စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယမန်နေ့ (ဇွန် ၂၂ ရက်)က ထုတ်ပြန်ခဲ့သည့် ကို ဗစ်ပိုးတွေ့နှုန်းသည် မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေသော တတိယလှိုင်းတွင် အမြင့်ဆုံး ကူးစက်မှုအဖြစ် စံချိန်တင်သွားခဲ့ သည်။
ဇွန်လ တတိယပတ်တွင် ပိုးတွေ့ရှိသူ ၅၀၀ ကျော်အထိ မြင့်တက်လာပြီးနောက် ဇွန် ၂၂ ရက်နေ့တွင် ပိုးတွေ့ရှိသူ ၆၃၀ ဦး အထိ စံချိန်တင်မြင့်တက်လာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် မေလ ၂၇ ရက်က စတင်ပြီး ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်နေခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းသည် ဖြစ်ပွားမှု အများဆုံး ဖြစ်ကာ ရန်ကုန်တိုင်းသည် ဒုတိယ၊ ချင်းပြည်နယ်နှင့် တနင်္သာရီတိုင်းတို့သည် တတိယ ဖြစ်ပွားမှု အများဆုံး ဖြစ်နေကြောင်း သိရသည်။
ကိုဗစ်တတိယလှိုင်းသည် မြန်မာ – အိန္ဒိယနယ်စပ်မှ တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်မှုများမှတဆင့် ကူးစက်လာ ခြင်း ဖြစ်နိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခန့်မှန်းသုံးသပ်ထားသည်။
ဖြစ်ပွားမှု အများဆုံးဖြစ်နေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ကလေးမြို့တွင် ပြည်သူများက စစ်ကောင်စီ စီစဉ်သည့် ထိန်းချုပ်၊ ကုသရေး နေရာများကို မယုံကြည်ကြသည့်အတွက် အိမ်၌သာ ကိုယ်ထူကိုယ်ထ ကုသမှုများရှိနေကြောင်း ဒေသခံပရဟိတ အဖွဲ့တဖွဲ့ထံမှ သိရသည်။

ပရဟိတသမားတဦးက “ကလေးက အဓိက အိန္ဒိယနဲ့က ဆက်သွယ်မှု တောက်လျှောက်ရှိနေတာ အထူးသဖြင့် ကုန် ကားတွေပေါ့။ အိန္ဒိယဘက်နဲ့ ကုန်သွယ်မှုက ရှိနေတော့ အိန္ဒိယဘက်မှာလည်း ပိုးကဆိုးနေတာ။ ဒီမှာက ကူးသန်းရောင်း ဝယ်မှုကလည်း ရှိတော့ လူတွေကြားထဲမှာလည်း လက်လွတ်စပယ် နေလိုက်တဲ့အချိန်မှာ ပိုးပြန်ထလာတာ။ လောလော ဆယ် ထိန်းမနိုင်တဲ့ အနေအထားဖြစ်နေတာပေါ့” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “အောက်ဆီဂျင် မလောက်ဘူး။ အိမ်တွေမှာ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကုနေကြတဲ့လူတွေက တပြုံကြီး အများကြီးပဲ ရပ်ကွက်တိုင်းလိုလိုမှာ ရှိနေတယ်။ ကိုယ့်အစီအစဉ်နဲ့ကိုယ် အောက်ဆီဂျင်ဘူးတွေ ငှားပြီးတော့မှ အိမ်မှာပဲ ဆေးသောက်၊ အောက်ဆီဂျင်ရှူ အဲဒီလိုမျိုး လုပ်နေတာတွေ အများကြီးပဲ” ဟု ရှင်းပြသည်။
ထို့ပြင် ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင်လည်း ကိုဗစ်ကူးစက်မှုသည် ဇွန်လအတွင်း မြင့်တက်လာခဲ့ပြီး ယမန်နေ့ကဆိုလျှင် ကိုဗစ်ပိုးတွေ့ရှိမှု ၂ ဆကျော်အထိ မြင့်တက်လာကြောင်း ဒေသခံ ပရဟိတအဖွဲ့ထံမှ သိရသည်။
လားရှိုးမြို့ ပရဟိတအဖွဲ့ဝင် တဦးက “မိုးလင်းမှာလည်း ကြောက်တယ် မိုးချုပ်မှာလည်း ကြောက်နေရတယ်။ ဘာလို့လဲ ဆိုတော့ မိုးလင်းတာနဲ့ အနံ့ပျောက်တွေက ဖုန်းဆက်တယ်။ ညမိုးချုပ်တော့လည်း အနံ့ပျောက်တဲ့လူတွေက ဖုန်းဆက် တယ်။ ကိုယ်တွေကလည်း လုပ်ချင်တိုင်း လုပ်လို့မရဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ရတာဆိုတော့ သူတို့ခေါ်မှ ကျနော်တို့က လုပ်ကိုင်ပေးလို့ ရတာပေါ့။ ဖုန်းဆက်လာတာ များလာတယ်” ဟု ပြောသည်။

လားရှိုးမြို့တွင် ဇွန်လ ၈ ရက်နေ့တွင် ကိုဗစ်ပိုးကူးစက်မှုများ စတင်ဖြစ်ပွားလာခဲ့ရာ ဇွန်လ ၂၂ ရက်အထိ ကူးစက်သူပေါင်း ၂၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကူးစက်မြန် ကိုဗစ် ဗီဇပြောင်းပိုး ၃ မျိုး ဖြစ်သည့် Alpha, Delta နှင့် Kappa ကို တွေ့ရှိ ထားကြောင်း စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်နေ့တွင် ကြေညာ ထားသည်။
ဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံတွင် မေလအတွင်း ကိုဗစ်ကူးစက်မှုနှုန်း ၃ ရာခိုင်နှုန်းကျော်သာ ရှိရာ မှ မေလ ၂၇ ရက် အရောက်တွင် ပိုးတွေ့လူနာ ၅ ဒသမ ၃၇ ရာခိုင်နှုန်းအထိ တဖြည်းဖြည်း တိုးလာရာ ယခု ဇွန်လအတွင်း၌ ၁၂ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ မတ်လ ၂၃ ရက်မှ ၂၀၂၁ ဇွန်လ ၂၂ ရက်အထိ ကိုဗစ် ဓာတ်ခွဲနမူနာ စစ်ဆေးပြီးသူ ၂,၆၈၄,၇၅၆ ဦးအနက်မှ အတည်ပြုလူနာ ၁၄၉,၂၄၇ ဦးရှိပြီး သေဆုံးသူ ၃,၂၆၇ ဦးနှင့် ဆေး ရုံ ဆင်းခွင့်ရရှိသူ ၁၃၃,၈၉၃ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
အစုအလိုက် အပြုံလိုက် ကိုဗစ်ပိုးကူးစက်နေ
ကိုဗစ်တတိယလှိုင်း ဖြစ်လာလျှင် မြန်မာ ခံနိုင်ရည် မရှိ
တပူပေါ် နှစ်ပူဆင့်လာနေတဲ့ ကိုဗစ်တတိယလှိုင်း