ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်း တခုတည်း၌ ကိုဗစ်ကူးစက်ခံရသူ ၃၀၀ ကျော်အထိ ရှိလာပြီးနောက် တနိုင်ငံလုံး အတိုင်းအတာတွင် ရန်ကုန်မြို့သည် ကိုဗစ်ဖြစ်ပွားမှုနှုန်း မြင့်လာနေ သည်။
ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက “ရန်ကုန်တိုင်းကတော့ ဒီ ၂ ပတ်အတွင်းမှာ ဆိုရင် ဖြစ်ပွားမှုက ၆၀၀ ကျော် ရှိပါတယ်။ ရန်ကုန် လှည်းကူး ဖြစ်ပွားမှုမှာဆိုရင် ဒီ ၂ ပတ်အတွင်းမှာ ၃၅၀ ဖြစ်တဲ့ အတွက် ကြောင့် ရန်ကုန်တိုင်းရဲ့ data (အချက်လက်)က များနေရခြင်း ဖြစ်ပါတယ်။ ထပ်ထွက်တာကလည်း မဟော်သဓာကျောင်း ကပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
ဇွန် ၉ ရက်တွင် ကိုဗစ်ကူးစက်မှု စတင်တွေ့ရှိခဲ့သည့် အဆိုပါ မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်း၌ ဇွန် ၁၆ ရက် နေ့အထိ ကိုဗစ်ကူးစက်ခံရသူ ၃၅၀ ဦး အထိရှိလာကြောင်း စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးနှင့် အားကစား ဝန် ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
မဟော်သဓာကျောင်းမှ ကျောင်းသူတဦး အနံ့ပျောက်ရာကစပြီး ကူးစက်မှုများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ အစောပိုင်းတွေ့ ရှိသူ ၄ ဦးကို စစ်ဆေးပြီးနောက် ဇွန် ၁၃ ရက်နေ့ထိ ထုတ်ပြန်မှုတွင် ၂၄၆ ဦး ထပ်မံတိုးလာကာ ၁၆ ရက်နေ့တွင်မူ ၁၀၀ ဦး ထပ်မံ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကျောင်းမှ ပိုးတွေ့ရှိသည့် ဆရာမ ၁ ဦးမှာလည်း လှိုင်သာယာဆေးရုံတွင် ကုသမှုခံယူနေစဉ် သေဆုံးခဲ့ရသည်။
ဒေါက်တာခင်ခင်ကြီးက “ထိတွေ့မှုရှိတဲ့ contact တွေကို RDT နဲ့ စစ်တာမျိုးတွေ PCR နဲ့ စစ်တာမျိုးတွေ ဆောင်ရွက်နေပါ တယ်။ အဲဒီလို စစ်တဲ့အတွက် အယောက် ၁၀၀ ထပ်ထွက်တာ ဖြစ်ပါတယ်။ အဲဒီအယောက် ၁၀၀ ထပ်ထွက်တာကိုလည်း သူ့ရဲ့ ရောဂါလက္ခဏာပေါ် မူတည်ပြီး ကုသမှုပေးသွားမှာ ဖြစ်ပါတယ်။ တချို့တွေကျောင်းမှာ အပြင်ကနေ စာလာသင်တာမျိုး လည်း ရှိတယ်။ သူတို့ရဲ့ မိသားစုဝင်တွေ၊ သူတို့ရဲ့ contact tracing သေချာ လိုက်ပါဆောင်ရွက်နေပါတယ်။ ဒီလိုနည်း အားဖြင့် ကူးစက်မှုသံသရာကို ဖြတ်တောက်ဖို့ ရည်ရွယ်ပါတယ်” ဟု ပြောဆိုသည်။
မြန်မာနိုင်ငံ၌ မေ ၂၇ ရက်မှစ၍ ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်နေခြင်းဖြစ်ပြီး လက်ရှိ အချိန်အထိ ရောဂါကာကွယ် ထိန်းချုပ်နိုင်သည့် အဆင့်တွင် ရှိနေသေးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုထားသည်။
ပြီးခဲ့သည့် ဇွန်လ သီတင်းပတ် ၂ ပတ်အတွင်း စစ်ကိုင်းတိုင်းသည် ကိုဗစ်ပိုးတွေ့ရှိသူ ၈၀၀ ကျော်ဖြင့် ဖြစ်ပွားမှုအများဆုံး ဖြစ်နေပြီး ရန်ကုန်တိုင်းတွင် ၆၀၀ ကျော်ဖြင့် ဒုတိယအများဆုံး၊ ချင်းပြည်နယ်တွင် ၅၀၀ ကျော်ဖြင့် တတိယအများဆုံး ဖြစ် ပွားနေသည်။
