ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်တွင် ကိုဗစ်ပိုး ကူးစက်သူများ ရှိလာသဖြင့် တကျော့ပြန် ကူးစက်မှုများ ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြကြောင်း သိရသည်။
ဇွန်လ ၂၁ ရက်တွင် စစ်တွေမြို့ပေါ် မင်းဂံရပ်ကွက်မှ အမျိုးသမီးတဦးကို ကိုဗစ်ရောဂါပိုး ကူးစက်မှု ဖြစ်ပွားခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသည့် စက်လှေသမား အမျိုးသား ၅ ဦးထံတွင်လည်း ကိုဗစ်ပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကိုဗစ် ကူးစက်ခံရသည့် အမျိုးသမီးမှာ ခရီးသွားရာဇဝင် မရှိသည့်အတွက် စစ်တွေမြို့တွင် ပထမဆုံး ဒေသတွင်း ကူးစက်မှုဟု ယူဆနိုင်သဖြင့် တဆင့်ပြန်ကာ ကူးစက်မှုများ ဖြစ်လာမည်ကို စိုးရိမ်နေကြောင်း သိရသည်။
ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးသန်းထွန်းက “မင်းဂံရပ်ကွက်က ပိုးတွေ့တဲ့ အမျိုးသမီးက နယ်စပ်ကုန်သွယ် ရေးက ပိုးတွေ့တဲ့ စက်လှေသမားတွေနဲ့ မဆိုင်ဘူး။ သူက သူ့ဟာသူ နေမကောင်းလို့ ဆေးရုံလာရင်း ဆေးစစ်တဲ့အခါ ပိုးတွေ့တာ။ လတ်တလောမှာ ကုန်းပေါ်မှာ ပထမဆုံး ပိုးတွေ့လူနာပေါ့ ” ဟုဧရာဝတီသို့ ပြောသည်။
ကိုဗစ်-၁၉ ပိုးတွေ့သည့် ကျန် အမျိုးသား ၅ ဦးမှာ တဖက်နိုင်ငံသို့ ကုန်စည်ပို့ဆောင်ပြီး ပြန်လာသည့် စက်လှေသမားများ ဖြစ်သည်။
စစ်တွေပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်ကလည်း “စက်လှေသမားတွေကတော့ ပိုးတွေ့တာတခုပဲ ရောဂါ လက္ခဏာလည်း မပြဘူး။ မင်းဂံရပ်ကွက်က အမျိုးသမီး ကတော့ နည်းနည်း ဖျားတယ်။ အသက်ရှူလမ်းကြောင်း နည်းနည်းကျပ်လို့ ဆေးစစ်တဲ့အခါ ပိုးတွေ့တာ” ဟု ပြောဆိုသည်။
အဆိုပါ မင်းဂံရပ်ကွက်မှ ပိုးတွေ့လူနာ အမျိုးသမီးနှင့် ထိတွေ့ ဆက်စပ်သူ ၄ ဦးကို လက်ရှိအချိန်တွင် အသွားအလာ ကန့်သတ်ထား(Quarantine)ပြီး စောင့်ကြည့်လျက် ရှိသည်ဟုလည်း ဒေါက်တာကြည်လွင်က ပြောသည်။
စစ်တွေမြို့ အရပ်ဖက် လူမှုအဖွဲ့အစည်းတခုမှ ဦးစိုးနိုင်က “စစ်တွေမှာ ကိုဗစ်ပိုး တွေ့တယ်ဆိုတော့ စိုးရိမ်မှု ဖြစ်တာပေါ့။ ဒီအချိန်မှာ ကိုဗစ်ကိစ္စကို အာဏာပိုင်တွေကလည်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းနိုင်မယ့် အခြေအနေမမြင်ဘူး။ အဲဒီအတွက် ကျနော်တို့ ပြည်သူတွေ ကိုယ့်ဟာကိုယ်ပဲ အနေအထိုင် အသွားအလာကို ဆင်ခြင်ပြီး နေရတော့မယ်” ဟု ဧရာဝတီကို ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာသည့် စက်လှေသမားများထံမှ ပိုးတွေ့မှု များပြားသော်လည်း နယ်စပ်ကုန်သွယ်မှုကို လတ်တလော အခြေအနေတွင် ရပ်နားရန် အစီအစဉ် မရှိသေး ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးသန်းထွန်းက ပြောသည်။
