ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ထီးပို့ကလိုး ကျေးရွာအုပ်စုအတွင်းသို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာသဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင် ဒုက္ခသည် နှစ်သောင်းခန့် ထွက်ပြေးနေရကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင်များကို ကူညီနေသည့် အရပ်ဘက်အဖွဲ့အစည်းများ အဆိုအရ သိရသည်။
ထီးပို့ကလိုးကျေးရွာသည် ဒီးမော့ဆိုမြို့ အရှေ့ဘက်ခြမ်းတွင်ရှိပြီး မေ ၂၁ ရက်မှ ဇွန် ၁၂ ရက် အတွင်း ဒီးမော့ဆို ပြည်သူ့ ကာကွယ်ရေးတပ် (PDF) နှင့် စစ်ကောင်စီ တပ်များကြား တိုက်ပွဲဖြစ်နေချိန်တွင် ထွက်ပြေးရ သည့် စစ်ဘေးရှောင် ဒုက္ခ သည်များကိုလည်း ခိုလှုံခွင့် ပေးထားသည့် ရွာ ဖြစ်သည်။
သို့သော် စစ်ကောင်စီတပ်များသည် ကယားပြည်နယ်တွင်းရှိ ကရင်နီ လက်နက်ကိုင် တပ်ဖွဲ့များနှင့် အပစ်ရပ်မည်ဟု ဇွန် ၁၅ ရက် တွင် သဘောတူထားပြီးနောက်တွင် ထီးပို့ကလိုး ကျေးရွာဘက်သို့ စစ်ကြောင်း ဝင်လာသဖြင့် ထိုရွာတွင် ရှိနေသည့် လူ ဦးရေ နှစ်သောင်းသည် ထွက်ပြေးကြခြင်း ဖြစ်သည်။
စစ်ဘေးရှောင် ဒုက္ခသည်များကို အကူအညီပေးနေသည့် အရပ်ဘက် အဖွဲ့အစည်းတခုမှ အမျိုးသမီးတဦးက “ကျမတို့ ကိုယ်တိုင်လည်း ထီးပို့ကလိုးကနေ ထွက်ပြေးလာရတာပါ။ ဇွန် ၁၉ ရက်မှာ သူတို့ စစ်ကြောင်းတွေက ဝင်လာပြီး ရွာထဲက ဝက်တွေ တောင်းတယ်။ ဒေသခံတွေက မပေးတော့ တကောင်ပေါ် လိုက်တာကို တဝက် ယူသွားတယ်။ သူတို့လာပြီဆို တော့ အကုန်လုံး ထွက်ပြေးကြတာ။ အခု ထီးပို့ကလိုးမှာ ရှိတဲ့ လူနှစ်သောင်းကျော်လုံး လုံးဝ မရှိတော့ဘူး” ဟု ပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် ထီးပို့လို့ကျေးရွာအတွင်း ဝင်လာစဉ်က စစ်ဘေးရှောင်ဒုက္ခသည်များကို နေရပ်ပြန်ကြရန်နှင့် ၎င်းတို့က အရပ်သားများကို အန္တရာယ်ပြုမည် မဟုတ်ကြောင်း ပြောသော်လည်း အရပ်သား နှစ်သောင်းကျော်သည် စစ် ကောင်စီ တပ်များနှင့်အတူ မနေရဲသဖြင့် လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့နှင့် အခြား ကျေးရွာများသို့ ထွက်ပြေးသွားကြခြင်း ဖြစ်သည်ဟု အဆိုပါ အမျိုးသမီးက ပြောသည်။
