ပြည်သူများ ကျန်းမာကြပါစေကြောင်း ၇၆ နှစ်မြောက်မွေးနေ့ဆုတောင်းအဖြစ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ဆုတောင်းပေးခဲ့ကြောင်း ရှေ့နေဖြစ်သူ ရှေ့နေများကပြောသည်။
ဇွန် ၁၉ ရက်နေ့က ကျရောက်ခဲ့သည့် သူမ၏မွေးနေ့တွင် ပြည်သူများက ပန်းသပိတ်များ ပြုလုပ်ကာ အကျယ်ချုပ် ထိန်းသိမ်းခံထားရသည့် သူမ ကျန်းမာပါစေကြောင်းနှင့် အမြန်ဆုံးပြန်လည် လွတ်မြောက်ပါစေကြောင်း ဆုတောင်းပေး ခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်က တုန့်ပြန်ခဲ့ကြောင်း ရှေ့နေဖြစ်သူ ဒေါ်မင်းမင်းစိုးက “မွေးနေ့ဆုတောင်းပေးတဲ့ ပြည်သူအားလုံးကို ကျေးဇူးတင်ပါတယ်၊ ကျန်းမာပါစေလို့လည်း ဆုတောင်းပေးပါတယ်” ဟု ပြောပြသည်။
မွေးနေ့အထိမ်းအမှတ်အနေဖြင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေအဖွဲ့အား ချောကလတ်ကျွေး ခဲ့ကြောင်းလည်း သိရသည်။
အာဏာသိမ်းစစ်ကောင်စီလက်အောက် နေအိမ်အကျယ်ချုပ်နဲ့ ၇၆ နှစ်မြောက် မွေးနေ့ကို ဖြတ်သန်းခဲ့ရသည့် ဒေါ် အောင်ဆန်းစုကြည်အတွက် မနက်ဖြန်မှာ မွေးနေ့ကိတ်ပေးဖို့ ရှေ့နေအဖွဲ့က စီစဉ်ထားကြောင်းလည်း သိရသည်။
မနက်ဖြန်ရုံးချိန် တရားခွင်မစတင်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင်တို့ ၃ ဦးစလုံး ရှေ့နေအဖွဲ့နှင့်တပြိုင်တည်း တွေ့ဆုံခွင့်ရမည်ဖြစ်သည့်အတွက် မွေးနေ့ကိတ်ပေးရန် ရှိနေသည်။
အမှုစစ်ဆေးမှုအနေဖြင့် ယနေ့ရုံးချိန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦး ဝင်းမြင့်တို့အား ရုံးထုတ်ခဲ့ပြီး ၎င်းတို့အပေါ် တရားစွဲဆိုထားသည့်အမှုများအတွက် တရားလိုပြသက်သေများအား အပြန်အလှန် စစ်မေးခဲ့သည်။
မနက်ပိုင်း စစ်ဆေးရာတွင် ဦးဝင်းမြင့်အပေါ် သဘာဝဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ ဖြင့် စွဲဆို ထားမှုမှ တရားလိုပြသက်သေ ဒုရဲအုပ်လှိုင်ဝင်းနှင့် ဇေယျသိဒ္ဒိရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်တို့အား စစ်ဆေးခဲ့သည်။
ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲထားသည့် သဘာဝဘေးအန္တရာဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ အမှုမှ တရားလိုပြသက်သေ ဒုရဲအုပ်လှိုင်ဝင်း၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နှင့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ တို့အမှုမှ တရားလိုပြသက်သေ ဗိုလ်ကြီး အာကာမင်းနိုင် အား စစ်ဆေးခဲ့သည်။
၎င်းတို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုထားမှုအတွက် မနက်ဖြန်ရုံးချိန်းတွင် ဒေါ်အောင် ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်တို့အား ရုံးထုတ်ကာ တရားလိုပြ သက်သေများအား စစ်ဆေးမည်ဖြစ်သည်။
ပြီးခဲ့သည့်အပတ် ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်ထံ ပိုက်ဆံပို့ပေးခွင့် မရသည့်ကိစ္စနှင့် ပတ်သက်၍လည်း ညှိနှိုင်းပြောဆိုမှုများရှိကြောင်းနှင့် ပို့ပေးခွင့်ရမရ မသိရသေးကြောင်းလည်း ရှေ့နေများကပြောသည်။
You may also like these stories:
အသက်ရာကျော် ရှည်ပါစေ၊ ကျန်းမာပါစေ
ဒေါ်အောင်ဆန်းစုကြည်အတွက် အနုပညာရှင်များရဲ့ မွေးနေ့ဆုတောင်း
ရွေးကောက်ပွဲ တရားမဝင် အနိုင်ရရန် စစ်ကောင်စီကြံစည်နေဟု NLD သတိပေး