မြန်မာစစ်ကောင်စီခေါင်းဆောင် ဗ်ိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မော်စကိုတွင် ညီလာခံတက်ရန် တနင်္ဂနွေနေ့က နိုင်ငံမှ ထွက်သွားသည်။ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော အစိုးရထံမှ ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းယူပြီးနောက် ယခုခရီးစဉ်သည် စစ်ကောင်စီခေါင်းဆောင်၏ ဒုတိယမြောက် ပြည်ပခရီးဖြစ်သည်။
ယခုခရီးစဉ်အတွက် တရားဝင်အကြောင်းပြချက်မှာ ဇွန်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပမည့် မော်စကို နိုင်ငံတကာလုံခြုံရေး ညီလာခံတက်ရောက်ရန် ဖြစ်သည်။
သို့သော် သူသည် တဦးတည်း ခရီးသွားခြင်းမဟုတ်ဘဲ အာဏာသိမ်း ဗိုလ်ချုပ်များနှင့် ရင်းနှီးသည့် လက်နက်ပွဲစားများ၊ စီးပွားရေးသမားများ ပါဝင်သော ထုတ်ပြန်ကြေညာခြင်း မပြုသည့် ကိစ္စများလည်း သူ၏ အစီအစဉ်တွင် ပါဝင်နေကြောင်း သိရသည်။ ထိုစီးပွားရေးသမားများနှင့် လက်နက်ပွဲစားများသည် စစ်ကောင်စီလက်အောက်တွင် ဓနဥစ္စာ အကြီးအကျယ် ရှာဖွေရန် မျှော်လင့်နေသည်ဟု ဆိုသည်။
စစ်အာဏာလုယူမှုနှင့် အရပ်သားများကို အကြမ်းဖက်မှုများအတွက် မြန်မာသို့ လက်နက်ရောင်းချမှုရပ်ဆိုင်းရန် လွန်ခဲ့သော ရက်အနည်းငယ်ကပင် ကုလသမဂ္ဂက ရှားရှားပါးပါး တောင်းဆိုခဲ့သည်။ ဥပဒေအရ လိုက်နာရန် မလိုသော်လည်း ထိုဆုံးဖြတ်ချက်သည် နိုင်ငံရေးအရ အရေးပါသည်။
အဖွဲ့ဝင် ၁၉၃ နိုင်ငံပါသော ကုလသမဂ္ဂသည် ထိုဆုံးဖြတ်ကို အားလုံးသဘောတူ ဆုံးဖြတ်မည်ဟု မျှော်လင့်ခဲ့သော်လည်း ဘယ်လာရပ်စ်က မဲခွဲရန်တောင်းဆိုသည်။ ထိုဆုံးဖြတ်ချက်ကို ၁၁၉ နိုင်ငံက ထောက်ခံပြီး ဘယ်လာရပ်စ်က ကန့်ကွက်ကာ ၃၆ နိုင်ငံက မဲမပေးဘဲနေသည်။
နိုင်ငံတကာ လက်နက်ကုန်သွယ်မှုနှင့် အကျွမ်းတဝင်မရှိသူများက မည်သည့်အတွက် ဘယ်လာရပ်စ်က ထိုသို့လုပ်သနည်းဟု မေးခွန်းထုတ်မည်ဖြစ်သည်။ ထိုအရှေ့ဥရောပနိုင်ငံသည် ၁၉၈၈ နောက်ပိုင်းမှ စတင်ပြီး မြန်မာနိုင်ငံသို့ လက်နက်များကို ဆက်လက်ရောင်းချနေသည့် နိုင်ငံအနည်းငယ်တွင် ပါဝင်သည်။ ထိုနှစ်က အာဏာသိမ်းမှုနှင့်နောက်ပိုင်း ယခင်စစ်အုပ်စုက ဆန္ဒပြသူများကို ဖြိုခွဲသောကြောင့် အမေရိကန်နှင့် ဗြိတိန်အပါအဝင် အနောက်နိုင်ငံများသည် မြန်မာသို့ လက်ရောင်းချခြင်းနှင့် မြန်မာစစ်အရာရှိများကို လေ့ကျင့်ပေးခြင်း ရပ်ဆိုင်းလိုက်သည်။ မြန်မာသည် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အစ္စရေး၊ ပိုလန်၊ ယူကရိန်းနှင့် ဆာဗီးယားတို့ထံမှလည်း လက်နက်များ ဝယ်ယူသည်။ ထိုသို့သော တမူထူးနေသည့် နိုင်ငံများတွင် တခါက မြောက်ကိုရီးယား နိုင်ငံလည်း ပါဝင်ခဲ့ပြီး ဗိုလ်ချုပ်များသည် ထိုလက်နက်ပင်ရင်းကို မကြာမီ ဆက်သွယ်မည့် အလားအလာရှိနေသည်။
