သတင်း

မြန်မာ စစ်ခေါင်းဆောင် ရုရှားသို့ အကြိမ်ကြိမ်သွားသော်လည်း ပူတင်နှင့် တွေ့ခွင့်မရ

Want create site? Find Free WordPress Themes and plugins.

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းတပ်ချုပ်ရာထူး ရယူစဉ်ကတည်းက ယနေ့အထိ ရုရှားနိုင်ငံသို့ အကြိမ်ကြိမ် သွားခဲ့သော်လည်း ရုရှား သမ္မတ ဗလာဒီမာပူတင်နှင့် တကြိမ်မှ တွေ့ဆုံခွင့် မရခဲ့ပေ။

ရုရှားအစိုးရ၏ ကရင်မလင် နန်းတော်ပြောခွင့်ရ ဒီမီထရီပက်စကော့ဗ်က မော်စကိုမြို့သို့ ရောက်ရှိနေသည့် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က လက်ခံတွေ့ဆုံမည် မဟုတ်ကြောင်း တနင်္လာနေ့က ရုရှား သတင်း မီဒီယာများသို့ ပြောသည်။

“သမ္မတနဲ့ တွေ့ဖို့ အစီအစဉ် မရှိပါဘူး”ဟု ၎င်းက ပြောဆိုပြီး မြန်မာစစ်ကောင်စီအကြီးအကဲ၏ ခရီးစဉ်အကြောင်း ကာကွယ်ရေးဝန်ကြီးဌာနတွင်သာ မေးမြန်းရန် သတင်းထောက်များကို ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်ချုပ် ရာထူး စယူသည့် ၂၀၁၁ ခုနှစ်မှ အာဏာသိမ်းယူပြီး စစ်ကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် ၂၀၂၁ ခုနှစ်တိုင်အောင် ရုရှားနိုင်သို့ ၄ ကြိမ်ထက်မနည်း သွားရောက်ခဲ့သူ ဖြစ်သည်။

စစ်ကောင်စီ ဥက္ကဋ္ဌသည် ရုရှားနိုင်ငံမော်စကို မြို့တွင် ရုရှားအစိုးရက ဦးဆောင် ကျင်းပနေသည့် နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံတက်ရန် ဇွန်လ ၂၀ ရက်ကတည်းက ရောက်ရှိနေခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယခုရုရှားခရီးစဉ်သည် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီ ဥက္ကဋ္ဌအနေနှင့် ရုရှားနိုင်ငံသို့ သွားရောက်သည့် ပထမဆုံးခရီးစဉ်လည်းဖြစ်သည်။

မည်သည့် အကြောင်းကြောင့် သမ္မတ ပူတင်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့မည်မဟုတ်ဟု ထုတ်ပြောရသည် ကိုမူ ဒီမီထရီပက်စကော့ဗ်က ပြောကြားခြင်း မရှိပေ။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရုရှား သမ္မတ ပူတင်တို့၂ဝ၁၉ ဧပြီလ ၂၆ ရက်က တရုတ်နိုင်ငံ ဘေကျင်းမြို့တွင် တွေ့ဆုံကြစဉ် (Myanmar State Counsellor Office)

ရုရှားသမ္မတ ပူတင်သည် မြန်မာစစ်ခေါင်းဆောင်နှင့် မတွေ့ဆုံသော်လည်း ၂၀၁၆ ခုနှစ် မေလတွင် ကျင်းပသော အာဆီယံနှင့် ရုရှ အစည်းအဝေးတခုတွင် ထိုအချိန်က မြန်မာသမ္မတ ဦးထင်ကျော်အား လက်ခံတွေ့ဆုံခဲ့ပြီး လက်ရှိတွင် မြန်မာစစ်တပ်က ဖမ်းဆီး တရားစွဲ ထားသော နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံ ပေကျင်းတွင် ၂၀၁၉ ခုနှစ် ဧပြီလက ပြုလုပ်သည့် ခေတ်သစ်ပိုးလမ်းမစီမံကိန်း (BRI) ဆိုင်ရာ ဆွေးနွေးပွဲ၌ တွေ့ဆုံခဲ့ဖူးသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားသမ္မတနှင့် တွေ့ခွင့်မရခဲ့သော်လည်း ဇွန်လ ၂၁ ရက်တွင် ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး နီကိုလိုင်ပက်ထရူရှော့၊ ရုရှကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူတို့နှင့် တွေ့ဆုံခဲ့ပြီး အကြမ်းဖက်နှိမ်နင်းရေး၊ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စများနှင့် မြန် မာအပေါ် နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုဆိုင်ရာ ကိစ္စများဆွေးနွေးခဲ့ကြောင်း ရုရှားသတင်းဌာနများ၏ ရေးသားချက်အရ သိရသည်။

