အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌနှင့် စစ်ကောင်စီတို့ကို အမျိုးသား လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် အကြံပြုနိုင်ရန် လက်ရှိ အစိုးရ အဖွဲ့ရုံး ဝန်ကြီးဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်ကို အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ပြီးခဲ့သည့် မေလ ၂၂ ရက်က ခန့်အပ် တာဝန်ပေးခဲ့သည်။
ယခု ခန့်အပ်ခဲ့သည့် အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ရာထူးသည် ယခင်က စစ်တပ်က မရှိခဲ့ဘဲ ပြီးခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အစိုးရ လက်ထက်တွင် စတင်ပေါ်ပေါက်လာသည့် ရာထူးတခု ဖြစ်သည်။
ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်သည် စစ်တက္ကသိုလ် အပတ်စဉ် ၂၂ မှ ဖြစ်ပြီး လက်ရှိ စစ်ကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးရဲထွဋ်၊ ပြည်ထဲရေး ဝန်ကြီးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊
ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး သူရသက်ဆွေတို့နှင့် စစ်တက္ကသိုလ် တပတ်စဉ်တည်း ဖြစ်သည်။
၎င်းသည့် တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ စစ်ဥပဒေချုပ်၊ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်၊ စစ်ဆင်ရေး အထူး အဖွဲ့မှူး တာဝန်များကို ထမ်းဆောင်ခဲ့ပြီး NLD အစိုးရ လက်ထက်သို့ ရောက် လာသည့်အခါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့ဘက်မှ ဦးဆောင်ရန် တာဝန်ပေးခံ ရသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရပြီးချိန်တွင် တနိုင်ငံလုံးရှိ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အားလုံးနှင့် ငြိမ်းချမ်းရေး ရရှိသည်အထိ ဆွေးနွေးရန် ဗိုလ်ချုပ်ကြီးများ ဦးဆောင်သည့် “တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီ” ကို ဖွဲ့စည်းရာတွင်လည်း ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်မှာ ဥက္ကဋ္ဌ ဖြစ်သည်။
ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန် ယူခဲ့သည်။ ထို့နောက် ၂၀၂၀ ဒီဇင်ဘာလတွင် တပ်မတော်အရံ အင်အားသို့ ပြောင်းရွှေ့ခံခဲ့ရသည်။
တပ်မတော် အရန်အင်အားဆိုသည်မှာ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများသည် ၎င်းတို့၏ သတ်မှတ်ကာလအတွင်း ရာထူး တဆင့် မတိုးပါက အရန်အင်အားသို့ ကူးပြောင်းရမည် ဖြစ်ပြီး၊ ဥပမာ ဒုတိယ ဗိုလ်ချုပ်ကြီးများသည် ယင်းရာထူးဖြင့် ၅ နှစ် တာဝန်ထမ်းဆောင်ပြီး ရာထူး မတိုးသည့်အခါ အရန်အင်အားအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်ရသည်။

သို့သော် စစ်တပ်က အာဏာသိမ်းပြီးသည့်အခါ ပြီးခဲ့သည့် NLD အစိုးရ လက်ထက်တွင် တိုးချဲ့ ဖွဲ့စည်းခဲ့သည့် ပြည်ထောင် စု အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ခန့်အပ်ခံရပြီး NLD လက်ထက်တွင် ပေါ်ပေါက် ခဲ့သည့် အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေး ရာထူးကိုပါ ဆက်လက် ရယူခဲ့ခြင်း ဖြစ်သည်။