ရုရှားတွင် မင်းအောင်လှိုင်၏ အစီအစဉ်များတွင် လက်နက်ဝယ်ယူရေး ပါဝင်သည်ကို သံသယဖြစ်ရန် မလိုပေ။ မော်စကိုသည် အထီးကျန်ဖြစ်နေသော စစ်ကောင်စီအတွက် ပိုမိုအရေးပါလာနေပြီး မြန်မာဗ်ိုလ်ချုပ်များသည် ၎င်းတို့၏ စစ်အာဏာသိမ်းမှုကို ရုရှားအား ကြိုတင်အသိပေးခဲ့ကြောင်းနှင့် ထိုလုပ်ရပ်အတွက် စိတ်ဓါတ်ရေးရာနှင့် နိုင်ငံရေးအရ ထောက်ခံမှု ရခဲ့ကြောင်း ဧရာဝတီသတင်းဌာနအပါအဝင် သတင်းဌာနအများအပြားက ဖေါ်ပြခဲ့ပြီး ဖြစ်သည်။
ထိုခရီးစဉ်တွင် စစ်ကောင်စီအကြီးအကဲနှင့် လိုက်ပါသွားသူများတွင် မြန်မာရေတပ်အကြီးအကဲ ဗိုလ်ချုပ်ကြီးအေင်မိုးလည်းပါဝင်ပြီး သူသည် ဇွန်လ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့အထိ စိန့်ပီတာစဘတ်တွင် ကျင်းပမည့် နိုင်ငံတကာ ရေကြောင်းကာကွယ်ရေး ပြပွဲ (IMDS) ကို တက်ရောက်မည်ဖြစ်သည်။
IMDS စစ်ဖက်နှင့် ကူးသန်းရောင်းဝယ်ရေး သင်္ဘောများ တည်ဆောက်ခြင်းနှင့် လက်နက်၊ သံချပ်ကာများ အပါအဝင် ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို ပြသမည့် ပွဲဖြစ်သည်။
ရုရှားသည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တခုကို ပထမဆုံး စေလွှတ်သော နိုင်ငံဖြစ်သည်။
နိုင်ငံတကာနယ်ပယ်တွင် စစ်ကောင်စီကို ပစ်ပယ်ထားရန် တောင်းဆိုမှုများကို အာခံပြီးနောက် ရုရှား ဒုတိယ ကာကွယ်ရေးဝန်ကြီး အလက်ဇန္ဒား ဖိုမင်သည် မတ်လ ၂၇ ရက်နေ့တွင် ကျင်းပသည့် တော်လှန်ရေးနေ့ စစ်ရေးပြပွဲ တက်ရောက်သောကြောင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က အယုံအကြည်ရှိကြောင်း ပြသသည့် ရုရှားကို ကျေးဇူးတင်သည်။
ပထဝီအရ နိုင်ငံချင်းဝေးကွာသော်လည်း ရုရှားအစိုးရနှင့် ရုရှားလက်နက်ကိုင်တပ်ဖွဲ့များမှ တာဝန်ရှိသူများသည် မိတ်ဆွေကောင်းပီသစွာဖြင့် မြန်မာစစ်တပ်ကို အကြီးအကျယ်ထောက်ခံကြောင်း အသိအမှတ်ပြုသည်ဟုပင် သူက ပြောဆိုခဲ့သည်။
လက်တွေ့တွင် စစ်ကောင်စီအရာရှိများသည် အာဏာသိမ်းပြီးနောက် ရုရှားသို့ လူသိရှင်ကြား မထုတ်ပြန်သည့် ခရီးများ သွားရောက်ခဲ့ပြီးဖြစ်သည်။ မေလက စစ်ကောင်စီသည် မော်စကိုသို့ အဆင့်မြင့် စစ်ဖက်ကိုယ်စားလှယ် အဖွဲ့တခု စေလွှတ်ခဲ့သည်။ လေတပ်ဗ်ိုလ်ချုပ်ကြီး မောင်မောင်ကျော်သည် ထိုအဖွဲ့ကို ဦးဆောင်ပြီး အဆင့်မြင့် စစ်အရာရှိများ လိုက်ပါသွားခဲ့သည်။
ထိုခရီးစဉ်တွင် လူသိများသည့် တိုင်ကွန်း ဦးတေဇလည်း လိုက်ပါသွားသည်။ သူနှင့်အခြားကိုယ်စားလှယ်အဖွဲ့ဝင်များသည် စစ်လက်နက်ပစ္စည်း ဝယ်ယူရေးအပါအဝင် အကြီးစား စီမံကိန်း ၂၀ ကျော်အတွက် ရုရှားကိုယ်စားလှယ်များနှင့် ဆွေးနွေးကြသည်။ ဦးတေဇသည် သူ၏ ကုမ္ပဏီဖြစ်သော Myanmar Avia Export မှတဆင့် မြန်မာစစ်တပ်အတွက် ရဟတ်ယာဉ်အစိတ်အပိုင်းများ ရောင်းချပေးနေသည်။ ထိုကုမ္ပဏီသည် ရုရှားမှ Export Military Industrial Group (MAPO) နှင့် ရုရှား ရဟတ်ယာဉ် ကုမ္ပဏီဖြစ်သော Rostvertol ၏ မြန်မာအတွက် တဦးတည်းသော ကိုယ်စားလှယ်ဖြစ်သည်။
