သတင်း

ကျောင်းမတက်ဘဲ ပညာတတ်အောင် ဘယ်လိုသင်မလဲ

Want create site? Find Free WordPress Themes and plugins.

အာဏာသိမ်း စစ်ကောင်စီက ဇွန်လ ၁ ရက်တွင် ကိုဗစ်ကြောင့် ပိတ်ထားသော အခြေခံပညာ ကျောင်းများကို အတင်း အကျပ် ပြန်ဖွင့်ခဲ့သော်လည်း ဆရာ/ဆရာမနှင့် ကျောင်းသား ၈၀ ရာခိုင်နှုန်းလောက်က ကျောင်း လာမတက်ကြကြောင်း ပညာရေး လေ့လာသည့် အရပ်ဘက် အဖွဲ့များထံက သိရသည်။

ဆရာ/ဆရာမနှင့် ကျောင်းသား ၂၀ ရာခိုင်နှုန်းသာ စစ်ကောင်စီဖွင့်သည့် ကျောင်းကို သွားတက်ကြသည့် သဘောဖြစ် သည်။ ထို့အတူ အဆင့်မြင့် ပညာကဏ္ဍတွင်လည်း ဆရာ/ဆရာမ ၅၆ ရာခိုင်နှုန်းသည် ကျောင်းမသွားဘဲ CDM လုပ်ထား ပြီး ကျောင်းသူ၊ ကျောင်းသား အားလုံးနီးပါး ကျောင်းမတက်ကြကြောင်း သိရသည်။

ကျောင်းလာမတက်ကြသည့် အကြောင်းမှာ စာသင်ကျောင်းများတွင် စစ်ကောင်စီ၏ စီမံမှုကို လက်မခံဘဲ အာဏာဖီဆန် ခြင်း (CDM) ကြောင့့် ပါဝင်သလို၊ ကျောင်းများတွင် လက်နက်ကိုင် စစ်သားများ ရှိနေသော ကြောင့် လုံခြုံရေး စိုးရိမ်ရသည့် အခြေအနေရှိသောကြောင့်လည်း ဖြစ်နိုင်သည်။

၂၀၂၀ခု ဇူလိုင်လ ၂၁ ရက်က တွေ့ရသည့် အခြေပညာအထက်တန်းကျောင်းမှ စာသင်ခန်း

အကြောင်းအမျိုးမျိုးကြောင့် ကျောင်းသူ/ကျောင်းသားများ ကျောင်းမသွားကြသော်လည်း ပညာသင်ယူခြင်း အလုပ်ကိုမူ မရပ်တန်သင့်ဘဲ ဆက်လက်လုပ်ဆောင်သင့်ကြောင်း ပညာရေး လေ့လာသူနှင့် ဆရာ/ဆရာမ များက အကြံပြုကြသည်။

၎င်းတို့က ပညာသင်ယူခြင်း အလုပ်ကို ရပ်လိုက်ပါက ကျောင်းသူ/ကျောင်းသား တဦးခြင်း၏ ဗဟုသုတနှင့် စဉ်းစားတွေးခေါ်မှု ကျသွားနိုင်ပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် သက်ရောက်ပါက အမျိုးသား ပညာရေး နိမ့်ကျမှု ဖြစ်သွားနိုင်သော ကြောင့် ပညာသင်ယူခြင်း အလုပ်ကို မရပ်တန်သင့် ဟု ဆိုရခြင်း ဖြစ်ကြောင်း ပြောသည်။

ထိုသို့ဆိုပါက ကျောင်းမတက်ဘဲ ပညာတတ်ရန် မည်ကဲ့သို့ သင်ကြမည်နည်း ဆိုသည့် အရေးကြီးသည့် မေးခွန်းတခု ပေါ် လာသည်။

အခြေခံပညာသင်နိုင်မည့် အခြား နည်းများ

ပညာသင်ခြင်း ဆိုသည်မှာ အကြောင်း အကျိုး၊ အကောင်း/အဆိုးနှင့် အမှား အမှန်ကို ဝေဖန်ပိုင်းခြားသည့် စွမ်းရည် အပါအဝင် ဘဝတလျှောက်လုံး စဉ်ဆက်မပြတ် သင်ယူနိုင်မည့် စွမ်းရည်ကို လေ့ကျင့်ပေးခြင်း ဖြစ်ကြောင်း ပညာရေး လေ့လာသူများက ဆိုကြသည်။

အစိုးရ ကျောင်းမတက်သော်လည်း အခြေခံပညာ သင်ကြားနိုင်မည့် နည်းလမ်းများလည်း ရှိသည်။

၎င်းတို့မှာ ဘာသာရေးဆိုင်ရာ ကျောင်းများတွင် ပညာသင်ခြင်း၊ နယ်စပ်ဒေသများရှိ တိုင်ရင်းသား လက်နက် ကိုင် အဖွဲ့များ၏ လက်အောက်ခံ ကျောင်းများတွင် ပညာသင်ခြင်း၊ ပုဂ္ဂလိကကျောင်းတွင် ပညာသင်ခြင်း၊ မိမိနေအိမ်၌ ပညာသင်ခြင်းနှင့် ရပ်ရွာအခြေပြု ပညာရေးဖြင့် ပညာသင်ကြားခြင်း တို့ ဖြစ်ကြောင်း ပညာရေး လေ့လာသူများက ပြောကြသည်။