စစ်ကောင်စီသည် Stay At Home သတ်မှတ်ထားသည့် စစ်ကိုင်းတိုင်း အတွင်းရှိ တမူး၊ ကလေးမြို့နယ်နှင့် ချင်းပြည်နယ် အတွင်းရှိ တွန်းဇံ၊ ဟားခါး၊ ထန်တလန်၊ ဖလမ်းနှင့် တီးတိန် မြို့နယ်တို့ရှိ စာသင်ကျောင်းများကို ဇွန်လ ၇ ရက်မှ စတင်ပြီး ပိတ်ထားလိုက်ပြီ ဖြစ်သည်။
ပဲခူးတိုင်း လက်ပံတန်းမြို့နယ်တွင်လည်း ကိုဗစ်ကူးစက်မှုများ ဖြစ်ပေါ်နေသည့်အတွက် ဇွန် ၁၄ ရက်နေ့မှ စတင်ကာ ယင်းမြို့နယ်အတွင်းအရှိ အခြေခံပညာကျောင်းများ အားလုံးကို ပိတ်သိမ်းခဲ့သလို ယနေ့ (ဇွန် ၁၈ ရက်) ညတွင်လည်း Stay At Home သတ်မှတ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာခဲ့သည်။
ထိုကဲ့သို့ နိုင်ငံတွင်း ကိုဗစ်ဖြစ်ပွားမှု မြင့်တက်နေသော်လည်း စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးစနစ်ကို အယုံ အကြည်မရှိသည့် ပြည်သူလူထုက ကိုဗစ်ရောဂါပိုး စစ်ဆေးခြင်း၊ ကုသခြင်းများကို ပြုလုပ်ရန် တွန့်ဆုတ်နေကြကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းမှ သိရသည်။
ဆရာဝန်တဦးက “မစစ်ချင်ကြဘူးဆိုတာက စစ်မယ်ဆို အဖြေထွက်လာရင် ဘယ်ရောက်လို့ ရောက်မယ်မသိ ဖြစ်နေကြ တာပေါ့။ ဖောင်ကြီးဆိုလည်း မသွားချင်ကြဘူး။ အိမ်မှာပဲနေပြီး ရသလောက်ပဲ ဆေးသောက်ချင်ကြတယ်” ဟု ဆိုသည်။
ကိုဗစ်ကူးစက်မှုများ ပိုမိုမပြန့်ပွားစေရန်အတွက် ပြည်သူများအနေဖြင့် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ သတိပြုနေထိုင် သင့်ကြောင်း ၎င်းက အကြံပြုပြောဆိုသည်။
အာဏာသိမ်း စစ်ကောင်စီက ကိုဗစ်ကာကွယ်ဆေးထိုးခြင်းနှင့် စစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နေ သော်လည်း ယင်းလုပ်ငန်းစဉ်တွင် ပြည်သူလူထုအများစုက ပူးပေါင်းပါဝင်ခြင်း မရှိသလို အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်သည့် ကျန်းမာရေး ဝန်ထမ်းများကလည်း လုပ်ငန်းခွင် ပြန်ဝင်ခြင်း မရှိသေးပေ။
CDM တွင် ပါဝင်နေသည့် ဆရာဝန်နှင့် သူနာပြုများကို စစ်ကောင်စီက ဖမ်းဆီးမှုများ ရှိနေသလို ဆေးကုသခွင့် လက်မှတ် ပြန်သိမ်းခြင်းများလည်း ပြုလုပ်လျက် ရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၂၀ မတ် ၂၃ ရက်မှ ၂၀၂၁ ဇွန်လ ၁၇ ရက်အထိ COVID-19 ရောဂါ ဓာတ်ခွဲနမူနာ စစ်ဆေးသူ ၂,၆၆၁,၉၈၄ အနက်မှ အတည်ပြုလူနာ ၁၄၆,၇၆၈ ဦးရှိပြီး သေဆုံးသူ ၃,၂၅၀ ဦးနှင့် ဆေးရုံဆင်းခွင့်ရရှိသူ ၁၃၃,၃၄၆ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
စစ်အာဏာသိမ်းမှု အကျိုးဆက်ကြောင့် အလုပ်လက်မဲ့ဦးရေ ၁၀ သန်း ကျော်ထိ ရှိလာနိုင်
အာဏာသိမ်းပြီးနောက် သီလဝါအထူးစီးပွားရေးဇုန်၌ ယာယီရပ်ဆိုင်းသည့် စက်ရုံ ၃၀ နီးပါးရှိလာ
မြန်မာ့အထည်ချုပ်လုပ်ငန်းများသို့ နာမည်ကျော် ကုမ္ပဏီများ အပ်ထည်အော်ဒါ မှာယူရန် ပြင်ဆင်