အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတကာ လုံခြုံရေးဆိုင်ရာ ညီလာခံ တက်ရန် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးပြောရေး ဆိုခွင့်ရှိသူတဦးက မေလ ၂၁ ရက်တွင် ရုရှားနိုင်ငံပိုင် RIA Novosti သတင်းဌာနသို့ ပြောထားသည်။
ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုဂု၏ ဖိတ်ကြားချက်အရ ဇွန် ၂၀ ရက်တွင် ရုရှားသို့ သွားရောက်ခြင်း ဖြစ်ကြောင်း အာဏာသိမ်းစစ်တပ် ထိန်းချုပ်မှုအောက်က မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား (MRTV) ကလည်း သတင်း ထုတ်ပြန်ထားသည်။
ခရီးစဉ်အတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ စစ်ကောင်စီ တွဲဖက်အတွင်း ရေးမှူး ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေး ဦးစီးချုပ် ( ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဒုဝန်ကြီး ဦးသန်းအောင်ကျော်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရုားနိုင်ငံစစ်သံမှူး Colonel Sergei Kurchenko တို့ ပါသွားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
သို့သော်လည်း စစ်ကောင်စီ ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဆွေးနွေးပွဲတွင် မည်သည့် အကြောင်း အရာများ ဆွေးနွေးရန် ပြင်ဆင်လာပြီး ဆွေးနွေးပွဲပြင်ပတွင် မည်သည့်အဖွဲ့များနှင့် တွေ့ဆုံရန် စီစဉ်ထားသည်ကိုမူ ထုတ်ပြန်ထားခြင်းမရှိသေးပေ။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ ခရီးစဉ်အတွင်း ရေတပ်ချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး မိုးအောင်သည် ရုရှားနိုင်ငံ စိန့်ပီတာစဘက်မြို့တွင် ကျင်းပမည့် နိုင်ငံတကာရေကြောင်းဆိုင်ရာ ကာကွယ်ရေးပြပွဲ (International Maritime Defence Show IMDS) သို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကမူ မော်စကိုတွင် ပြုလုပ်သည့် ဆွေးနွေးပွဲသည် ကာကွယ်ရေးဝန်ကြီးများ၏ အစည်းအဝေးဖြစ်သဖြင့် စစ်တပ်၏ အကြီးအကဲဖြစ်သည့် စစ်ကောင်စီဥက္ကဋ္ဌသည်လည်း ဆွေးနွေးပွဲသို့တက်ရောက်ခြင်း ဖြစ်ကြောင်း သုံးသပ်သည်။
စစ်ကောင်စီသည် အနောက်နိုင်ငံများ၏ ထောက်ခံမှု မရသဖြင့် ၎င်းတို့နှင့် အခြေအနေတူသည့် အင်အားကြီးနိုင်ငံ၏ ထောက်ခံမှုရရန် ရုရှားသို့သွားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဒေါက်တာလှကျော်ဇော က “သူတို့ဘက်ကလည်း စိတ်ဓာတ်အင်အားအရပေါ့။ ဒီ (ပြည်သူ) ဘက်က အမေရိကန်တို့ ဘာတို့အားပေးနေတဲ့အခါမှာ ရုရှားက သူ့ကို ကောင်းကောင်းမွန်မွန်ဧည့်ခံလိုက်တာမျိုးတွေ၊ နောက်ပြီး အဲဒီမှာလည်းသူက အင်တာဗျူးတွေဘာတွေ ပေးကောင်းပေးနိုင်တယ်လေ။ ဘယ်လိုခေါ်မလဲ။ ဒါက နိုင်ငံတကာစင်မြင့်မှာ ရတဲ့နေရာလေးပေါ့။ အဲဒါလေးကို စစ်ကောင်စီက ကောင်းကောင်းအသုံးချမှာပဲ” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက အစိုးရတရပ်သည် ပြည်သူကိုသာ အားကိုးသင့်ပြီး အင်အားကြီးနိုင်ငံများအား အားကိုးနေခြင်းသည် ပြည်တွင်းနိုင်ငံရေးအကြပ်အတည်းအား ပြေလည်စေမည် မဟုတ်ကြောင်း မှတ်ချက်ပေးသည်။
မော်စကို ခရီးစဉ်သည် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်း စစ်ခေါင်းဆောင် ကိုယ်တိုင် ပြည်ပသို့ ထွက်ခွာသည့် ဒုတိယမြောက် ခရီးစဉ်လည်း ဖြစ်သကဲ့သို့ စစ်ကောင်စီ၏ နိုင်ငံခြားစီးပွားဆက်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်တန်း ခေါင်းဆောင်များ ပထမဆုံး ပါဝင်သည့် ခရီးစဉ်လည်း ဖြစ်သည်။
ယခုခရီးစဉ်မတိုင်မီက စစ်ကောင်စီဥက္ကဋ္ဌသည် မြန်မာအရေး အာဆီယံ ဆွေးနွေးပွဲတက်ရန် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့သို့ ဧပြီလအတွင်း ခရီးထွက်ခဲ့သေးသည်။
