ဒေါ်အောင်ဆန်းစုကြည် အပါ ၃ဦး အပေါ် တရားစွဲထားသည့် ပုဒ်မ ၅၀၅(ခ) အမှုနှင့် ပတ်သက်၍ သက်သေခံစာရွက် စာတမ်းများ တင်ပြမှုအား ကန့်ကွက်လျှောက်လဲခြင်းအပေါ် လာမည့်တပတ် အင်္ဂါနေ့တွင် ကြားဖြတ်အမိန့်ချမည်ဟု
ဒေါ်အောင်ဆန်းစုကြည်ဘက်မှ လိုက်ပါပေးသည့် ရှေ့နေများက ပြောသည်။
ယင်းအမှုမှာ စစ်တပ်အာဏာသိမ်းပြီးနောက် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်များ အပေါ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်တို့တွင် တာဝန်ရှိ သည် ဟုဆိုကာ ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ရုံးချိန်းတွင် တရားလိုဘက်မှ တင်သွင်းသည့် သက်သေခံများအား ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ကန့်ကွက်မှုအပေါ် ယနေ့ ရုံးချိန်းတွင် နှစ်ဖက်ရှေ့နေများ အပြန်အလှန် လျှောက်လဲခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်တို့သည် စစ်တပ် အာဏာ သိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံရကာ ပြင်ပနှင့် အဆက်အသွယ် ဖြတ်တောက်ခံထားရသူ များဖြစ်သည်။
ယနေ့ ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အား ဦးထွန်းမြင့်အောင်(ခ) ညီညီဆိုသူက တရားလိုလုပ်၍ သဘာဝ ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုမှုကိုလည်း ဦးထွန်းမြင့်အောင်နှင့် တရားလိုပြ သက်သေ ရွှေကြာပင်ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးစာရေး ဦးဝေဇင်စိုး တို့အား စစ်ဆေးခဲ့သည်။
မနက်ဖြန် (ဇွန် ၂၃ ရက်) တွင်လည်း နေပြည်တော် တရားလွှတ်တော်ချုပ်၌ ဒေါ်အောင်ဆန်းစုကြည် အပါ ၅ ဦးအား ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးတွင် အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃-၁(ဂ) ဖြင့် တရားစွဲထားမှုအား ရုံးပြောင်းစစ်ဆေး ရန် လျှောက်ထားမှုအပေါ် လျှောက်လဲ ကြားနာမည်ဖြစ်သည်။
ယင်းအမှုတွင် စီးပွားရေးအကြံပေးဖြစ်သူ ဩစတေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်၏ ကွန်ပျူတာမှ စာရွက် စာတမ်းနှင့် ပတ်သက်ပြီး တရားစွဲထားခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ မစ္စတာရှောင်တာနယ်၊ စီမံ/ ဘဏ္ဍာဝန်ကြီး ဦးစိုးဝင်း၊ စီမံ/ဘဏ္ဍာ ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့ ပါဝင်နေသည်။
သီးခြားအနေဖြင့်လည်း နေပြည်တော်ရှိ နေပြည်တော်ရှိ မြေဧက ၁၀၀ ခန့်တွင် အကောင် အထည်ဖော်လျက်ရှိသော စိုက်ပျိူး သက်မွေးပညာသင်တန်းကျောင်း “လရောင်တော စီမံကိန်း” မှာ (La Yaung Taw Horticulture Training Academy) နှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်၊ ဒေါက်တာ မျိုးအောင်၊ ဦးရဲမင်းဦး တို့အား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ဖြင့် အာဏာသိမ်း စစ်ကောင်စီက အမှုဖွင့်ထားသည်။
You may also like these stories:
စစ်ကြောရေးတွင် နံရိုးကျိုးခဲ့သည့် ဦးရဲမင်းဦး အင်းစိန်ထောင်တွင် ကျန်းမာရေး ကောင်းမွန်ဟု ဆို
ပြည်သူတွေ ကျန်းမာစေကြောင်း ဒေါ်အောင်ဆန်းစုကြည် ဆုတောင်းပေး
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတတို့အမှု တရားလို စစ်ဆေးမှုများ စတင်