၎င်းက “ဆိုင်ကယ်ရှိတဲ့ လူက ဆိုင်ကယ်နဲ့ ကားရှိတဲ့ လူကလည်း လွိုင်ကော်ကို ကားနဲ့ ပြေးတယ်။ ခြေလျင်သမားက လည်း ခြေလျင်နဲ့ ပြေးကြတယ်။ တချို့ဆို လယ်လုပ်နေရင်းကနေ တခါတည်း အိမ်တောင် ပြန်မလာဘဲ တောထဲ ပြေးကြ ရတဲ့ အုပ်စုတွေလည်း ရှိတယ်။ ကျမတို့ဆို လမ်းအတိုင်း ထပြေးရတာ အခု ဖားဆောင်းမြို့နယ်ထဲထိ ရောက်အောင် ပြေး လာရတယ်” ဟု ပြောသည်။
ဒီးမော့ဆိုမြို့၏ အရှေ့ဘက်ခြမ်းတွင် ထီးပို့ကလိုးကျေးရွာအုပ်စု၊ ဒေါတမကြီး ကျေးရွာအုပ်စုနှင့် ဒေါဖူးကျေးရွာအုပ်စု ဟူ သည့် ကျေးရွာအုပ်စုများ ရှိသည်။
စစ်ကောင်စီတပ်များသည် ထီးပို့ကလို့ကျေးရွာအုပ်စုထဲကို ဝင်သွားပြီးနောက်တွင် ဒေါဖူးကျေးရွာအုပ်စုဘက်သို့လည်း စစ်ကြောင်းအချို့ ရောက်လာသည်ဟု ဒေသခံများထံက သိရသည်။
ကယားပြည်နယ်တွင်း စစ်ကောင်စီနှင့် တိုက်ခိုက်နေသည့် တိုက်ပွဲများကို ယာယီရပ်ဆိုင်းကာ တဖက်သတ် ထိုးစစ်ဆင်မှု များကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က ဇွန် ၁၅ ရက်တွင် ကြေညာ ထားသည်။
KNDF က အပစ်ရပ်ကြောင်း မထုတ်ပြန်ခင်က KNDF မှ အဖွဲ့ဝင်အချို့၊ ကရင်နီပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး (ကလလတ) ၊ ကယန်းပြည်သစ်ပါတီ၊ ကယောနီအဖွဲ့တို့က စစ်ကောင်စီနှင့် ညှိနှိုင်းကာ တလတာ အပစ်ရပ်ဆိုင်း ထားကြ ရန် ညှိနှိုင်း သဘောတူခဲ့ကြခြင်း ဖြစ်သည်။
KNDF ၏ အပစ်ရပ် ကြေညာချက်သည် လက်နက်ကိုင် တော်လှန်နေသည့် ကရင်နီလူငယ်အင်အားစု အားလုံးကို ကိုယ် စားပြုခြင်း မရှိကြောင်း ကရင်နီ လူငယ်အဖွဲ့များက ပြောဆိုကြသော်လည်း ဒီးမော့ဆို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF) က အပစ်ရပ်ဆိုင်းခြင်းကို သဘောတူခဲ့သည်။
ဒီးမော့ဆိုမြို့တွင်း တိုက်ပွဲများတွင် စစ်ကောင်စီက အရပ်သားနေအိမ်များကို လက်နက်ကြီးကျည်များဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်း၊ အရပ်သားများ သော့ခတ်ပိတ်ထားခဲ့သည့် နေအိမ်နှင့် ဆိုင်ခန်းများကို မွှေနှောက်ကာ ပစ္စည်းများ ယူသွားခြင်း တို့ကြောင့် ဒီးမော့ဆိုတွင် အရပ်သား နေအိမ်ပေါင်း ၆၀ ထက်မနည်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ထားသည်။
အရပ်သားများ၏ ပိုင်ဆိုင်မှုများ ထပ်မံ ဆုံးရှုံးမှု မဖြစ်စေရန်နှင့် နေအိမ်များသို့ ပြန်လာနိုင်ကြစေရန်ဟူသည့် အချက်ဖြင့် ဒီးမော့ဆို PDF က အပစ်ရပ်ဆိုင်းခြင်းကို သဘောတူကြောင်း ပြောဆိုထားသည်။
