ရန်ကုန်တိုင်း၊ တာမွေမြို့နယ် သီတာလမ်းမှတ်တိုင်အနီး ဗညားဒလလမ်းပေါ်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ရုံးရှေ့တွင် ရပ်ထားသည့် စစ်ကား ၁ စီး ဗုံးထိမှန်ပြီး ကားတစီးလုံး မီးလောင်ကျွမ်းကာ သေဆုံးမှုများရှိကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရသည်။
ယနေ့ (ဇွန် ၁၈ ရက်) မွန်းလွဲ ၃ နာရီခန့်က ဖြစ်ပွားခဲ့သည့် အဆိုပါ ပေါက်ကွဲမှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ သေဆုံး၊ ဒဏ်ရာ ရရှိမှုများရှိနေပြီး လက်ရှိ အချိန်အထိ သေဆုံးသူ ၁ ဦးနှင့် ဒဏ်ရာရရှိသူ ၃ ဦးနှင့်အထက် ရှိကြောင်း မျက်မြင်တွေ့ ရသူတဦးက ဆိုသည်။
၎င်းက “ပေါက်ကွဲသံနဲ့ ဟုန်းခနဲဆိုပြီး မီးတောက်ရော၊ မီးခိုးလုံးတွေရော တက်လာတာ။ လူနာတင်ယာဉ်တွေက လေး စီးလောက်ရှိမယ်။ တစီးလုံး မီးလောင်သွားလို့ မီးသတ်ကားတွေပါ ရောက်လာတယ်” ဟု ပြောသည်။
ယင်းပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့် ပါဝင်သော စစ်ကား ၁ စီးသည် နေ့စဉ် ရပ်နား ထားလေ့ရှိပြီး ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၆ ဦးထက်မနည်း ရှိနိုင်သည်ဟုလည်း ဒေသခံတချို့က ဆိုသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာပေါ် ပြန့်လာသည့် စစ်ကောင်စီဘက်မှ ထုတ်ပြန်ချက်အရ ဒုရဲအုပ် ၁ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကာ ၃ ဦးမှာ စိုးရိမ်ရကြောင်း သိရသည်။
၁၄၇ လမ်း ပေါက်ကွဲမှုနှင့် ရှေ့ဆင့်နောက်ဆင့်ပင် တာမွေဗလီ မှတ်တိုင်အနီး အငှားယာဉ် ၁ စီးပေါ်တွင်လည်း ဗုံးပေါက်ကွဲ ခဲ့မှုကြောင့် အမျိုးသား ၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာ ရရှိထားကြောင်း သိရသည်။
You may also like these stories:
စစ်ကောင်စီတပ်က ဓားပြလုပ်ရပ်များ ကျူးလွန်နေ
ဒီးမော့ဆို ငွေတောင်ကျေးရွာရှိ အိမ်နှင့်ဆိုင်ခန်းများ ဖောက်ထွင်းဖျက်ဆီးခံရ
အလောင်း မကောက်နိုင်တော့သည်အထိ စစ်တပ် အခြေအနေဆိုး