သတင်း

မော်လမြိုင်တွင် လူငယ်၂ ဦး စစ်ကောင်စီတပ် ပစ်ခတ်၍ သေဆုံး

Want create site? Find Free WordPress Themes and plugins.

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှ ဘီလူးကျွန်းမြို့သို့ သွားသည့်လမ်းမပေါ်တွင် ဆိုင်ကယ်စီးလာသည့် လူငယ် ၂ ဦး ကို စစ်ကောင်စီ တပ်ဖွဲ့ဝင် ရဲများက သေနတ်ဖြင့် ပစ်ခတ်၍ သေဆုံးသွားကြောင်း မော်လမြိုင် လူမှုကယ်ဆယ် ရေး အဖွဲ့တခုက ပြောသည်။

ဇွန်လ ၂၀ ရက် ည ၉ နာရီအချိန်က ရဲတပ်ဖွဲ့ဝင် ၄၀ ကျော်က မောင်ငံရပ်ကွက်ရှိ ကျောက်မီးသွေးရုံ မီးပွိုင့် ထောင့်တွင် စစ်ဆေးမှုများ လုပ်နေစဉ် လူငယ် ၂ ဦးအား သေနတ်ပါသည် ဟူသည့် စွပ်စွဲချက်ဖြင့် ပစ်သတ် ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မော်လမြိုင် လူမှုကယ်ဆယ်ရေး အဖွဲ့ဝင်တဦးက “သေနတ်မိတယ်လို့ ရဲတွေက ပြောတယ်။ ကျနော်တို့ ရောက် တယ်။ ရောက်တာနဲ့ လူနာတောင် မကိုင်ရဘူး။ နောက်မှ ပေးကိုင်တယ်။ ကျနော်တို့ဘာသာ ဘာတခုမှ ပေးမ လုပ်ဘူး။ သယ်ဖို့ လုပ်တဲ့အချိန်မှာ ချက်ချင်း ပေးမသယ်ဘူး။ သူတို့ စစ်ဆေးတယ်။ တင်လို့ရပြီဆိုမှ တင်တယ်။ ဓာတ်ပုံ ရိုက်ခွင့်တောင် မရှိဘူး” ဟု ပြောသည်။

အဆိုပါ သေဆုံးသွားသည့် အမျိုးသား ၂ ဦးမှာ အသက် ၂၀ ကျော်အရွယ်ရှိပြီး ၂ ဦးစလုံး ရင်ဘတ် သေနတ် ကျည်မှန် ဒဏ်ရာဖြင့် နေရာတွင်ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မော်လမြိုင် ဆေးရုံကြီးရဲ့ ရင်ခွဲရုံ ပို့လိုက်တယ်။ မိသားစုဝင်တွေကို အကြောင်းကြားထားလို့ အလောင်း သွား ထုတ်ပြီး ဒီနေ့ သဂြိုဟ်လိုက်ပါတယ်။ တယောက်က ပွဲချင်းပြီး ဆုံးသွားတာ။ တယောက်က ၅ မိနစ်လောက်မှာ ဆုံးသွားတာ” ဟု ကယ်ဆယ်ရေးအဖွဲ့ဝင်က ပြောသည်။

မော်လမြိုင် ဒေသခံများကမူ အဆိုပါ လူငယ် ၂ ဦးအား ဆိုင်ကယ် မရပ်ပေးခြင်းကြောင့် သေနတ်ဖြင့် ပစ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။

သေဆုံးသွားသည့် လူငယ် ၂ ဦးမှာ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အဘစ်ကျေးရွာမှ ကိုမိုးဇော်ဦးနှင့် ကိုဇော် မင်းဦးတို့ ဖြစ်ကြောင်း သိရသည်။

၎င်းတို့၏ ရုပ်အလောင်းများကို ယနေ့ နေ့လယ်ပိုင်းတွင် ချောင်းဆုံမြို့နယ် အဘစ်ကျေးရွာ သုဿာန်တွင် သဂြိုဟ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီမှ မော်လမြိုင်မြို့ကို ည ၁၀ နာရီမှ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့် ထုတ်ပြန် ထားပြီး မြို့ပေါ်ရပ်ကွက်အချို့မှာ ပိတ်ဆို့ စစ်ဆေးမှုများ နေ့စဉ် ပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုကြ သည်။

You may also like these stories:

တာမွေတွင် စစ်ကား ဗုံးကွဲမီးလောင်မှု သေဆုံးသူများရှိ

မြင်းခြံမှ NLD အမာခံထောက်ခံသူ ၂ ဦး စစ်ကြောရေးတွင် သေဆုံး

စစ်ကောင်စီက ဖမ်းဆီးထားစဉ် ညှင်းဆဲသတ်ဖြတ်ခံရသူများ

Did you find apk for android? You can find new Free Android Games and apps.
Loading