“လတ်တလော နယ်စပ်ကုန်သွယ်မှုကို ကျနော်တို့ ရပ်နားဖို့ အစီအစဉ် မရှိသေးဘူး။ စက်လှေသမားတွေကို ကျနော်တို့ စည်းကမ်းတွေ တင်းကျပ်ထားတယ်။ ကုန်းပေါ် အတက်မခံဘူး။ အစောင့်တွေ ချထား တယ်။ အခုဆိုရင် စက်လှေသမား တွေကို ကိုဗစ်ကာကွယ်ဆေးတွေ စတင်ထိုးနေပါပြီ။ ပြန်ဝင်လာတဲ့ စက်လှေတွေကို လည်း ပိုးသတ်ဆေးတွေ ဖြန်းပေးနေ တာ ရှိပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဇွန်လ ၁၇ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်ပို့ဆောင်ပြီး စစ်တွေမြို့ နယ်စပ်ကုန်သွယ်ရေးစခန်းသို့ ပြန်လာ သည့် စက်လှေသမားများကို ဆေးစစ်ဆေးခဲ့ရာ စက်လှေသမား ၃၁ ဦးထံတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့သည်။
ထို့အတူ ဇွန်လ ၁၆ ရက်နေ့ကလည်း တဖက်နိုင်ငံမှ ကုန်စည်ပို့ဆောင်ပြီး ပြန်လည် ဝင်ရောက်လာသော စက်လှေသမား များကို ဆေးစစ်ခဲ့ရာ မောင်တောင်မှ စက်လှေသမား ၁ ဦးနှင့် စစ်တွေမြို့မှ စက်လှေသမား ၉ ဦး၊ စုစုပေါင်း ၁၀ ဦးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့သည်။
ယခုအခါ စစ်တွေမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ မင်းဂံရပ်ကွက်မှ အမျိုးသမီး ၁ ဦးအပါအဝင် စက်လှေသမား ၄၆ ဦးတို့ ကို စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။
ဇွန်လ ၂၀ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့ခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်း ၂ ဦး ကိုဗစ်ပိုး ထပ်မံတွေ့ရှိခဲ့ရာ ယင်းမြို့နယ်အတွင်း ပိုးတွေ့လူနာ ၅ ဦးအထိ ရှိလာနေပြီ ဖြစ်သည်။
မောင်တောမြို့နယ်အတွင်း ကိုဗစ်ကူးစက်မှုသည် နယ်စပ် ခိုးဝင်၊ ခိုးထွက်များမှတဆင့် ကူးစက်ပြန့်ပွားရခြင်း ဖြစ်သည် ဟု ဒေသခံများက ယူဆကြသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်တင်ပို့ပြီး ပြန်လာသူများတွင် ကိုဗစ်ပိုးတွေ့ရှိမှု များလာသည့် အတွက် စစ်ကောင်စီ အနေဖြင့် နယ်စပ်ကုန်သွယ်မှုကို ရပ်နားသင့်ကြောင်း တိုက်တွန်းပြောဆိုမှုများလည်း ရှိနေသည်။
၂၀၂၁ ဇန်နဝါရီလမှ ယခု ဇွန်လ ၂၁ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ စစ်တွေမြို့မှ ၇၂ ဦး နှင့် မောင်တောမှ ၅ ဦး၊ စုစုပေါင်း ၇၇ ဦးအထိ ရှိလာနေပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင် မေ ၂၇ ရက်မှ စတင်ပြီး ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်နေခြင်းဖြစ်ကာ စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံ၌ မေလအတွင်း ကိုဗစ်ကူးစက်မှုနှုန်း ၃ ရာ ခိုင်နှုန်းကျော်သာရှိရာမှ မေ ၂၇ ရက် အရောက်တွင် ကူးစက်မှုနှုန်း ၅ ဒသမ ၃၇ ရာခိုင်နှုန်းအထိ စတင်တိုးလာပြီးနောက် ဇွန်လအတွင်း ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း သိရသည်။
You may also like these stories:
အစုအလိုက် အပြုံလိုက် ကိုဗစ်ပိုးကူးစက်နေ
ကိုဗစ်ကူးစက်မှုနှုန်း ပြန်မြင့်တက်လာ