စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များသည် တနင်္ဂနွေနေ့က မော်စကိုသို့ သွားရောက်စဉ် ရုရှားနိုင်ငံ ဆိုက်ဘေးရီးယားဒေသရှိ အီကွတ်စခါမြို့တွင် ခရီးတထောက်နားကြောင်း ခိုင်မာသောသတင်းရင်းမြစ်တခုမှ သိရသည်။
ထိုကိုယ်စားလှယ်အဖွဲ့ကို သယ်ဆောင်သွားသည့် မြန်မာ နိုင်ငံတကာလေကြောင်းလိုင်း MAI မှ Airbus 319-112 (လေကြောင်းခရီးစဉ်အမှတ် MMA001) သည် အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီ မင်းအောင်လှိုင် လုံခြုံရေး ညီလာခံ တက်ရောက်မည့် ရုရှားနိုင်ငံမြို့တော်သို့ မရောက်မီ နာရီအနည်းငယ်အလိုတွင် ထိုမြို့တွင် တထောက်နားခဲ့သည်။
မည်သည့်အတွက် အီကွတ်စခါမြို့သို့ သွားရောက်ရသနည်း။ ထိုမြို့သည် ရုရှားတွင် ၂၅ ခုမြောက် အကြီးဆုံးမြို့နှင့် ဆိုက်ဘေးရီးယန်း ဖက်ဒရယ်ခရိုင်တွင် ပဉ္စမမြောက် အကြီးဆုံးမြို့ဖြစ်ပြီး Su-30 မိသားစုဝင် ကြားဖြတ်နှင့် မြေပြင်တိုက်ခိုက်ရေးလေယာဉ်များ ထုတ်လုပ်သော စက်ရုံရှိသည့် မြို့ဖြစ်သည်။
ရုရှားအစိုးရသည် လေယာဉ်တည်ဆောက်ရေးလုပ်ငန်း အီကွတ် (Irkut) ကို အီလျူးရှင်း (Ilyushin) မီကိုယန် (Mikoyan) ဆူခွိုင်း (Sukhoi) တူပိုလက် (Tupolev) ယာကော့လက် (Yakovlev) တို့နှင့်ပေါင်းလိုက်ပြီး ယူနိုက်တက်လေယာဉ် တည်ဆောက်ရေးကော်ပိုရေးရှင်း (United Aircraft Building Corporation) ကို ထူထောင်ထားသည်။
မြန်မာသည် နှစ်နိုင်ငံကြား ၂၀၁၈ ခုနှစ်က ချုပ်ဆိုထားသည့် ဒေါ်လာ ၂၀၄ သန်းတန် စာချုပ်အရ Sukhoi Su-30SM ဂျက်တိုက်လေယာဉ် ၆ စင်း မှာယူထားသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုမြို့သို့ ယခုမှ ပထမဆုံး သွားရောက်ခြင်း မဟုတ်ပေ။ ၂၀၁၉ ခုနှစ် ဧပြီလက သူသည် အီကွတ်စခါ လေကြောင်းစက်ရုံသို့ သွားရောက်ပြီး လေယာဉ်ထုတ်လုပ်မှုကို ကိုယ်တိုင်စစ်ဆေးခဲ့သည်။
မြန်မာလေတပ်သည် သင့်တင့်သော ပစ်အားရှိပြီး မည်သည့် ပြင်ပကျူးကျော်မှုမျိုးကိုမဆို တားဆီးနိုင်ကြောင်း စစ်ဖက်နှင့်နီးစပ်သည့် ရန်ကုန်အခြေစိုက် သုတေသီများက ထိုစဉ်ကပြောကြားခဲ့သည်။ ခရီးဝေးစစ်ဆင်ရေး ပျံသန်းနိုင်သော ဈေးကြီးသည့် Su-30SM ဘက်စုံသုံး ဂျက်တိုက်လေယာဉ်များ ဝယ်ယူရခြင်း၏ ရည်ရွယ်ချက်မှာ ဒေသတွင်းတွင် အထူးသဖြင့် အရှေ့တောင်အာရှမှ အိမ်နီးချင်းများအကြားတွင် လေကြောင်းအသာစီး ရရေးဖြစ်နိုင်ကြောင်း လေ့လာသူများက ခန့်မှန်းသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Coup Maker Visits Russian Military Aviation Hub ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
မြန်မာ စစ်ခေါင်းဆောင် ရုရှားသို့ အကြိမ်ကြိမ်သွားသော်လည်း ပူတင်နှင့် တွေ့ခွင့်မရ
ကုလက လက်နက်ပိတ်ပင်လည်း စစ်ကောင်စီက လက်နက်အဝယ် ထွက်
စစ်ကောင်စီ ဒုဗိုလ်မှူးကြီး တဦးသေဆုံးရတဲ့ မန္တလေးဖြစ်စဉ်