(ကချင်ပြည်နယ် KIA ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့မှ ဖက်ဒရယ်ဥပဒေကျောင်း)

(က) ဘာသာရေးကျောင်းများတွင် ပညာသင်ခြင်း

မြန်မာပြည်တွင် ခရစ်ယာန်သာသနာပြုများက အခြေခံပညာ သင်ကြားသည့် စာသင်ကျောင်းများ ကိုလိုနီ ခေတ်က ရှိခဲ့သည်။

သို့သော်လည်း ၁၉၆၂ ခုနှစ်တွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် တက်လာသည့် တော်လှန်ရေး ကောင်စီအစိုးရ က ၁၉၆၄ ခုနှစ်တွင် သာသနာပြုနှင့် ကိုယ်ပိုင်ကျောင်းများကို ပြည်သူပိုင် သိမ်းလိုက်သဖြင့် ခရစ်ယာန်သာသနာပြု စာသင် ကျောင်းများ ပျောက်သွားခဲ့သည်။

ယနေ့ခေတ်တွင် အစိုးရ၏ ပညာရေး လက်လှမ်း မမှီသည့် နယ်စပ်ဒေသများတွင် ခရစ်ယာန် သာသနာပြု စာသင်ကျောင်း များ ရှိနေသည်။

အဆိုပါ ကျောင်းများတွင် မိဘများ အနေနှင့် မိမိတို့၏ သားသမီးများကို ပညာသင်ကြားနိုင်သည်။

ပြည်မဒေသတွင်မူ မြန်မာဘုရင်ခေတ်ကတည်းက ယနေ့အချိန် ရှင်သန်ခဲ့သည့် ဘုန်းတော်ကြီး သင်ပညာရေး ကျောင်းများရှိပြီး ဘုန်းတော်ကြီး သင် ပညာရေး ကျောင်းများတွင် ကျောင်းတက်နိုင်သည်။ အခမဲ့ ပညာရေး ဖြစ်ပြီး အလှူရှင်များ၏ လှူဒါန်းမှုဖြင့် စာသင် ကျောင်းကို ရပ်တည် လည်ပတ်ကြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဘုန်းတော်ကြီးသင် အခြေခံပညာ ကျောင်းပေါင်း ၁၆၀၀ ကျော်ရှိပြီး အများစုသည် အစိုးရ၏ ပြဋ္ဌာန်းစာအုပ်အတိုင်း သင်ကြရသည်။ အချို့သော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ကွန်ပျူတာ၊ အင်္ဂလိပ် စာနှင့် Critical Thinking ကဲ့သို့သော သင်တန်းများ ဆောင်ရွက်ပေးသည်လည်း ရှိသည်။

လက်ရှိကြုံနေရသည့် ပြဿနာမှာ အချို့ဘုန်းတော်ကြီး သင်ကျောင်းများတွင် စစ်တပ်က ဝင်ရောက်လုံခြုံရေး ယူနေခြင်း ဖြစ်ပြီး စစ်တပ်နှင့် ပူးပေါင်းမှု မရှိသည့် ကျောင်းများအတွင်း စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီး စစ်ဆေးမှုများ ဆောင် ရွက်တတ်သောကြောင့် ကျောင်းသားမိဘအချို့က ကျောင်းမလွှတ်ရဲကြခြင်း ဖြစ်သည်။

(ခ) EAO များ၏ ပညာရေးဌာနများတွင် ပညာသင်ကြားခြင်း

မြန်မာနိုင်ငံတွင် အစိုးရကို တော်လှန်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) များသည်လည်း ၎င်းတို့ ထိန်းချုပ်ရာ နေရာများတွင် အခြေခံပညာကျောင်းများ ဖွင့်ထားသည်။

ကချင်၊ ရှမ်း၊ တအာင်း၊ မွန်၊ ကရင် လက်နက်ကိုင်အဖွဲ့များသည် ၎င်းတို့၏ ပညာရေးဌာနများ၏ ကွပ်ကဲမှုဖြင့် အခြေခံ ကျောင်းများ ဖွင့်ထားခြင်းဖြစ်ပြီး အချို့ဆိုလျှင် တက္ကသိုလ်နှင့် ကောလိပ်များပင် ဖွင့်ထားသည်။

ဥပမာ- ပြရလျှင် ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က Federal Law Academy ကို ဖွင့် ထားသည်။ ကရင်အမျိုးသား အစည်းအရုံး (KNU) လက်အောက်ခံ ကရင်ပညာရေး ဌာနကလည်း ၎င်းတို့ ထိန်းချုပ်နယ် မြေတွင် အခြေခံပညာ ကျောင်းပေါင်း ၃၀၀ ကျော် ဖွင့်လှစ်ထားသည်။