“ရုရှ ကျေးဇူးကြောင့် ကျနော်တို့ စစ်တပ်ဟာ ဒေသတွင်းမှာ အင်အားအကောင်းဆုံး စစ်တပ်ဖြစ်လာခဲ့တယ်” ဟု မော်စကိုမြို့၌ ဆာဂျီရွှိုင်ဂူနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြောင်းလည်း သိရသည်။

နိုင်ငံရေးလေ့လာသူ ဒေါက်တာ လှကျော်ဇောက စစ်ကောင်စီဥက္ကဋ္ဌသည် စစ်လက်နက်ပစ္စည်းများ ရုရှားထံမှ ဝယ်ယူနိုင်ရေး အပါအဝင် ၎င်းကို ရုရှားဘက်က အသိအမှတ်ပြုမှုရရန် မော်စကိုမြို့သို့ သွားခြင်း ဖြစ်နိုင်ကြောင်း ဆိုသည်။

သို့သော်လည်း ရုရှားနိုင်ငံဘက်က ကာကွယ်ရေးကဏ္ဍတွင်သာ မြန်မာစစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံပြီး အခြားသော ကဏ္ဍ များတွင် ထိတွေ့ဆက်ဆံရေးကို သတိထားပုံရကြောင်း ၎င်းက ဆိုသည်။

“အနောက်နိုင်ငံတွေက ဖိအားပေးတဲ့အခါမှာ သူတို့က အတတ်နိုင်ဆုံး ရုရှားကို ဘက်လိုက်တာပေါ့။ မင်းအောင်လှိုင်ကိုသာ ပူတင်က တွေ့လိုက်ရင်တော့ မင်းအောင်လှိုင်အတွက် နည်းနည်းနောနော ဩဇာ ရလိုက်တာဖြစ်မှာပေါ့။ အခုတော့ ဟိုက ခပ်ပြတ်ပြတ်ပြောလိုက်တော့ ဂိုက်တော့ နည်းနည်း ပဲ့သလို ဖြစ်သွားတာပေါ့” ဟု ဒေါက်တာ လှကျော်ဇောက သုံးသပ်သည်။

ရုရှားနိုင်ငံသည် အာဏာသိမ်းမြန်မာစစ်တပ်ကို လက်နက်ပစ္စည်းများ အဓိကရောင်းချပေးနေသည့် နိုင်ငံဖြစ်သော်လည်း အခြားတဖက်တွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော စစ်တပ်၏ အကြမ်းဖက်မှုအတွင်း သေဆုံးသွားသည့် အရပ်သားများအတွက် စိုးရိမ်မိကြောင်း ထုတ်ပြောထားသည်။

မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးကလည်း စစ်ကောင်စီ ဥက္ကဋ္ဌသည် နိုင်ငံတကာ အဖွဲ့အစည်းများ အပါ အဝင် မည်သည့် ကမ္ဘာ့နိုင်ငံကမှ ၎င်းကို နိုင်ငံ့ခေါင်းဆောင်အဖြစ် အသိအမှတ် မပြုသေးသည့် အခြေအနေတွင် နှစ်နိုင်ငံ စစ်တပ်ချင်း ရင်းနှီးမှုရှိသည့် ရုရှားထံက အသိအမှတ်ပြုမှုရရန် မျှော်လင့်ချက်ဖြင့် သွားရောက်ခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။

“အခုကတော့ ကာကွယ်ရေးဝန်ကြီး အစည်းအဝေးဖြစ်တော့ ဒီလို တဆင့်နိမ့်ရာထူးမှာ ပူတင်အနေနဲ့ တက် ရောက်တဲ့ ခေါင်းဆောင်ကို သီးသန့်ခေါ်တွေ့ရင် အဓိပ္ပါယ်က တမျိုးသက်ရောက်နိုင်တာပေါ့။ တွေ့ခဲ့ရင် တော့ မြန်မာပြည်က စစ်ကောင်စီဥက္ကဋ္ဌကို တရားဝင်အသိအမှတ်ပြုရာ ရောက်သွားမှာပေါ့။ စစ်ကောင်စီဥက္ကဋ္ဌ ကတော့ အသိအမှတ် ပြုခံချင်လို့ သွားတာပေါ့ဗျာ” ဟု ဆိုသည်။

You may also like these stories:

ကုလက လက်နက်ပိတ်ပင်လည်း စစ်ကောင်စီက လက်နက်အဝယ် ထွက်

အာဏာသိမ်း စစ်ခေါင်းဆောင်၏ ဒုတိယမြောက် နိုင်ငံခြားခရီးစဉ်

လက်နက်ရောင်းသည့် ရုရှားနှင့် စီးပွားရေး ပူပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် စစ်ကောင်စီ ကြိုးပမ်းနေ

စစ်ကောင်စီ၏ ရုရှားခရီးစဉ်တွင် လက်နက်ပွဲစား ဦးတေဇ လိုက်ပါသွား

Did you find apk for android? You can find new Free Android Games and apps.
Loading