ရုရှားအစိုးရက နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံ (MCIS-2021) ကို မေလ ၂၂ ရက်မှ ဇွန် ၂၄ ရက်အထိ ကျင်းပရန် ပြင်ဆင်ထားပြီး နိုင်ငံပေါင်း ၁၁၉ နိုင်ငံမှ ကာကွယ်ရေးဝန်ကြီးများအား ဆွေးနွေးပွဲသို့ တက်ရန် ဖိတ်ကြားထားသည်။
ဆွေးနွေးပွဲ၌ လက်ရှိ ဥရောပ၊ အာဖရိက၊ အာရှ – ပစိဖိတ်ဒေသ၊ လက်တင်အမေရိကနှင့် အရှေ့အလယ်ပိုင်းဒေသများ၌ မဟာ ဗျူဟာမြောက် တည်ငြိမ်မှု၊ ကမ္ဘာနှင့် ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးကြမည်ဟု ရုရှားကာကွယ်ရေး ဝန်ကြီးက ပြောထားသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်ကောင်စီနှင့် ရုရှားအစိုးရကြား ကာကွယ်ရေးကဏ္ဍနှင့် စီးပွားရေး ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ခပ်စိတ်စိတ် မြင်တွေ့လာရသည်။
ပြီးခဲ့သည့် ဇွန်လ ၉ ရက်ကလည်း ရုရှား- မြန်မာ အစိုးရချင်း ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းမှုဆိုင်ရာ ပူးတွဲကော်မရှင် အစည်းအဝေးတရပ် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံသို့ ရုရှား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံ ခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနက ဖိတ်ခေါ်ခဲ့သည်။
ရုရှား ရင်းနှီးမြှုပ်နှံသူများအနေနှင့် မြန်မာနိုင်ငံတွင် ကျန်းမာရေး၊ ပညာရေး၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်း ပညာ (ICT) ၊ စွမ်းအင်နှင့် အခြေခံ အဆောက်အအုံကဏ္ဍများတွင် ဝင်ရောက် လုပ်ကိုင်ရန် စိတ်ဝင်စားနေကြောင်း ရင်းနှီးမြှုပ် နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝါဝါမောင်က ဧရာဝတီသို့ ပြောသည်။
ရုရှားဘက်က ရာခိုင်နှုန်းပြည့် ရင်းနှီးမြှုပ်နှံခြင်းထက် မြန်မာနှင့် ဖက်စပ်လုပ်ကိုင်ရန် စိတ်ဝင်စားနေကြောင်း၊ မြန်မာနိုင်ငံတွင် ရုရှား၏ လက်ရှိ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန် ဒေါ်လာ ၉၄ သန်း ရှိကြောင်း ၎င်းက ပြောသည်။
ကာကွယ်ရေး ကဏ္ဍဘက်တွင်လည်း ပြီးခဲ့သည့် မေလ ၂၀ ရက်က မြန်မာလေတပ် ဗိုလ်ချုပ်ကြီးမောင်မောင်ကျော် ဦးဆောင် သည့် စစ်ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့သို့ သွားရောက်ကာ ရုရှား၏ အကြီးဆုံး ရဟတ်ယာဉ်ပြပွဲ (Heli Russia)သို့ တက်ရောက်ခဲ့သေးသည်။
ရဟတ်ယာဉ်ပြပွဲသို့ တက်ရောက်ခဲ့သူများထဲတွင် မြန်မာစစ်တပ်နှင့် နီးစပ်သည့် ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင် ဦးတေဇ လည်း ပါဝင်ပြီး စစ်လက်နက်ပစ္စည်း ဝယ်ယူရေး အပါအဝင် စီမံကိန်းကြီး ၂၀ ကျော် ရုရှားအရာရှိများနှင့် ဆွေးနွေးခဲ့ဖွယ် ရှိကြောင်း ဧရာဝတီက စုံစမ်းသိရသည်။
တရုတ်ပြီးလျှင် ရုရှားသည် မြန်မာနိုင်ငံသို့ လက်နက် တင်ပို့မှု ဒုတိယအများဆုံး နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်တပ် အာ ဏာမသိမ်းမီ ဇန်နဝါရီလ ၂၁ရက်ကလည်း ရုရှားကာကွယ်ရေး ဝန်ကြီး ဆာဂျီ ရှိုဂုသည် နေပြည်တော်သို့ လာရောက်ကာ ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။
ယင်းနောက် ဖေဖေါ်ဝါရီလ ၁ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရ ထံမှ စစ်တပ်က အာဏာသိမ်းခဲ့ သည်ဖြစ်ရာ မြန်မာလူထုက အာဏာသိမ်းမှုအနောက်တွင် ရုရှား၏ ထောက်ခံအားပေးမှု ကြီးကြီးမားမား ရှိနေသည်ဟု ယူဆ ထားကြသည်။
You may also like these stories:
လက်နက်ရောင်းသည့် ရုရှားနှင့် စီးပွားရေး ပူပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် စစ်ကောင်စီ ကြိုးပမ်းနေ
စစ်ကောင်စီ၏ ရုရှားခရီးစဉ်တွင် လက်နက်ပွဲစား ဦးတေဇ လိုက်ပါသွား
လေကြောင်းရန် ကာကွယ်ရေး စက်လက်နက်များ ရုရှားက မြန်မာကို ရောင်းချပေးမည်