အပစ်ရပ်သည်ဟု ဆိုသော်လည်း PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီကြားတွင် မျက်နှာချင်းဆိုင် တွေ့ဆုံညှိနှိုင်းခြင်း၊ အပစ်ရပ် သဘောတူ စာချုပ်စာတမ်း ချုပ်ဆိုခြင်းများ မရှိပါ။
စစ်ကောင်စီဘက်က အပစ်ရပ်ထားပြီဖြစ်သဖြင့် ဒေသခံများ အိမ်ပြန်လာကြရန် ပြောဆိုနေပြီး စစ်ဘေးရှောင်စခန်း အချို့ သို့လည်း ရောက်လာပြီး အိမ်ပြန်ကြရန် ပြောဆိုခြင်းများ ရှိနေသည်။
ဒီးမော့ဆို PDF တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ တဦးက “အပစ်ရပ်ပြီးနောက် ဇွန် ၁၉ ရက်မှာ သူတို့ဘက်က ဒေါ့ငံခါး ရပ် ကွက်ထဲမှာ မိုင်းထောင်ထားတာတွေကို ပြန်လာဖြုတ်သွားကြတယ်။ ဒေါ့ငံခါးထဲမှာ သူတို့ မိုင်းထောင်ထားတာ နေရာ တော်တော် များတယ်။ မြှုပ်ထားတာကတော့ တနေရာပဲ။ အဲဒါတွေ အကုန်လာဖြုတ်သွားတယ်။ ကလလတ တို့ ကယန်း ပြည်သစ်တို့နဲ့ ရာချီပဲ အတူလာပြီး နယ်မြေပြန်လာရှင်းသွားကြတယ်” ဟု ပြောသည်။
PDF က စောင့်ကြည့်နေသည့် အခြေအနေအရ စစ်ကောင်စီတပ်များသည် ဒေါ့ငံခါး ရပ်ကွက်တွင်း မိုင်းများ ပြန်ဖြုတ်သွား သည့်အပြင် ဒီးမော့ဆိုမြို့၏ အနောက်ဘက်ခြမ်းတွင် တပ်ဖြန့်ထားသည့် အင်အား ရာကျော်ရှိသည့် စစ်ကြောင်းများကို လည်း ပြန်ရုပ်သိမ်းသွားပြီဟု ဒီးမော့ဆို PDF ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ဆက်လက်ပြီး ၎င်းက “အခု ဒီးမော့ဆို အနောက်ခြမ်းထဲမှာ သူတို့ မရှိတော့ဘူး။ ပြောမယ့်သာပြောတာ ဒီနေ့ကို မြို့ပေါ်မှာ စစ်ကားအစီး ၄၀ လောက်ရှိတယ်။ ဒီးမော့ဆိုကို တက်လာတာ။ အင်အားက ဒီနားမှာသာ မရှိတာ ဘယ်နားမှာ သွားစုပြီး ထိုင်ထားလဲဆိုတာ ကျနော်တို့ သတင်းအတိအကျ မရသေးဘူး။ အင်အားထပ်ဖြည့်နေတာတွေလည်း ကျနော်တို့ သိတယ်။ ကျနော်တို့ သိပ်မကြာတော့ဘူး။ ပြန်တွယ်ရတော့မယ် ထင်တယ်။ ဒီးမော့ဆိုက လုံးဝ ပုံမှန် ပြန်မဖြစ်သေးပါဘူး” ဟု ဆို သည်။
PDF တပ်ဖွဲ့များသည်လည်း ဒီးမော့ဆိုမြို့၏ အနောက်ဘက်ခြမ်းနှင့် ဒေါ့ငံခါး ရပ်ကွက် တဝိုက်တွင် မူလအတိုင်း တပ်ဖြန့် ကာ လှုပ်ရှားနေဆဲ ဖြစ်သည်ဟု သိရသည်။
အပစ်ရပ်ပြီးနောက်တွင် ဒီးမော့ဆိုမြို့နယ်၊စံပြ ၆ မိုင်ကျေးရွာ ပတ်ဝန်းကျင်၌ စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒေါ့ပိုးစီကျေးရွာအုပ်စုအတွင်း ဝင်ရောက်ကာ PDF နှင့် ဆက်သွယ်သူများဟူသည့် သံသယဖြင့်လည်း လူငယ် နှစ်ဦးကို ဖမ်းဆီးသွားခြင်းများ ပြုလုပ်ထားသည်။
