ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်ဖွဲ့နှင့် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့များကြား တရက်တည်း တိုက်ပွဲ ၄ နေရာ ဖြစ်ပွားခဲ့ကြောင်း KNU သတင်းအချက် အလက်ဌာနက ထုတ်ပြန်ထားသည်။
မြန်မာစစ်တပ်နှင့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းထားသောအဖွဲ့နှင့် KNU လက်အောက်ခံ ကရင် အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) တပ်မဟာ (၁) တို့အကြား ဇွန်လ ၂၁ ရက် နံနက်ပိုင်းတွင် စတင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
KNLA တပ်မဟာ (၁) သည် KNU ၏ သထုံခရိုင်နယ်မြေအဖြစ် သတ်မှတ်ထားသော ဘားအံ၊ ကျိုက်ထို၊ သထုံနှင့် ဘီးလင်း မြို့နယ် ၄ မြို့နယ်ကို အခြေပြုကာ စစ်ရေးလှုပ်ရှားသည်။
စစ်ကောင်စီဘက်က KNU ထံ အကြောင်းမကြားဘဲ စစ်ရေးလှုပ်ရှားခဲ့သဖြင့် ဘားအံမြို့နယ်ရှိ မဲလာ၊ မီးပုန်း ၊ လယ်တော ကြီးနှင့် ဝုဘီးထွီရွာများအနီး ထိပ်တိုက်တွေ့ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း KNLA တပ်မဟာ (၁) မှ အရာရှိတဦးက ဧရာဝတီကို ပြောသည်။
၎င်းက “ဖြစ်တာကတော့ BGF နဲ့ တပ်က ပေါင်းပြီးတော့ ဝင်ရောက်ပြီး လှုပ်ရှားမှု လုပ်တယ်။ သူတို့က ကျနော်တို့ဘက် ကို ချိတ်ဆက် ဆောင်ရွက်ထားတာမရှိတော့ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ခဲ့တယ်။ မီးပုန်းနဲ့ လယ်တောကြီးမှာကျတော့ သူတို့က လမ်းမှာ လုံခြုံရေး ယူထားတယ်။ ကျနော်တို့ဘက်က မသိဘူး။ အဲဒါ လမ်းဖြတ်နေတဲ့အချိန်မှာ တွေ့ပြီးတော့ ထိပ်တိုက်ရင် ဆိုင်မှု ဖြစ်ခဲ့တယ်” ဟု ဆိုသည်။
တိုက်ပွဲတခုလျှင် ၆ မိနစ်ခန့်သာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး KNU ဘက်က တပ်ဆုတ်ပေးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင် စီဘက်မှ ၈ ဦး သေဆုံးခဲ့ပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့် KNU ဘက်မှ ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း KNLA တပ်မဟာ (၁)မှ အရာရှိတဦးက ပြောသည်။
ယခု ဖြစ်ပွားခဲ့သော တိုက်ပွဲသည် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်နှင့် KNU တပ်မ ဟာ (၁) တို့အကြား ၁၀ ကြိမ်မြောက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်ကြောင်း KNLA တပ်မဟာ (၁) ထံမှ သိရသည်။
ယနေ့ (ဇွန် ၂၂ ရက်) တွင် KNLA တပ်မဟာ (၁) နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲထပ်မဖြစ်သေးသော်လည်း စစ်ကောင်စီဘက်က စစ်သားအင်အား ဖြည့်တင်းမှုများ ရှိနေသဖြင့် စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်း၊ စစ်ကောင်စီဘက် က အကြောင်းမကြားဘဲ စစ်ရေးလှုပ်ရှားမှု ဆောင်ရွက်ပါက တိုက်ပွဲထပ်ဖြစ်နိုင်ကြောင်း KNLA တပ်မဟာ (၁) ဘက်မှ ပြောသည်။
You may also like these stories:
ထီးပို့ကလိုးရွာသို့ စစ်ကောင်စီတပ် ဝင်သဖြင့် ဒေသခံ ၂ သောင်းကျော် ထွက်ပြေး
ဒီးမော့ဆို၌ အမည်မသိအလောင်းများ ပြန့်ကြဲနေရာ ဒေသခံများ သဂြိုဟ်ပေးနေရ
စစ်ကောင်စီတပ်က ဓားပြလုပ်ရပ်များ ကျူးလွန်နေ