ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် မိုးပညာဒါန ပရဟိတ သင်တန်းကျောင်းမှ ဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင် အပါအဝင် လူ ၇ ဦးကို ဇွန်လ ၅ ရက်ကတည်းက စစ်တပ်က ဖမ်းဆီးခဲ့ရာ ဇွန်လ ၂၃ ရက်အထိ သတင်း အတိကျ စုံစမ်းမရ ဖြစ်နေ၍ မိသား စုဝင်များက စိုးရိမ်နေကြကြောင်း သိရသည်။
ဖမ်းဆီးခံ ကိုအောင်ဝင်းနိုင်၏ ဇနီးဖြစ်သူ မတွယ်တာစိုးက “၃၄၉ တပ်ရင်းမှာ ဖမ်းထားတယ် ကြားလို့ အဲဒီတပ်ရင်းကို အကြိမ်ကြိမ် သွားမေးပါတယ်။ ကျမတို့ သွားမေးတိုင်း သူတို့ မဖမ်းဘူးလို့ပဲ ပြောတယ်။ အခုထိ ကျမအမျိုးသားတို့ကို ဘယ်မှာ ဖမ်းထားတယ်။ ဘာကြောင့် ဖမ်းတယ်ဆို ဘယ်လိုမှ စုံစမ်းမရ ဖြစ်နေပါတယ်။ ဘယ်လို ဆက်လုပ်ရမှန်းလည်း မသိတော့ပါဘူူးရှင်” ဟု ဧရာဝတီသို့ ပြောသည်။
ဇွန်လ ၅ ရက် မနက်ပိုင်းတွင် မိုးပညာဒါန ပရဟိတ သင်တန်းကျောင်းမှ ဥက္ကဋ္ဌဖြစ်သူ ကိုအောင်ဝင်းနိုင် အပါအဝင် နာယ က အဖွဲ့ဝင်များနှင့် သင်တန်းသားများသည် သံတွဲမြို့သို့ သွားရောက်စဉ် တောင်ကုတ်အခြေစိုက် အမှတ် ၃၄၆ တပ်ရင်း တပ်ဖွဲ့က ၎င်းတို့ စီးလာသော ကားကို ပိတ်ဆို့ ဖမ်းဆီးသွား ဖြစ်သည် ဟုလည်း မတွယ်တာစိုးက ပြောသည်။
အဆိုပါ မိုးပညာဒါန သင်တန်းကျောင်းသည် တောင်ကုတ်မြို့နှင့် ၈ မိုင် ကျော်အကွာ မိုးတောင်ရွာတွင်တည်ရှိပြီး ၂၀၂၁ ခုနှစ် ဧပြီလအတွင်းက စတင် တည်ထောင်ကာ ယခုလ ဇွန်လ ၂ ရက်တွင် သင်တန်း စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ သင်တန်းတွင် ကွန်ပြုတာ၊ အခြေခံ အင်္ဂလိပ်စကားပြော၊ စက်မှုလက်မှုနှင့် စိုက်ပျိုးရေး ပညာများကို သင်ကြား ပို့ချပေး ကြောင်းလည်း နာယက အဖွဲ့ဝင် ကိုနေလင်းအောင်က ပြောသည်။
ကိုနေလင်းအောင်က “ကျနော်တို့ ကျောင်းက ဥက္ကဋ္ဌ အဖမ်းခံရတာနဲ့ ပတ်သက်ပြီး ၃၄၆ တပ်ရင်းနဲ့ ရဲစခန်းတွေမှာ အကြိမ်ကြိမ်သွားပြီး စုံစမ်းတယ်။ အခုထိ ဘယ်နေရာမှာ ဖမ်းထားတယ်ဆိုတာ စုံစမ်းမရ ဖြစ်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကတော့ တောင်ကုတ်က ဖမ်း ဆီးခံ ၇ ဦး ကိစ္စမှာ ရက္ခိုင် စစ်တပ် (AA) နှင့်ပတ်သက်မှု မရှိကြောင်း ပြောသည်။
ဥပဒေချုပ် ဦးလှသိန်းက “တောင်ကုတ် ၇ ဦး ကိစ္စက တပ်က ဖမ်းတာလား၊ ရဲကဖမ်းတာလား၊ ဘယ်အဖွဲ့က ဖမ်းတာလည်း ဆိုတာ ကျနော်လည်း မသိဘူး။ သက်ဆိုင်တဲ့ အဖွဲ့တွေကို ကျနော် မေးကြည့်လို့ သိရတာ အခုက အဲဒီ တောင်ကုတ်က လူ ၇ ယောက်ကိစ္စဟာ AA ကိစ္စနဲ့ လုံးဝ မဆိုင်ဘူး။ အဲဒီလောက်တော့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဖမ်းဆီးခံထားရသူ ကိုအောင်ဝင်းနိုင်၏ အမျိုးသမီး မတွယ်တာစိုးက ၎င်း၏ အမျိုးသား အပါအဝင် သင်တန်းကျောင်းမှ ဒေသခံ ၇ ဦးကို တောင်ကုတ် အခြေစိုက် ခမရ ၃၄၆ တပ်ရင်းမှ ဖမ်းဆီးသွားကို သိရှိကြောင်း မျက်မြင်တွေ့လိုက်ရသည့် ကျေးရွာသားများ၏ ပြောဆိုချက်ကို ပြန်လည် ပြောပြသည်။
သို့သော်လည်း ဇွန်လ ၁၂ ရက်က ခမရ ၃၄၆ တပ်ရင်းသို့ မိသားစုဝင်များ သွားရောက်စုံစမ်း မေးမြန်းသော်လည်း ၎င်းတို့ ဖမ်းဆီးထားခြင်း မရှိကြောင်း ငြင်းဆိုနေသည့်အတွက် ယင်းနေ့တွင်း တောင်ကုတ်မြို့မ ရဲစခန်းတွင် လူပျောက်အနေဖြင့် တိုင်ချက် ဖွင့်ခဲ့ရကြောင်း မတွယ်တာစိုးက ပြောသည်။
You may also like these stories:
တောင်ကုတ်မြို့ ပရဟိတသင်တန်းကျောင်း ဥက္ကဋ္ဌ အပါအဝင် ၇ ဦးကို စစ်တပ်က ဖမ်းဆီးသွား
စစ်တပ် ဖမ်းဆီးထားသည့် တောင်ကုတ် ပရဟိတကျောင်းမှ ၇ ဦး၏ သတင်းအစအန မရ
စစ်တွေမြို့တွင် ကိုဗစ်ကူးစက်မှုများ ပြန်စလာ၍ ဒေသခံများ စိုးရိမ်