အဆိုပါ တိုင်းရင်းသား နယ်မြေများရှိ အခြေခံ ပညာကျောင်းများတွင် ၎င်းတို့၏ မိခင်ဘာသာစကားဖြစ်သည့် တိုင်းရင်း သား ဘာသာစကားကို အခြေပြုကာ သင်ကြားသည်။ သင်ရိုးမှာလည်း အစိုးရ သင်ရိုးညွှန်းတမ်းနှင့် မတူဘဲ ၎င်းတို့၏ ကိုယ်ပိုင် ပြဋ္ဌာန်း သင်ရိုးဖြင့် သင်ကြားခြင်း ဖြစ်သည်။

သက်ဆိုင်ရာ တိုင်းရင်းသား နယ်မြေများတွင် နေထိုင်သော ကျောင်းသားများ အနေနှင့် အဆိုပါ ကျောင်းများ တွင် ပညာသင်ကြားနိုင်သော်လည်း ပြည်မမှ ကျောင်းသားများ ကျောင်းသွားတက်မည် ဆိုပါက ဘာသာစကား အခက်အခဲ ကြုံ ရနိုင်သည်။ ထို့ပြင် လက်ရှိကာလတွင် တိုင်းရင်းသား နယ်မြေများသို့ သွားရန်မှာ နယ်မြေ မငြိမ်မသက်မှုများကြောင့် လွယ်ကူမည် မဟုတ်သကဲ့ နေရာအသစ်တွင် နေရေးထိုင်ရေး ပြဿနာ ရှိနိုင်သည်။

လက်ရှိကာလတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ပညာရေးဌာနများသည်လည်း ပြည်မမှ တိမ်းရှောင် လာကြသူ များ၏ သားသမီးများအား ပညာသင်ပေးရန် ဆရာအင်အား၊ ကျောင်းဆောင်နှင့် သင်ထောက်ကူ ပစ္စည်းနည်းပါးမှု အခက်အခဲများ ကြုံနေကြောင်း သိရသည်။

(ဂ) ပုဂ္ဂလိက ကျောင်းများတွင် ပညာသင်ခြင်း

အစိုးရ ကျောင်းသွား မတက်လိုပါက ပုဂ္ဂလိက ကျောင်းများတွင် ပညာသွားရောက် သင်ကြားနိုင်သည်။ ပုဂ္ဂလိက ကျောင်းများတွင် ပညာသင်ကြားလိုပါက အခကြေးငွေ တစုံတရာ ပေးရသည်။ ပုဂ္ဂလိကကျောင်း များတွင် ပညာရေးဝန်ကြီးဌာန၏ ပြဋ္ဌာန်းစာအုပ်များအတိုင်း သင်ကြားသည့် ပုဂ္ဂလိက ကျောင်းများရှိပြီး အဆိုပါ ကျောင်းများကို ကိုယ်ပိုင်အထက်တန်း ကျောင်းများဟု ခေါ်ဆိုကြသည်။

မြန်မာနိုင်ငံတွင် ကိုယ်ပိုင် အထက်တန်းကျောင်း ၆၀၀ ကျော် ရှိသည်။ အာဏာသိမ်းမှု ဖြစ်ပြီးနောက် ကျောင်း ဖွင့်ကာလတွင် ကိုယ်ပိုင်အထက်တန်းကျောင်းသို့ လာရောက် ကျောင်းအပ်နှံသူ နည်းပါးနေကြောင်း ကိုယ်ပိုင် ထက်တန်းကျောင်း တည်ထောင်သူ အချို့ထံက သိရသည်။

တောင်ဒဂုံမြို့နယ်ရှိ ကိုယ်ပိုင် ကျောင်းဆရာတဦးက “အခုက ၁၀၀ ရှိတဲ့ ကျောင်းမှာ ၂၀ ပဲ ကျောင်းလာအပ် တော့တယ်။ ၁၀၀၀ လောက် အရင်က ရှိတဲ့ ကျောင်းဆိုရင် ၂၀၀ လောက်ပဲ ကျောင်းတက်တော့တယ်” ဟု ဆိုသည်။

လက်ရှိကာလတွင် လာရောက် ကျောင်းတက်သူ နည်းပါးသဖြင့် ကျောင်းလခကို ဈေးလျှော့ယူနေရကြောင်း ၎င်းက ဆိုသည်။

“ဈေးက အများကြီးလည်း မလျှော့နိုင်ဘူး။ အရင်က ၁၀ တန်းကို ၁ လ ၁ သိန်း လောက်ယူရင် အခုက ၈ သောင်းလောက် ပဲ ယူတော့တယ်။ ကျောင်းမတက်ကြတာက ကိုဗစ်ရောဂါကြောင့်ရယ်၊ ဗုံးလန့်တာရယ်၊ သူများတွေ ကျောင်းမတက်တော့ တဲ့ အချိန်မှာ ငါတို့က ဘာလို့ ကျောင်းတက်ရမှာလဲ ဆိုတာကြောင့်ရယ် မလာတာ များတယ်” ဟု တောင်ဒဂုံမြို့နယ်ရှိ ကိုယ်ပိုင်ကျောင်းဆရာတဦးက ရှင်းပြသည်။