အသက် ၅၀ ကျော်အရွယ်အတွင်း ရောက်ရှိနေပြီဖြစ်သော ဦးတေဇသည် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း သူ၏ စီးပွားရေးအင်ပါယာ မှေးမှိန်လာသည်ကို တွေ့ကြုံခဲ့ရသော်လည်း ယခုအခါ စစ်တပ်က အာဏာပြန်လည်သိမ်းပိုက်ထားပြီး အနာဂတ်တွင် သူ့ထံမှ လက်နက်များ ပိုမိုလိုအပ်မည်ဖြစ်သောကြောင့် သူ့ခေတ်ပြန်ရောက်လာတော့မည် ဖြစ်သည်။
ထိုလုပ်ငန်းရှင်သည် လွန်ခဲ့သော နှစ်များက အမေရိကန် အရေးယူပိတ်ဆို့မှုစာရင်းတွင် ပါဝင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် ထိုစာရင်းမှ ပယ်ဖျက်ပေးခံရသည်။ သူသည် မြန်မာနိုင်ငံမှ တဦးတည်းသော လက်နက်ပွဲစား မဟုတ်ဘဲ သူ့ထက်ငယ်ရွယ်ပြီး မကြာခဏ ခရီးသွားကာ တရုတ်၊ စင်္ကာပူ၊ ဘယ်လာရပ်စ်၊ ရုရှား၊ ဆာဗီးယားတို့နှင့် ခိုင်မာသော အဆက်အသွယ်ရှိသည့် လက်နက်ပွဲစားအများအပြား မြန်မာနိုင်ငံတွင် ပေါ်ပေါက်နေသည်။ ၎င်းတို့သည် အနောက်တိုင်း အရေးယူပိတ်ဆို့မှု ပစ်မှတ်များစာရင်းတွင် ပါဝင်ခြင်း မရှိကြသေးပေ။ ၎င်းတို့၏ စီးပွားရေး အကျိုးစီးပွားများတွင် အခြားလုပ်ငန်းများအပြင် ဟိုတယ်များ၊ စားသောက်ဆိုင်ကြီးများ၊ အပမ်းဖြေ စံအိမ်များ၊ ဆိပ်ကမ်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် သတ္တုကျောက်မျက် တူးဖေါ်ရေးလုပ်ငန်းများ ပါဝင်သည်။
ပိုမိုအရေးကြီးသောအချက်မှာ ထို ခရိုနီလူငယ်မျိုးဆက်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏သား အောင်ပြည့်စုံနှင့် ရင်းနှီးသောကြောင့် ထို မိသားစုနှင့် တိုက်ရိုက် အဆက်အသွယ်ရှိနေသည်ဆိုသည့်အချက်ဖြစ်သည်။ အောင်ပြည်စုံနှင့် သူ၏အမ ခင်သီရိသက်မွန် တို့သည် အမေရိကန် အရေးယူပိတ်ဆို့မှု စာရင်းတွင် ပါဝင်ပြီးဖြစ်သည်။
မတ်လက အမေရိကန် ဘဏ္ဍာရေးဌာနမှ ပြည်ပပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန (OFAC) က ၎င်းတို့ နှစ်ဦးနှင့် ၎င်းတို့ထိန်းချုပ်ထားသည့် လုပ်ငန်း ၆ ခုကို အရေးယူပိတ်ဆို့ခဲ့သည်။
စွမ်းအင်၊ အကြီးစားစက်မှုလုပ်ငန်း၊ သတ္တု၊ သစ်၊ ဓါတုပစ္စည်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ပါဝင်သည့် ကုမ္ပဏီအများအပြားသည် ရုရှား၊ ဆာဗီးယား၊ ယူကရိန်း၊ ဘယ်လာရပ်စ်၊ အခြားအရှေ့နှင့် ဗဟို ဥရောပ နိုင်ငံများနှင့် ခိုင်မာသော ဆက်ဆံရေးရှိကြသည်။
ထို့အပြင် မြန်မာစီးပွားရေး အသိုင်းအဝန်းမှ အတည်မပြုနိုင်သေးသော သတင်းများအရ မြန်မာစစ်ဖက် ကိုယ်စားလှယ်အဖွဲ့တခုသည် ဆာဗီးယားသို့ မကြာမီ သွားရောက်ရန် ရှိကြောင်း သိရသည်။ ထိုကိုယ်စားလှယ် အဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများနှင့် ဆာဗီးယားနှင့် ယူကရိန်းတို့နှင့် အဆက်အသွယ်ရှိသည့် စီးပွားရေးသမားများ ပါဝင်မည်ဟု သိရသည်။