ယခင် NLD အစိုးရလက်ထက်တွင် အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးသောင်းထွန်း မှာ နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် စွပ်စွဲခံထားရပြီး ရန်ကုန်မြို့ရှိ၊ အင်းစိန်ထောင်၌ ထိန်းသိမ်း ခံထားရသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်သည် စစ်တက္ကသိုလ် အပတ်စဉ် ၂၂ မှ ဖြစ်ပြီး လက်ရှိ စစ်ကောင်စီ ဥက္ကဋ္ဌမှာ စစ်တက္ကသိုလ် အပတ်စဉ် ၁၉ မှ ဖြစ်သဖြင့် ၎င်းမှာ ဂျူနီယာတဦး အနေဖြင့် လုံခြုံရေးဆိုင်ရာ အကြံဉာဏ်များကို လွတ်လပ်စွာ ပြောဆို တင်ပြနိုင်ရန် မလွယ်ကူကြောင်း တပ်မတော် အရာရှိဟောင်းတဦးက သုံးသပ်သည်။
“အကြံပေး ပုဂ္ဂိုလ်ဆိုတာမျိုးကို ထားတဲ့နေရာမှာ အသက်အရွယ်အရရော၊ ဝါအရရော ဒီ ခေါင်းဆောင်လုပ်တဲ့သူနဲ့ တန်းတူ သို့မဟုတ် ခေါင်းဆောင်လုပ်တဲ့ သူထက် ပိုမြင့်တဲ့သူကိုပဲ ထားဖို့ သင့်တယ်။ ခေါင်းဆောင်လုပ်တဲ့သူရဲ့ ဂျူနီယာ ဖြစ်မယ်၊ ခေါင်းဆောင်လုပ်တဲ့သူရဲ့ ရာထူးငယ်တဲ့သူ၊ ဝါအတွေ့အကြုံ ငယ်တဲ့သူ ဖြစ်တယ်ဆိုရင် အဲဒီအကြံပေးတဲ့သူက သူသိတာ တွေ အကုန် မပြောရဲတော့ဘူး” ဟု ၎င်းက ပြောသည်။
ယခု ရာထူးနေရာမှာလည်း စစ်အာဏာသိမ်းမှုကို လက်မခံဘဲ တန်ပြန် တိုက်ခိုက်မှုများက ပြည်တွင်း၊ ပြည်ပတွင်ပါ ရှိနေရာ ယင်းအခြေအနေများကို ထိန်းချုပ်နိုင်ရန်နှင့် စစ်ကောင်စီ ဥက္ကဋ္ဌ၏ လုံခြုံရေးတို့အတွက် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်၏ လူယုံတဦးကို ရွေးချယ်တာဝန်ပေးခြင်း ဖြစ်နိုင်ကြောင်း စစ်တပ် အသိုင်းအဝိုင်းက ပြောသည်။
“အခု တပ်ချုပ် ကစထမှူး ဘဝတုန်းက ကိုရာပြည့်က သူ့အောက်က တောင်ကြီးမှာ တိုင်းမှူး။ ပြောရရင် ငယ်ကြောက်ပေါ့။ လူယုံလို့လည်း ပြောရတယ်။ လူယုံမို့လို့ သူနဲ့ ခေတ်ပြိုင်တွေကို အရပ်ဝတ်လဲ၊ ရွေးကောက်ပွဲ ဝင်ခိုင်းပေမယ့် သူ့ကို အခုထိ အရန်အင်အားမှာ ယူနီဖောင်းနဲ့ ထားတာပေါ့။ နောက်ပြီး ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင်၊ ဝန်ကြီးလည်း တာဝန်ပေးလိုက် တယ်။ အခုလည်း အကြံပေးပေါ့” ဟု တပ်မတော် အရာရှိဟောင်းတဦးက ပြောသည်။
စစ်တပ်တွင် အကြံပေး အရာရှိနှင့် အကြံပေးပုဂ္ဂိုလ် ဟူ၍ နှစ်မျိုးရှိရာ အကြံပေးပုဂ္ဂိုလ်သည် ရာထူးအားဖြင့် ပိုမို မြင့်မားပြီး အကြံပေးများအတွက် ဖွဲ့စည်းပုံ သီးခြား မရှိသဖြင့် အကြံပေးများစွာ စစ်တပ်ထဲတွင် ရှိနေကြောင်း သိရသည်။
လက်ရှိ အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ၏ အကြံပေး အဖွဲ့ဝင်များမှာ ဒုတိယ ဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ် ကြီး လူအေး၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏ ချွေးမဖြစ်သူ ဒေါက်တာ ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦး၊ ချင်းတိုင်းရင်းသား ဒေါက်တာ ဆလိုင်းငွန်ကျူံးလျန်၊ ဒေါ်ခင်ဦးလှိုင်နှင့် ဗိုလ်မှူးကြီး ထိန်လင်းတို့ ဖြစ်သည်။
ယင်းအကြံပေးအဖွဲ့၏ ခေါင်းဆောင် ဖြစ်သူ ဒု ဗိုလ်ချုပ်ကြီး သန်းထွန်းဦးမှာ စစ်တက္ကသိုလ် အပတ်စဉ် ၂၄ မှ ဖြစ်ပြီ လက်ရှိ တွင် တပ်မတော် အရန်အင်အားသို့ ရောက်ရှိနေသူတဦးလည်း ဖြစ်သည်။
ဒု ဗိုလ်ချုပ်ကြီး လူအေးမှာလည်း စစ်ရာထူးခန့်ချုပ်ဖြင့် တာဝန်ထမ်းဆောင်နေသူတဦး ဖြစ်ပြီး ဗိုလ်မှူးကြီး ထိန်လင်း မှာ လည်း NLD အစိုးရ လက်ထက်တွင် သမ္မတရုံး အကြံပေးနှင့် ရခိုင်ပြည်နယ် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး တာဝန် ထမ်း ဆောင်ခဲ့ဖူးသူ တဦး ဖြစ်သည်။