အစိုးရ သင်ရိုးအတိုင်း သင်သည့် ကိုယ်ပိုင် အထက်တန်းကျောင်းများနှင့် ကွဲပြားသည့် International School များလည်း ရှိသည်။ ကျောင်းလခသည် ကိုယ်ပိုင်အထက်တန်းကျောင်းများထက် ပိုအဆင့်မြင့်သည်ဟု ဆိုနိုင် သည်။

International School များသည် နိုင်ငံတကာမှ သင်ရိုးများကို ဝယ်ယူသင်ကြားပြီး သင်ကြားပုံမှာလည်း လက်တွေ့ ဆောင် ရွက်ချက်များကို အားပြုသည့် ပုံစံဖြင့် လည်ပတ်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် International School ပေါင်း ၁၀၀ ကျော် ရှိကြောင်း အဆိုပါ ကျောင်းတည်ထောင်သူအချို့ထံက သိရသည်။ လက်ရှိကာလတွင် International School အချို့ လည်း ပြန်ဖွင့်နေပြီ ဖြစ်သည်။

(ဃ) Homeschooling (သို့မဟုတ်) နေအိမ်မှ တဆင့် ပညာသင်ကြားခြင်း

မြန်မာနိုင်ငံတွင် မိမိနေအိမ်မှ တဆင့်သင်ကြားခြင်းသည် ဖွံ့ဖြိုးပြီးနိုင်ငံများကဲ့သို့ တွင်ကျယ်ခြင်း မရှိသော်လည်း ယခု ကာ လကဲ့သို့ အကျပ်အတည်များကြောင့် ကျောင်းသွားရန် အဆင်မပြေသည့် အခါတွင် စတင်လုပ်ဆောင် မှုများ ရှိနေသည်။

ထို့သို့ သင်ကြားရာတွင် အစိုးရပြဋ္ဌာန်း သင်ရိုးကိုပင် ပုဂ္ဂလိက ဆရာငှားကာ သင်နေကြသည့် မိဘများ ရှိသကဲ့ သို့ မိမိ သားသမီးနှင့် ကိုက်ညီမည့် သင်ရိုးကို ကျွမ်းကျင်သူများနှင့် တိုင်ပင်ကာ ရေးဆွဲ သင်ပေးနေသည် လည်းရှိသည်။

သင်ကြားရာတွင် အင်တာနက်မှတဆင့် သင်ခန်းစာများ ဒေါင်းလုတ်ရယူလေ့လာနိုင်သကဲ့သို့ အင်တာနက် မရသူများ အနေနှင့်လည်း သင်ခန်းစာများကို ဖုန်း၊ ကွန်ပျူတာ စသည့် ပစ္စည်းများဖြင့် ကူးယူ သင်ကြားပေးမှု လည်းရှိသည်။

အခြား သင်ထောက်ကူအနေဖြင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် Flash Card များ စာအုပ်များဝယ်ယူကာ သင်ကြား ပြသပေးနိုင်သည်။

တိုင်းရင်းသား ပညာရေး အကြံပေး ဦးသိန်းနိုင်ကမူ သားသမီးများကို မိမိနေအိမ်၌ ကိုယ်တိုင် သင်ရိုးရေးဆွဲ ပညာသင်ပေး လိုပါက အနည်းဆုံး ဘာသာရပ် ၃ ခု ရေးဆွဲကာ သင်ကြားပေးသင့်ကြောင်း အကြံပေးသည်။

“ဘာသာစကားနဲ့ သင်္ချာကို အတန်းစဉ်အတိုင်း ရသွားရင်တော့ သိပ်စိုးရိမ်စရာ မရှိဘူး။ ကျောင်းပုံမှန် ပြန်တက် ခွင့်ရရင် သူတို့ လိုက်မီနိုင်တယ်။ နောက်တခုကတော့ ပတ်ဝန်းကျင်နဲ့ လူမှုဆက်ဆံရေး စွမ်းရည်ပေါ့။ ပြည်သူ့ နီတိ အခြေခံလေးတွေ ရထားမယ်ဆိုရင် သူတို့အတွက် ဘဝအတွက်ရော၊ ကျောင်းပညာရေးအတွက်ရော အဆင်ပြေနိုင်တယ်” ဟု ၎င်းက ဆို သည်။

ဦးသိန်းနိုင်က မြန်မာနိုင်ငံတွင် အစဉ်အလာ အားဖြင့် ပညာသင်ခြင်းသည် ကျောင်းသွားတက်ခြင်းသာ ဖြစ်သည် ဟု ရှုမြင်လေ့ရှိသော်လည်း လက်ရှိကာလတွင် လုံခြုံရေး အခြေအနေကြောင့် ထိုသို့ မတွေးတော့ဘဲ Homeschooling ကဲ့သို့ အခြားသော ပညာသင်ကြားနိုင်မှု နည်းလမ်းများကို မိဘများက စဉ်းစားလာကြ ကြောင်း ပြောပြသည်။

“ပိုကျယ်ပြန့်တဲ့ အသိပညာကို ရနိုင်တယ်။ Informal ပေါ့။ အခု အင်တာနက် အွန်လိုင်းခေတ်လည်း ဖြစ်တဲ့ အတွက် ပုံမှန်လမ်းညွှန်မှုပေးမယ်ဆိုရင် ပညာရေးမှာ လစ်ဟာမှု မရှိအောင် အက်ပလီကေးရှင်းက ဖြည့်ဆည်း ပေးနိုင်တဲ့ အနေအထား ဖြစ်တဲ့အခါကျတော့ အခွင့်အရေးအနေနဲ့ အသုံးချမယ်ဆိုရင် Homeschooling က ပီပြင်လာမှာပါ” ဟု ၎င်းက ပြောသည်။

