက အရမ်းကြီး တန်ဖိုးကြီးတာတွေ မပါတော့ ကျပ် သိန်း ၄/၅ သောင်း အိမ်ခြံမြေတွေက ပုံမှန် လောက်ပဲ ဖြစ်မှာပေါ့” ဟု ၎င်းက ပြောဆိုသည်။
ပြည်ထောင်စု အခွန်အကောက် ဥပဒေ၏ ပုဒ်မ ၂၅ (က) တွင် ဝင်ငွေခွန် ဥပဒေပုဒ်မ ၆ နှင့် ၆-က တို့အရ သက်သာခွင့် များ မနုတ်မီ စည်းကြပ်မှုမှ ကင်းလွတ်နေသော ဝင်ငွေအပေါ် ၃၀ ရာခိုင်နှုန်းဖြင့် ဝင်ငွေခွန် စည်းကြပ်ရမည်။
သို့ရာတွင် နိုင်ငံသား မည်သူမဆို အခြေပစ္စည်း တရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်း အသစ် တည်ထောင်ခြင်း၊ လုပ်ငန်းအသစ် ထပ်မံတိုးချဲ့ ဆောင်ရွက်ခြင်းတို့အတွက် အသုံးပြုမည့် ဝင်ငွေမှ ဝင်ငွေရလမ်း တင်ပြနိုင် ခြင်းမရှိပါက အသုံးပြုသည့် ဝင်ငွေအပေါ်တွင်လည်းကောင်း ဖော်ပြပါအခွန်နှုန်းအတိုင်း ဝင်ငွေခွန် စည်းကြပ်ရမည်ဟု ဖော်ပြထားသည်။
ထို့ပြင် အသုံးပြုသည့် ဝင်ငွေအားလုံးအပေါ် ဝင်ငွေရလမ်း အတိအကျ တင်ပြနိုင်ပါက ဝင်ငွေခွန် ထမ်းဆောင်ရန် မလို ကြောင်းနှင့် ယခုပုဒ်မအရ အခွန်းစည်းကြပ်ခြင်းသည်လည်း တရားမဝင်ရရှိသည့် ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်း တို့နှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူသည့် ကိစ္စများနှင့် သက်ဆိုင်ခြင်းမရှိစေရဟု ဖော်ပြထားသည်။
You may also like these stories:
စစ်ရှောင်များအတွက် ရိက္ခာနှင့် ဆေးဝါးများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
စပ်တပ်၏ သတ်ဖြတ်မှုကြောင့် ရက် ၁၀၀ ကျော်အတွင်း လူပေါင်း ၉၀၀ နီးပါး သေဆုံး