အကြံပေးများမှာ ခေတ်အဆက်ဆက်တွင် ရှိခဲ့ဖူးပြီး စစ်အစိုးရလက်ထက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အရပ်သား အကြံပေးများဖြင့် ခန့်ထားခဲ့ဖူးပြီး လက်ရှိ အင်းစိန်ထောင် တွင် ထိန်းသိမ်းခံထားရသည့် ဒုဝန်ကြီးဟောင်း ဦးဝင်စတန်ဆက်အောင်၏ ဖခင်ဖြစ်သူ ဦးဆက်မောင်မှာ နဝတ ဥက္ကဋ္ဌရုံး၏ အကြံပေး လုပ်ခဲ့ဖူးသည်။
အရပ်သားတပိုင်း အစိုးရ သမ္မတ ဦးသိန်းစိန် လက်ထက်တွင်လည်း သမ္မတရုံး အကြံပေးအဖြစ် လက်ရှိ အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်၊ ဦးမြင့်၊ ရဲမှူးကြီး အငြိမ်းစား ဦးစစ်အေး၊ ဦးမြင့်မောင်နှင့် ဒေါ်ရင်ရင်နွယ် တို့ကို ခန့်အပ် တာဝန်ပေးအပ်မှုများ ရှိခဲ့ဖူးသည်။
ထို့ပြင် ရဲမှူးချုပ် သူရဘိုနီသည် အငြိမ်းစား ယူပြီးနောက် တပ်ချုပ် အကြံပေး ဖြစ်လာခဲ့ဖူးပြီး စစ်ဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးမြင့်သိန်း၊ တွဲဖက် စစ်ရေးချုပ် ဗိုလ်ချုပ် လှဆွေ တို့သည်လည်း တပ်ချုပ်ရုံး အကြံပေးများအဖြစ် ဆောင်ရွက်ခဲ့ သေးသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးကလည်း “အကြံပေးတွေ ထားတာ ကောင်းပါတယ်။ အကြံပေးတွေ အလုပ် ဖြစ် မဖြစ် ဆိုတာကတော့ သူတို့ရဲ့ အရည်အချင်းပေါ်လည်း မူတည်တယ်။ နောက်တခုက အဲဒီအကြံပေးတွေက အရည်အချင်း ရှိ တယ်ပဲ ထားဦး။ အဆုံးအဖြတ်ပေးနိုင်တဲ့သူနဲ့ ထိတွေ့မှု ပုံမှန်ရှိသလား။ နေ့စဉ် ထိတွေ့မှု ရှိသလား။ လူရိုသေ၊ ရှင်ရိုသေ အကြံပေးတွေလည်း ဖြစ်နေတတ်တယ်” ဟု ပြောသည်။
နိုင်ငံတိုင်းတွင် အရပ်ဘက် အစိုးရများ၌ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်များ ရှိတတ်ပြီး အမေရိကန် သမ္မတ ၏ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ရာထူးဆိုလျှင် အလွန် မြင့်မားပြီး အရေးကြီး ကိစ္စရပ်များ ဆုံးဖြတ်ရာတွင် ပါဝင်ရသည့် အနေအထားမျိုး ရှိသည်။
“ဒီမှာကတော့ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဆိုတဲ့ ရာထူးက အခုမှ ပေါ်လာတာ။ အရင်ကလည်း စစ်တပ် မှာ မရှိဘူး။ အခုမှ ရှိတာ။ ပြည်တွင်း လက်နက်ကိုင် အင်အားစုတွေရဲ့ ခြိမ်းခြောက်မှုလည်း ပါနိုင်တယ်” ဟု တပ်မတော် အရာရှိဟောင်းတဦးက ပြောသည်။
၎င်းက ဆက်၍ “ကိုရာပြည့်ထက်စာရင် အရင်တုန်းက စစ်တကယ် တိုက်ခဲ့တဲ့ ဒု ဗိုလ်ချုပ်ကြီး ကျော်ဝင်းတို့၊ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းတို့လို အငြိမ်းစား စီနီယာ အရာရှိကြီးတွေကို စဉ်းစားသင့်တယ်။ အသက် ၇၀ တန်းလောက် ပုဂ္ဂိုလ်တွေကို အကြံပေးထားရင် ပို ထိရောက်နိုင်တယ်။ ဒီအငယ်တွေက ပန်းခင်းလမ်းကို ဖြတ်လာရတာ။ သိပ်ကြမ်းကြမ်းတမ်းတမ်း မလုပ်ခဲ့ရဘူး” ဟု ပြောသည်။
You may also like these stories:
ရုရှား စစ်ဘက်လေကြောင်း အချက်အခြာနေရာသို့ အာဏာသိမ်းခေါင်းဆောင် သွားရောက်
စစ်ကောင်စီ ဒုဗိုလ်မှူးကြီး တဦးသေဆုံးရတဲ့ မန္တလေးဖြစ်စဉ်
အာဏာသိမ်း စစ်ခေါင်းဆောင်၏ ဒုတိယမြောက် နိုင်ငံခြားခရီးစဉ်
စစ်ကောင်စီတပ်က ဓားပြလုပ်ရပ်များ ကျူးလွန်နေ
စစ်ကောင်စီအောက်တွင် “ကာကီရောင် စီးပွားရေး” ထွန်းကားမည်