မိမိနေအိမ်၌ပင် သားသမီးများကို ပညာသင်ပေးမည်ဆိုပါက မိဘများအနေနှင့် စိတ်ရှည်ရှည်ထားကာ သင်ကြားပေးသင့် သည်ဟုလည်း ဦးသိန်းနိုင်က ဖြည့်စွက် ပြောသည်။

(င) ရပ်ရွာအခြေပြု ပညာရေးဖြင့် သင်ခြင်း

ဘာသာရေးဆိုင်ရာ ကျောင်းများတွင် ပညာသင်ခြင်း၊ နယ်စပ်ဒေသများရှိ တိုင်ရင်းသား လက်နက်ကိုင် အဖွဲ့ များ၏ လက်အောက်ခံ ကျောင်းများတွင် ပညာသင်ခြင်း၊ ပုဂ္ဂလိကကျောင်းတွင် ပညာသင်ခြင်းနှင့် မိမိနေအိမ်၌ ပညာသင်ခြင်း တို့ ဆောင်ရွက်ရန် အဆင်မပြေပါက ရပ်ရွာအခြေပြု ပညာရေး တည်ထောင် ဆောင်ရွက် နိုင် ကြောင်း Thinking Classroom Foundation တည်ထောင်သူ ပညာရေး သုတေသီ ဒေါက်တာ သိန်းလွင်က ပြောသည်။

Thinking Classroom Foundation သည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ဆရာအတတ်ပညာ ပညာဒါန ဖြန့်ဖြူးပေး သည့် အရပ်ဘက် အဖွဲ့အစည်း ဖြစ်သည်။

ဒေါက်တာ သိန်းလွင်က ကလေးတိုင်း တန်းတူ ပညာရေးသင်ကြားနိုင်ရေးအတွက် အကျပ်အတည်း ကာလတွင် ရပ်ရွာ အခြေပြု ပညာရေးဆိုင်ရာ ကျောင်းများ တည်ထောင်သင့်ကြောင်း ပြောသည်။

ရပ်ရွာအခြေပြု ပညာရေးဆိုင်ရာ ကျောင်းများသည် မိမိရပ်ကွက်၊ ကျေးရွာအလိုက် ကလေးများ၏ ပညာရေး အတွက် ကိုယ်ထူကိုယ်ထ ထူထောင်သည့် ကျောင်းများဖြစ်ပြီး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝ ကျင့်သုံးသည့် ကျောင်းများ ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ ကျောင်းများကို ရပ်ရွာအလိုက် မိဘ၊ ပညာတတ်လူငယ်နှင့် ကလေးများ၏ ပညာရေး လိုလားသူများ အပါအဝင် CDM ဆရာ၊ ဆရာမများနှင့် ညှိနှိုင်းကာ ကျောင်းစီမံခန့်ခွဲရေး ကော်မတီဖွဲ့ပြီး တည်ထောင်နိုင်သည်။

အဆိုပါ ကော်မတီအောက်တွင် ကျောင်းသားနှင့် ဆရာ၊ ဆရာမများ၏ ကုန်ကျစရိတ် ဖြည့်ဆည်းပေးရန် ဘဏ္ဍာရေး ကော်မတီ၊ ဆရာ ခန့်ထားရေး ကော်မတီနှင့် သင်ရိုးညွှန်းတမ်း ကိစ္စ၊ အခြားသော ကိုယ်ထူကိုယ်ထ ကျောင်းများနှင့် ကွန်ရက်ချိတ်ဆက်နိုင်မည့် အစီအမံများအတွက် ကော်မတီခွဲများ ထားကာ ဆောင်ရွက်သင့်ကြောင်း ဒေါက်တာ သိန်း လွင်က အကြံပြုထားသည်။

စာသင်ကျောင်းအတွက် တည်နေရာကို ကျောင်းစီမံခန့်ခွဲရေး ကော်မတီတွင် တိုင်ပင်ပြီး အဆင်ပြေမည့် နေရာတွင် စီစဉ်နိုင်သည်။

ကလေးများအတွက် သင်ရိုး ညွှန်းတမ်းကိုမူ အလွတ်ကျက်သည့် သင်ရိုး မဖြစ်စေဘဲ ဝေဖန်ပိုင်းခြား စဉ်းစား ခြင်းကို အားပေးသော ဒေသလိုအပ်ချက်နှင့် ဒေသဆိုင်ရာ သမိုင်း၊ ဘာသာစကား၊ ယဉ်ကျေးမှုများကို အခြေခံ၍ ရေးဆွဲသင့် သည်ဟု ဒေါက်တာသိန်းလွင်က ပြောသည်။

