မြန်မာနိုင်ငံတွင် ကူးစက်မြန် ကိုဗစ် ဗီဇပြောင်းပိုးများနှင့်အတူ အစုလိုက်အပြုံလိုက် တွေ့ရှိမှုများကြောင့် ကိုဗစ်ဖြစ်ပွားနှုန်း သိသိသာသာ မြင့်တက်လာခြင်းဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရ သည်။
ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက “ပိုးတွေ့ရှိမှုကတော့ လူဦးရေ ပြန့်ကြဲပြီး တော့ ဖြစ်နေတာမျိုး မဟုတ်ဘဲနဲ့ တနေရာမှာ အစု၊ အစုလိုက် ဖြစ်နေတဲ့ အနေအထားကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒါက လက်ရှိ ထူးခြားချက်ပေါ့” ဟု ပြောသည်။
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်တွင် ဇွန်လ ၇ ရက်၌ အမျိုးသားတဦး ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ရာမှာ စတင်ကာ ထိတွေ့ ဆက်စပ်မှု ရှိသူများကို စစ်ဆေးခဲ့ရာ ဇွန်လ ၁၆ ရက်အထိ ဓာတ်ခွဲစစ်ဆေးသူ ၅၀၂ ဦး အနက်မှ ပိုးတွေ့သူ ၁၂၆ ဦးအထိ ရှိခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ မဟော်သဓာ ကိုယ်ပိုင် အထက်တန်းကျောင်းတွင် ဇွန်လ ၉ ရက်နေ့၌ ကူးစက်မှု များ စတင်ဖြစ်ပွားခဲ့ရာ ဇွန်လ ၁၆ ရက်အထိ ကိုဗစ်ဖြစ်ပွားသူ ၃၅၀ ဦး အထိ ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်ပညာရေး တက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း (TTC) က ဆရာတဦး ကိုဗစ်ရောဂါဖြင့် ဇွန်လ ၁၆ ရက်တွင် သေဆုံးခဲ့သဖြင့် ဆက်စပ်သူ ၂၀၀ ကျော်ကို စစ်ခဲ့ရာ ၁၁ ဦးတွေ့ရှိခဲ့ကြောင်း သိရသည်။
အလားတူပင် နေပြည်တော်တွင် ဇွန်လ ၁၉ ရက် ထုတ်ပြန်ချက်အရ ကိုဗစ်ဖြစ်ပွားသူ ၇၄ ဦးတွင် ၆၄ ဦးသည် ဇမ္ဗူသီရိ မြို့နယ်ရှိ ဘုန်းကြီးကျောင်း ၁ ကျောင်းတွင် တွေ့ရှိမှု ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သိရသည်။
မြန်မာနိုင်ငံတွင် မေလ ၂၇ ရက်က စတင်ပြီး ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်နေခြင်း ဖြစ်ပြီး စစ်ကိုင်းတိုင်းသည် ဖြစ်ပွားမှု အများဆုံး ဖြစ်သည်။ ဒုတိယဖြစ်ပွားမှု အများဆုံးသည် ရန်ကုန်တိုင်းဖြစ်ပြီး ချင်းပြည်နယ်နှင့် တနသာင်္ရီတိုင်းသည် လည်း ဖြစ်ပွားမှု များနေကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်ကူးစက်မှုသည် မေလအတွင်း ကူးစက်မှုနှုန်း ၃ ရာခိုင်နှုန်းကျော်သာ ရှိရာမှ မေလ ၂၇ ရက် အရောက်မှာ ပိုးတွေ့လူနာ ၉၆ ယောက်နှင့် ၅ ဒသမ ၃၇ ရာခိုင် နှုန်းအထိ စတင် တိုးလာခြင်းဖြစ်ပြီး ဇွန်လ အတွင်းမှာ ၁၂ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခြင်း ဖြစ်သည်။
ကူးစက်မြန် ကိုဗစ် ဗီဇပြောင်းပိုး ၃ မျိုး ဖြစ်သည့် Alpha, Delta နှင့် Kappa ကို မြန်မာနိုင်ငံတွင် တွေ့ရှိထားကြောင်းလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်တွင် ကြေညာထားသည်။
ဒေါက်တာ ခင်ခင်ကြီးကလည်း “ကျမတို့နိုင်ငံမှာ ဗီဇပြောင်းပိုးတွေလည်း တွေ့နေပြီ။ ဗီဇပြောင်းပိုးက ကူးစက်မှုမြန်တဲ့ အတွက် အထူးတော့ ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ သို့သော် အရမ်းကြီး ကြောက်လန့်နေလို့ မရသလို ပေါ့ပေါ့ဆဆလည်း နေလို့ မရဘူးဆိုတာ ပြောချင်ပါတယ်။ ဒါ့ပြင် ရောဂါပြင်းထန်မှုတွေ၊ ဆေးရုံတက်ရောက်ရမှုတွေ ဆေးရုံမှာ သေဆုံးမှုတွေ လည်း ဖြစ်နိုင်ခြေ ရှိတယ်ဆိုပြီး ပြောထားတာ ရှိပါတယ်။ ဒါကြောင့် ပေါ့ဆလို့ မရဘူး” ဟု ဆိုသည်။
ကိုဗစ် ကာကွယ်ဆေးထိုးခြင်းနှင့် စစ်ဆေးခြင်းလုပ်ငန်းများကို အာဏာသိမ်း စစ်ကောင်စီက ဆက်လက်ဆောင်ရွက်နေသော်လည်း အဆိုပါ လုပ်ငန်းစဉ်တွင် ပြည်သူလူထု အများစုက ပူးပေါင်း ပါဝင်ခြင်း မရှိပေ။
Fever Clinic (ဖျားနာဆေးကုခန်း) တခုက ဆရာဝန် တဦးက “အခု အခြေအနေမှာလည်း မစစ်ကြဘူး။ စစ်တဲ့လူက နည်းတယ် မစစ်တဲ့လူက များတယ်။ စစ်မလားလို့ မေးခွန်းမေးလိုက်ရင် မစစ်တော့ဘူး။ ရတယ် ဆေးညွှန်းပဲ ညွှန်ပေး ဘာ ဆက်လုပ်ရမလဲ ဆိုတာပေါ့။ စစ်မယ်ဆိုရင် အဖြေထွက်ရင် ဘယ်ရောက်မလဲ ဆိုတာကိုပဲ မေးတာပေါ့” ဟု ဆိုသည်။
၂၀၂၀ မတ် ၂၃ ရက်မှ ၂၀၂၁ ဇွန်လ ၂၀ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲနမူနာ စစ်ဆေးသူ ၂,၆၇၄,၇၀၂ ဦး အနက်မှ အတည်ပြုလူနာ ၁၄၈,၀၂၂ ဦး ရှိပြီး သေဆုံးသူ ၃,၂၆၂ ဦးနှင့် ဆေးရုံ ဆင်းခွင့်ရရှိသူ ၁၃၃,၆၀၆ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
လှည်းကူးတွင် လူ ၂၀၀ ကျော် အစုလိုက် ကိုဗစ် ကူးစက်
ပလက်ဝမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့သဖြင့် စာသင်ကျောင်းများ ပြန်ပိတ်
ကိုဗစ်ကူးစက်မှုနှုန်း ပြန်မြင့်တက်လာ
ရန်ကုန်တိုင်း ကိုဗစ်ကူးစက်မှု ၂ ပတ်အတွင်း ၆၀၀ ကျော်ရှိလာ