ရခိုင်ပြည်နယ်၊ မောင်တောခရိုင် အထွေထွေ အုပ်ချုပ်ရေးရုံးမှ ထိပ်ပိုင်းအရာရှိ ၁ ဦးနှင့် ဝန်ထမ်း ၁ ဦး ကိုဗစ်ရောဂါပိုး ကူးစက်ခံရကြောင်း သိရသည်။
အဆိုပါ ထွေအုပ် ဝန်ထမ်း၂ ဦးမှာ နေထိုင်မကောင်းဖြစ်သည့်အတွက် ဇွန်လ ၂၀ ရက်က စစ်ဆေးမှု ပြုလုပ်ခဲ့ရာ ကိုဗစ်ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း မောင်တော ဆေးရုံအုပ်ကြီး ဒေါက်တာ နုကေသီစံက ပြောသည်။
ဆေးရုံအုပ်ကြီး ဒေါက်တာ နုကေသီစံက “မနေ့က ခရိုင်ထွေအုပ်က ဝန်ထမ်း ၂ ဦးပေါ့။ နည်းနည်း နေမကောင်းလို့ ဆေး စစ်တဲ့အခါမှာ ကိုဗစ်ပိုးတွေ့လို့ ဆေးကုသမှု ခံယူနေပါတယ်။ ကျန်းမာရေး အခြေအနေလည်း အားလုံးကောင်းတယ်။ စိုး ရိမ်စရာ မရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ကိုဗစ်ပိုးတွေ့ရှိသည့် ခရိုင်ထွေ/အုပ် ဝန်ထမ်း ၂ ဦးမှာ ယခုလအတွင်း ခရီးသွား ရာဇဝင် မရှိသော်လည်း ပြီးခဲ့သည့်လက တနင်္သာရီတိုင်း ကောင့်သောင်းမြို့မှ ပြောင်းရွှေ့လာသူများဖြစ်သည့်အတွက် လတ်တလော အခြေအနေတွင် ပိုးကူးစက်မှု အကြောင်းရင်းကို သေချာ မသိရှိနိုင်သေးကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ပြည်နယ်မှူး ဒေါက်တာ ကြည်လွင်က ပြောသည်။
ဒေါက်တာကြည်လွင်က “မောင်တောက ပိုးတွေ့တဲ့ ထွေ/အုပ်ဝန်ထမ်း ၂ ဦးကတော့ ဒီလအတွင်းမှာ ခရီးသွားရာဇဝင်တော့ မရှိဘူး။ ဒါပေမယ့် သူတို့က ကောင့်သောင်းဘက်က လာတဲ့သူတွေ ဖြစ်တယ်။ အဲဒီအတွက်ကြောင့် သူတို့ ပိုးကူးတဲ့ အကြောင်းရင်းကိုတော့ သေချာ မသိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဝန်ထမ်း၂ ဦးနှင့် ထိတွေ့ဆက်စပ်မှုရှိသူ ဝန်ထမ်း ၅ ဦးကိုလည်း စောင့်ကြည့်အခြေအနေဖြင့် လက်ရှိတွင် အသွား အလာ ကန့်သတ်မှုများ (Quarantine) ပြုလုပ်ထားရှိကာ စောင့်ကြည့်လျက်ရှိကြောင်းလည်း မောင်တော ဆေးရုံအုပ်ကြီး ဒေါက်တာ နုကေသီစံက ဆက်ပြောသည်။
မောင်တောမြို့ခံ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းကတော့ ယင်းမြို့နယ်အတွင်း ကိုဗစ်ကူး စက်မှု ဖြစ်ပွားရခြင်းမှာ နယ်စပ်မှ ဝင်ရောက်လာသူများထံမှတဆင့် ကူးစက်ခြင်းဖြစ်ဟု ယူဆရသဖြင့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများကို အာဏာပိုင်များ အနေဖြင့် တင်းကြပ်စွာ ကိုင်တွယ်သင့်ကြောင်း ဆိုသည်။