ရပ်ရွာအခြေပြု ပညာရေးဆိုင်ရာ ကျောင်းများ တည်ထောင်ရန် သင်ရိုးညွှန်းတမ်း ရေးဆွဲရာ၌ အခက်အခဲ လျှင်လည်း Thinking Classroom Foundation က ကူညီပေးနိုင်ကြောင်း ၎င်းက ပြောသည်။ သင်ရိုးတွင် ဘာသာစကား၊ အသုံးချ သင်္ချာ၊ သိပ္ပံနှင့် သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် လူ့သမိုင်းဖြစ်စဉ် အပါအဝင် အားကစားနှင့် ပတ်သက်သည်များလည်း ပါဝင်သင့်ကြောင်း ၎င်းက အကြံပြုသည်။

ဆရာ၊ ဆရာမအချို့နှင့် မိဘများကမူ ရပ်ရွာအခြေပြု ပညာရေးဖြင့် စာသင်ခြင်း အစီအစဉ်သည် ကလေးများ၏ ပညာရေး တိုးတက်ရန် အထောက်အပံ့ ဖြစ်နိုင်သော်လည်း မြန်မာနိုင်ငံတွင် ပုံမှန် အသားကျနေသည့် ပညာရေးနှင့် မတူဘဲ ကွဲပြား နေကြောင်း ဆိုကြသည်။

စစ်ကောင်စီ၏ ပညာရေး စနစ်ထဲ မဝင်ဘဲ သီးသန့်ပညာရေး ဆောင်ရွက်မည်ဆိုပါက စစ်ကောင်စီဘက်က အန္တရာယ်ပေး နိုင်သည့် အခြေအနေလည်း ရှိနေကြောင်း ထောက်ပြကြသည်။ ဒေါက်တာ သိန်းလွင်ကမူ ထိုကဲ့သို့ လုံခြုံရေး စိုးရိမ်ရသည့် အခြေအနေကို ကျောင်းစီမံခန့်ခွဲရေး ကော်မတီတွင် ဆွေးနွေးကာ မည်ကဲ့သို့ ကျော်လွှား ဆောင်ရွက်နိုင်မည်ဆိုသည့် နည်းလမ်း ရှာဖွေနိုင်ကြောင်း အကြံပေးသည်။

အဆင့်မြင့်ပညာ သင်နိုင်မည့် အခြားနည်းများ

ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ၏ ပညာရေးဝန်ကြီးဌာနသည် စစ်ကောင်စီထံ ကျောင်း သွားမတက်လိုသည့် ကလေးများ မိမိနေအိမ် နှင့် ရပ်ရွာများမှတဆင့် ပညာဆက်သင်နိုင်ရေးအတွက် ကြား ကာလ ပညာရေး အစီအစဉ်တရပ်ကို ဇွန်လအတွင်း အကောင်အထည်ဖော်ပေးမည်ဖြစ်ကြောင်း ဇွန်လ ၁၆ ရက်က ကြေညာသည်။

အဆိုပါအစီအစဉ်တွင် အခြေခံပညာ ၊ သက်မွေးပညာနှင့် အဆင့်မြင့်ပညာစသည့် ပညာရေးကဏ္ဍ သုံးခုတို့ အတွက် သီးခြား ပညာရေးအစီအစဉ်များပါဝင်သည်။ ပညာရေးအစီအစဉ်တခုလုံးသည် အလွတ်ကျက်ဖြေပုံမှန် ပညာရေး ပုံစံမဟုတ်ဘဲ ကျောင်းသူ၊ ကျောင်းသားများ၏ စူးစမ်းလိုမှုနှင့် တီထွင်ဆန်းသစ်မှုကို အားပေးထားကာ ကိုယ်တိုင်သင်ယူကြရန် ရည်ရွယ် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း NUG ၏ ထုတ်ပြန်ချက်အရသိသည်။

လက်ရှိတွင် အဆိုပါပညာရေးအစီအစဉ်သည် အခြေခံနှင့် သက်မွေးပညာကဏ္ဍတို့အတွက် သင်ကြားရေး လုပ်ငန်းများမစတင်သေးနိုင်သေးသော်လည်း အဆင့်မြင့်ပညာဏ္ဍတွင်မူ သင်ကြားရေးလုပ်ငန်းများ စတင်နေပြီဖြစ်သည်။

ယင်းတို့မှာ (NUG) ၏ ပညာရေး ဝန်ကြီးဌာန လက်အောက်ခံ ယာယီတက္ကသိုလ် အုပ်ချုပ်ရေးကောင်စီများ၏ ပညာရေး အစီအစဉ်များတွင် ပါဝင်သင်ကြားနိုင်ခြင်း ဖြစ် သည်။

ပညာရေး အစီအစဉ်များသည် အွန်လိုင်းမှတဆင့် သင်ကြားခြင်းကို အခြေပြုထားသည်။ NUG ၏ ပညာရေး ဝန်ကြီးဌာနလက်အောက်ခံ ယာယီ တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီ ၆၅ ကျောင်း တည်ထောင်ထားပြီး အဆိုပါ ကောင်စီများတွင် ဝိဇ္ဇာသိပ္ပံ၊ ပညာရေး၊ စီးပွားရေး၊ ကွန်ပျူတာ၊ နည်းပညာအပါအဝင်၊ ဆေးနှင့် ဆေးနှီးနွယ် စသည့် ဘာသာရပ်ဆိုင်ရာ တက္ကသိုလ်များ ပါဝင်သည်။