ဇွန် ၁၇ ရက်မှစ၍ ယနေ့ထိလည်း စစ်ကောင်စီ တပ်ဖွဲ့များက ဒီးမော့ဆိုမြို့၊ အရှေ့ဘက်ခြမ်းရှိ ကျေးရွာများဘက်ကို သွား လာလှုပ်ရှား ခြင်းများ ပြုလုပ်လျက် ရှိနေသည်။
ဇွန် ၁၈ ရက်တွင်လည်း ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဒေါခဲ-နန်းဟူး တံတား၌ မိုင်းပေါက်ကွဲခြင်းကြောင့် အမျိုးသားတဦး သေ ဆုံးခဲ့သည်။
ထို့ပြင် ရန်ကုန်နှင့် တောင်ကြီးမြို့များဘက်မှ ကယားပြည်နယ်တွင်း တင်ပို့နေသည့် ဆေးဝါးများကိုလည်း ကားဂိတ်များ တွင် လက်ခံပြီး သယ်ယူပို့ဆောင်ခြင်း မပြုရန် စစ်ကောင်စီဘက်က ပိတ်ပင်ထားသည်။
ဒီးမော့ဆိုမြို့နေ ကျန်းမာရေးဝန်ထမ်း တဦးက “လွိုင်ကော်မှာရော၊ ဒီးမော့ဆိုမှာရော ကားဂိတ်တွေကို ဆေးပစ္စည်းတွေ ပတ်တီး၊ အရက်ပြန်၊ ဖျားနာရင် ဝမ်းလျောရင် သုံးတဲ့ ဆေးတွေကို သယ်ယူခွင့် လုံးဝ မပြုဘူးလို့ စကစဘက်က ပြော ထားတယ်လို့ ကျမတို့ သိရတယ်။ တချို့လွိုင်ကော်မှာ ဆေးခန်းဖွင့်ထားတဲ့ ဆရာဝန်တွေလည်း ဆေးခန်းအတွက် ပုံမှန် ဝယ်နေကျကို အခု ကားဂိတ်မှာ လက်မခံတော့တာ။ ဒီအတိုင်းဆို ဆေးပါ ပြတ်လာလိမ့်မယ်” ဟု ပြောသည်။
စစ်ကောင်စီသည် ဒီးမော့ဆိုမြို့တွင်း တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည့် မေ၂၁ ရက်မှ ဇွန် ၁၂ ရက် အတွင်း၌ လည်း PDF နှင့် KNDF လှုပ်ရှားသည်ဟု ယူဆရသည့် ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းနှင့် အချို့ ကျေးရွာများကို မီးနှင့် ဖုန်းလိုင်းများ ဖြတ်တောက်ခဲ့သည်။
စစ်ဘေးရှောင် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရေးကိုလည်း ဟန့်တားခြင်းများ ပြုလုပ်သဖြင့် စစ် ဘေးရှောင် ဒုက္ခသည်များအတွက် အကူအညီပေးရေး ဆောင်ရွက်သည့် သူများသည် စစ်ကောင်စီတပ်များ မရှိသည့် လမ်း ကြောင်းများကို ရွေးကာ ရိက္ခာ ပို့ဆောင်ခဲ့ရသည်။
လက်ရှိတွင် ကယားပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာကာ ပြေးလွှားနေရသည့် စစ်ရှောင် ဒုက္ခသည် ဦးရေမှာ ၁ သိန်းကျော် ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
You may also like these stories:
KNDF အပစ်ရပ်ကြေညာချက် ကရင်နီအင်အားစုအားလုံးကို ကိုယ်စားမပြု
ဒီးမော့ဆို၌ အမည်မသိအလောင်းများ ပြန့်ကြဲနေရာ ဒေသခံများ သဂြိုဟ်ပေးနေရ
စစ်ကောင်စီတပ်က ဓားပြလုပ်ရပ်များ ကျူးလွန်နေ