မြန်မာနှင့်ယခင် ယူဂိုဆလားဗီးယား နိုင်ငံတို့သည် ၁၉၅၀ တွင် သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး ၁၉၉၀ ခုနှစ်များတွင် ယူဂိုဆလားဗီးယားနိုင်ငံ ပြိုကွဲသွားသောအခါ မြန်မာနိုင်ငံသည် ဆာဗီးယားနှင့် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားသည်။
၁၉၅၀ ခုနှစ်များအစောပိုင်းက မြန်မာနိုင်ငံသည် ဘဲလ်ဂရိတ်မှ လက်နက်များ ဝယ်ယူခဲ့သည်။ မြန်မာနိုင်ငံသည် ပါကစ္စတန်ရှိ ယူဂိုဆလားဗီးယား သံရုံးမှတဆင့် ဘဲလ်ဂရိတ်သို့ ဆက်သွယ်ခဲ့သည်ဟု ဆိုသည်။ ဟောင်ဝစ်ဇာ အမြောက်များနှင့် အမြောက်များ မှာယူခြင်းကို ဘဲလ်ဂရိတ်က အလျှင်အမြန်ပေးပို့သောကြောင့် ထိုစဉ်က မြန်မာ စစ်တပ်အကြီးအကဲဖြစ်သော ဗိုလ်ချုပ်နေဝင်းက သဘောကျခဲ့သည်ဟု ဆိုသည်။ ထိုအချိန်မှ စတင်ပြီး မြန်မာနိုင်ငံသည် ဘဲလ်ဂရိတ်၏ လက်နက်ဖေါက်သည်ဖြစ်လာသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားအပြင် ဆာဗီးယား အပါအဝင် အိမ်နီးချင်း အရှေ့နှင့် ဗဟိုဥရောပနိုင်ငံများသို့လည်း သွားရောက်ခဲ့ပြီး ထိုစစ်လက်ပစ္စည်းရောင်းချသော နိုင်ငံများ၏ ထောက်ခံမှု ရရန်ကြိုးစားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၁၅ ခုနှစ် ဇန်နဝါရီလက မြန်မာနိုင်ငံဆိုင်ရာ ဆာဗီးယား သံအမတ် မီရိုဒရက် နီကိုလင်ကို လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံအကြား ရှည်ကြာသည့် ဆက်ဆံရေးများကို ပြန်ပြောကာ အနာဂတ်တွင် ဆက်ဆံရေး ပိုမိုခိုင်မာအောင် လုပ်ဆောင်လိုကြောင်းပြောသည်။
ထိုအချိန်က မြန်မာမှ အစိုးရပိုင် သတင်းစာတစောင်က “ယူဂိုဆလားဗီးယားနှင့် မြန်မာတို့သည် ၁၉၅၀ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် သံတမန်ဆက်ဆံရေး ထူထောင်ပြီးနောက် မြို့တော်များတွင် သံရုံးများဖွင့်လှစ်ကာ ရထားစက်ခေါင်းများနှင့် လက်နက်အချို့ ထုတ်လုပ်ရေး ၊ သင်္ဘောတည်ဆောက်ရေးနှင့် ဆည်မြောင်းလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခဲ့သည်” ဟု ဖေါ်ပြခဲ့သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Marks UN’s Call for Arms Trade Halt With Shopping Trip ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
အာဏာသိမ်း စစ်ခေါင်းဆောင်၏ ဒုတိယမြောက် နိုင်ငံခြားခရီးစဉ်
စစ်ကောင်စီအောက်တွင် “ကာကီရောင် စီးပွားရေး” ထွန်းကားမည်
သဲအိတ်နှင့် သံဇကာများ နောက်ကွယ်ရောက် စစ်ကောင်စီတပ်များ
မြန်မာ့ကောင်းကင်ယံမှ တရုတ်၏ လူသတ်မျက်လုံးများ