၎င်းက “ထွေအုပ် ဝန်ထမ်းတွေ ပိုးကူးတယ်ဆိုတာက ဘယ်နေရာက ကူူးတယ်ဆိုတာတော့ သေချာ မသိဘူး။ နယ်စပ်က ခိုးဝင်/ခိုးထွက်တွေ ရှိတယ်။ အဲဒီလူတွေကတဆင့် ကူးတယ်လို့ ယူဆရတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က မြို့နယ် အတွင်းက ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ အစည်းအဝေး လုပ်တာ ရှိတယ်။ အဲဒီမှာ ဘင်္ဂါလီအုပ်ချုပ်ရေးမှူးတွေလည်းပါ တယ်။ အဲဒီကနေတဆင့် ကူးတယ်လို့ ကျနော်တို့က ယူဆတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဇွန်လ ၁၇ ရက်ကလည်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံသို့ ကုန်စည်ပို့ဆောင်ပြီး စစ်တွေမြို့ နယ်စပ်ကုန်သွယ်ရေးစခန်းသို့ ပြန်လာ သည့် စက်လှေသမားများကို ဆေးစစ်ရာတွင် စက်လှေသမား ၃၁ ဦးထံတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့သည်။
ထို့ပြင် ဇွန်လ ၁၆ ရက်ကလည်း တဖက်နိုင်ငံမှ ကုန်စည်ပို့ဆောင်ပြီး ပြန်လည် ဝင်ရောက်လာသော စက်လှေသမားများကို ဆေးစစ်ဆေးခဲ့ရာ မောင်တောက စက်လှေသမား ၁ ဦးနှင့် စစ်တွေမြို့က စက်လှေသမား ၉ ဦး စုစုပေါင်း ပိုဗစ်ပိုး ၁၀ ဦး ပိုးတွေ့ရှိခဲ့သည်။
ထိုသို့ စစ်တွေ၊ မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းများမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်တင်ပို့ ပြီး ပြန်လာ သူများတွင် ကိုဗစ်ပိုးတွေ့ရှိမှု များလာသည့်အတွက် စစ်ကောင်စီအနေဖြင့် နယ်စပ်ကုန်သွယ်မှုကို ရပ်နားသင့်ကြောင်း လည်း ရခိုင်အရပ်ဘက် လူမှုအဖွဲ့အစည်းများက ပြောဆိုကြသည်။
သို့သော်လည်း စစ်ကောင်စီအနေဖြင့် ကိုဗစ်ပိုးကူးစက်မှုကို အကောင်းဆုံး ထိန်းချုပ်ကာ ကိုဗစ်စည်းကမ်းချက်များနှင့်အညီ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု လုပ်ငန်းကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း သတင်းမီဒီယာများသို့ ပြောကြား ထားသည်။
စစ်တပ်မှ အာဏာသိမ်းပြီးနောက် ဧပြီလတွင်း မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် စစ်တွေနယ်စပ်ကုန်သွယ်ရေး စခန်းတို့ကို ပြန်လည်ဖွင့်လှစ်ခဲ့ရာ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ၂ လအတွင်း အမေရိကန် ဒေါ်လာ ၄၃၈၃၀၅၇ ဒသမ ၇၉ အထိ ရရှိခဲ့ကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီထံက သိရသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလက ယခု ဇွန်လ ၂၁ ရက်အထိ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ စစ်တွေမြို့မှ ၇၂ ဦးနှင့် မောင်တောမှ ၅ ဦး စုစုပေါင်း ၇၇ ဦးအထိ ရှိပြီဖြစ်ကြောင်း ပြည်နယ် ကျန်းမာရေး ဦးစီးဌာနက ပြောသည်။
You may also like these stories:
ရန်ကုန်တိုင်း ကိုဗစ်ကူးစက်မှု ၂ ပတ်အတွင်း ၆၀၀ ကျော်ရှိလာ
ဘင်္ဂလားဒေ့ရှ်သို့ ကုန်ပစ္စည်းတင်ပို့သူများ၌ ကိုဗစ်ပိုးတွေ့ရှိမှု များပြားလာ
လှည်းကူးတွင် လူ ၂၀၀ ကျော် အစုလိုက် ကိုဗစ် ကူးစက်