အဆိုပါ တက္ကသိုလ်များသည် တက္ကသိုလ် တခုချင်းစီအလိုက် အွန်လိုင်းမှ တဆင့် ပညာသင်ကြားသည့် ပညာရေး ဆွေး နွေးပွဲများ၊ အခမဲ့ သင်ရိုးများ ရယူလေ့လာနိုင်သည့် အစီအစဉ်များ၊ မိမိလေ့လာထားသည် များကို ဆရာနှင့် ပြန်လည် ဆွေး နွေးသည့် အစီအစဉ်များ လုပ်ဆောင်နေသည်။

တက္ကသိုလ် တခုချင်းစီ အလိုက် အွန်လိုင်းမှတဆင့် ပညာသင်ကြားသည့် အစီအစဉ်များသည် လတ်တလော တွင် ပညာရေး အဆက်မပြတ်စေရန် သင်ကြားသည့် အစီအစဉ်များဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံတကာ အသိ အမှတ်ပြုသည့် ဘွဲ့များ ပေးနိုင်ရေးအထိ ရည်မှန်းချက်ထားကာ လုပ်ဆောင်နေခြင်း ဖြစ်သည်။

ဥပမာ- အားဖြင့် ရန်ကုန် တက္ကသိုလ်အုပ်ချုပ်ရေး ကောင်စီဆိုလျှင် ပြည်ပ ပညာရှင်များ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် CDM ဆရာများ ပူးပေါင်း၍ Virtual Federal University ဆိုသည့် ဝက်ဘ်ဆိုက်ဖွင့် ကာ အွန်လိုင်း အခမဲ့ တက္ကသိုလ် တခု လုပ်ဆောင်ထားသည်။

အဆိုပါ ကောင်စီသည် NUG ၏ ပညာရေး ဝန်ကြီးဌာနနှင့်လည်း ကွန်ရက်ချိတ်ဆက်ထားသည်။ အဆိုပါ တက္ကသိုလ်တွင် သမိုင်း၊ Critical Reading (ဝေဖန်ပိုင်းခြား စဉ်းစား၍ စာဖတ်ခြင်း)၊ နိုင်ငံရေးသိပ္ပံ၊ ဥပဒေ၊ လူမှုရေး သိပ္ပံနှင့် သင်္ချာကဲ့သို့ သော ဘာသာရပ်များ သင်ကြားနိုင်သည်။

ဝက်ဘ်ဆိုက်တွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် အသံဖိုင်၊ ရုပ်သံဖိုင်နှင့် သင်ခန်းစာ PDF ဖိုင်များ ဒေါင်းလုတ် ရယူနိုင် ကြောင်း ရန်ကုန် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂထံမှ သိရသည်။

“ဘာသာရပ် မတူရင် တင်ဆက်ပုံကတော့ မတူဘူး။ ဝက်ဘ်ဆိုက် ပလက်ဖောင်း ရှိတယ်။ တယ်လီဂရမ် ချန်နယ်တွေ ရှိ တယ်။ ဆွေးနွေးနိုင်တဲ့ အခြေအနေတွေ၊ အမေးအဖြေ လုပ်လို့ရနိုင်တဲ့ အခြေအနေတွေ ဖန်တီးထားတာတော့ ရှိတယ်။ အဲဒီမှာ ဆရာနဲ့ ဆွေးနွေးတာတွေလည်း လုပ်လို့ ရနိုင်တယ်။ ဝင်ခွင့်အတွက် Test ဖြေရတာတွေလည်းရှိပါတယ်” ရန်ကုန် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ကိုညီဇော်က ပြောသည်။

ရန်ကုန် တက္ကသိုလ်နည်းတူ နည်းပညာ တက္ကသိုလ်(သန်လျင်) သည်လည်း ကြားကာလ ယာယီတက္ကသိုလ် ကောင်စီ၏ ကွပ်ကဲမှုဖြင့် အွန်လိုင်းမှတဆင့် ပညာသင်ကြားသည့် အစီအစဉ် လုပ်ဆောင်နေသည်။

နည်းပညာတက္ကသိုလ် (သန်လျင်) ၏ ကြားကာလ ယာယီ တက္ကသိုလ်ကောင်စီတွင် ဗိသုကာ၊ မြို့ပြအင်ဂျင်နီယာ၊ သတင်း အချက်အလက်နည်းပညာ၊ ဓာတုဗေဒ၊ Mechatronics ၊ အီလက်ထရောနစ်၊ လျှပ်စစ်စွမ်းအားနှင့် စက်မှု ပညာရပ်များ သင်ကြားနိုင်သည်။

“ကျနော်တို့က ဘယ်လို စီစဉ်ထားလဲ ဆိုတော့ Short Term Course တွေနဲ့ ကိုယ့်ရဲ့ lecture ကို ဝက်ဘီနာ (Webinar) တွေ ၊ Zoom တွေနဲ့ သင်ဖို့ဆိုပြီး Plan လုပ်နေပါတယ်။ ဒါကကျတော့ အင်တာနက်ရတဲ့ တက်နိုင်တဲ့သူတွေ တက်ဖို့ပေါ့။ ဒါက Knowledge Sharing သဘောမျိုး သွားတာဆိုတော့ သူတက်တယ်။ ငါတက်တယ်ဆိုတာထက် တက်နိုင်တဲ့သူတွေ တက်ပြီး တခြားလူတွေကိုလည်း ပြန်မျှဝေနိုင်ဖို့ ဖြစ်ပါတယ်” ဟု နည်းပညာ တက္ကသိုလ်(သန်လျင်) မှ ဆရာတဦးက ဧရာ ဝတီ သို့ ပြောသည်။

နည်းပညာ တက္ကသိုလ်(သန်လျင်) ၏ ပညာရေး အစီအစဉ်တွင် ပညာရပ်ဆိုင်ရာ သီအိုရီပိုင်းနှင့် လက်တွေ့ပိုင်း သင်ပြခြင်း များ ပါဝင်မည်ဖြစ်ပြီး သင်ခန်းစာများကို ကျောင်းသားများအနေနှင့် မိမိကိုယ်တိုင် လက်တွေ့ လေ့ကျင့်လုပ်ဆောင်ရမည့် အခြေအနေ ရှိနေကြောင်း သိရသည်။

ဆေးနှင့် ဆေးနှီးနွယ် ဘာသာရပ်များနှင့် ပတ်သက်၍မူ NUG နှင့် UK နိုင်ငံရောက် ဆရာဝန်ကြီးများ ပူးပေါင်းကာ မေလ ၂၉ ရက်ကတည်းက အွန်လိုင်းမှတဆင့် သင်ပေးနေမှုများရှိသည်။

UK နိုင်ငံတွင် နေထိုင် အလုပ်လုပ်နေကြသည့် အထူးကု မြန်မာသမားတော်ကြီးများ ဦးဆောင်ကာ မြန်မာနိုင်ငံ ဆေးတက္က သိုလ် ၅ ခုက နောက်ဆုံးနှစ် ကျောင်းသားများအတွက် အွန်လိုင်းမှ သင်တန်းပေးခြင်း ဖြစ်သည်။ အဆိုပါ သင်တန်းကို သင် တန်း စဖွင့်သည့်နေ့မှာပင် တက်ရောက်သူ ကျောင်းသူ၊ ကျောင်းသား ၂၀၀၀ ကျော်ရှိကြောင်း NUG ကျန်းမာရေး ဝန်ကြီးဌာ န၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားများ သင်ကြားရသည့် အထွေထွေ ဆေးပညာ၊ ခွဲစိတ်ကုပညာ၊ သားဖွားမီး ယပ် ဆေးပညာနှင့် ကလေးအထူးကု ဆေးပညာရပ်တို့ကို စာသင်ချိန် တချိန်လျှင် ၁ နာရီကြာသတ်မှတ်ပြီး စနေနှင့် တနင်္ဂ နွေရက်များတွင် Zoom မှ တဆင့် သင်ပေးခြင်း ဖြစ်သည်။

ဆေးတက္ကသိုလ် နောက်ဆုံးနှစ်သာမက အခြားသော အတန်းများအတွက်လည်း ပညာသင်ပေးနိုင်ရန် ကြိုးပမ်းနေ ကြောင်း NUG ထံမှ သိရသည်။

အဆင့်မြင့် ပညာကဏ္ဍရှိ ကျောင်းသူ၊ ကျောင်းသားများသည် များသောအားဖြင့် နည်းပညာပိုင်းဆိုင်ရာ အခြေခံ ဗဟုသုတ ရှိသူများ ဖြစ်ကြသဖြင့် မြန်မာနိုင်ငံတွင် အင်တာနက် ရနေသ၍ မိမိလေ့လာလိုသည့် ဘာသာရပ်များကို အွန်လိုင်းမှတဆင့် ရှာဖွေလေ့လာနိုင်သည့် အခြေအနေ ရှိသည်။

သို့သော်လည်း စစ်ကောင်စီသည် အင်တာနက် အသုံးပြုခွင့်ကို အချိန်မရွေး ပိတ်ပစ်နိုင်သည့် အခြေအနေရှိသဖြင့် အင်တာ နက် မရတော့ပါကလည်း မည်ကဲ့သို့ ပညာသင်ယူနိုင်မည်ကို ကြိုတင် စဉ်းစားကာ ပြင်ဆင်ထားသင့်ကြောင်း ပညာရေး လေ့လာသူများက အကြံပြုကြသည်။

You may also like these stories:

ပလက်ဝမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့သဖြင့် စာသင်ကျောင်းများ ပြန်ပိတ်

လှည်းကူးတွင် လူ ၂၀၀ ကျော် အစုလိုက် ကိုဗစ် ကူးစက်

ကိုဗစ်ကာလ ရခိုင်တွင် ကျောင်းတက်သူ ကျောင်းသား/သူ ၃ သိန်းကျော် ရှိ

အာဏာသိမ်း စစ်ကောင်စီလက်ထက် ကျောင်းတက်ရေး မတက်ရေး

Did you find apk for android? You can find new Free Android Games and apps.
Loading