ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်တိုင် ထိုးထားပြီးသူ ၃ ဦး၌ ကိုဗစ်ပိုး တွေ့ရှိသဖြင့် ဒေသခံပြည်သူများကြား စိုးရိမ်မှု မြင့်တက်လျက် ရှိသည်။
အဆိုပါ ပိုးတွေ့သူ ၃ ဦးမှာ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးရုံးမှ ဝန်ထမ်း ၂ ဦးနှင့် မြို့ပေါ်ရပ်ကွက်နေ အမျိုးသမီး ၁ ဦးတို့ဖြစ်ကြောင်း မောင်တောပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံက ဧရာဝတီက အတည်ပြုသည်။
ဒေါက်တာနုကေသီစံက “မောင်တောမှာ ပိုးတွေ့လူနာ ၇ ဦး ရှိတယ်။ အဲဒီ အထဲမှာ ထွေ/အုပ်ဝန်ထမ်း ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးကတော့ ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားတဲ့လူတွေ ဖြစ်တယ်။ ကာကွယ်ဆေးထိုးထားရင် ပိုးမကူးတော့ဘူး လို့တော့ မဟုတ်ဘူး။ ဆေးထိုးပြီးရင် ၁၀၀ ရာခိုင်နူန်း ပိုးမကူးတော့ဘူး ဆိုတာမျိုး မဟုတ်ဘူး။ အဓိကတော့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေကို လိုက်နာဖို့ပဲ” ဟု ပြောသည်။
အဆိုပါ ၃ ဦးလုံး မောင်တောပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ၎င်းတို့နှင့် ဆက်စပ် မိသားစုဝင် ၁၀ ဦးကို လည်း အသွားအလာကန့်သတ် (Quarantine) ကာ စောင့်ကြည့်ထားကြောင်း သိရသည်။
မောင်တောမြို့ခံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှစိန်က ကိုဗစ်ကူးစက်မှုနှင့် ပတ်သက်၍ ဒေသခံ ပြည်သူ များကြား စိုးရိမ်မှုများရှိနေပြီး ဒေသအာဏာပိုင်များ အနေဖြင့် ဂရုတစိုက် ကိုင်တွယ်ဆောင်ရွက်မှုမျိုးကို မတွေ့ရ ကြောင်း ပြောဆိုသည်။
၎င်းက “အခုလို ပိုးကူးတာဟာ ဘင်္ဂလားဒေ့ရှ်ဘက်က ဝင်လာတဲ့ လူတွေကတဆင့် ကူးတယ်လို့ ယူဆကြတယ်။ အဲဒီ လူ ဝင်လူထွက် ကိစ္စတွေကို အာဏာပိုင်တွေအနေနဲ့ သေချာ ကိုင်တွယ်ဖို့ လိုတယ်။ နောက်တခုက ဌာနဆိုင်ရာတွေ အနေနဲ့ ကာကွယ်ဆေး ထိုးထားတယ်ဆိုပြီး ကိုဗစ်ကို သိပ်အလေးထား ကိုင်တွယ်တာကို မတွေ့ရဘူူး။ ဌာနဆိုင်ရာတွေကို ကျနော်မေးကြည့်တော့ ကိုဗစ်နဲ့ ပတ်သက်ပြီး ဘတ်ဂျတ်တွေ မရှိဘူးလို့ ပြောတယ်” ဟု ဆိုသည်။
စစ်တွေမြို့ပေါ်တွင်လည်း ယခုရက်ပိုင်းအတွင်း မင်းဂံရပ်ကွက်မှ ၄ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်ပို့ဆောင်ပြီး ပြန်လာသော စက်လှေသမားများတွင်လည်း ပိုးတွေ့ရှိသဖြင့် စစ်တွေပြည်သူ့ဆေးရုံ၌ ကိုဗစ်လူနာ ၄၀ ကျော် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်သူ တနေ့ထက်တနေ့ များပြားလာနေပြီး ဇွန်လ ၂၃ ရက်နေ့ကလည်း တောင်ကုတ်မြို့ နယ်အတွင်း ရဲအချုပ်ခန်းမှ အချုပ်သား ၂ ဦးကို အကျဉ်းထောင် ပို့ဆောင်ရန် စစ်ဆေးစဉ် ကိုဗစ်ပိုးတွေ့ရှိခဲ့ကာ ဇွန်လ ၂၄ ရက်နေ့ကလည်း သံတွဲမြို့နယ်အတွင်း အလယ်တန်းပြ ဆရာမတဦးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့သည်။
ထိုသို့ ခရီးသွားရာဇဝင်မရှိဘဲ ဒေသတွင်း ကိုဗစ်ကူးစက်မှု များပြားလာသော်လည်း လတ်တလောတွင် စာသင်ကျောင်း များ ပိတ်ရန်မရှိသေးဘဲ ကိုဗစ်စည်းကမ်း ထုတ်ပြန်ချက်များကို တိကျစွာ လိုက်နာရန် ညွှန်ကြားထားကြောင်း ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ပြောသည်။
ဦးတင်သိန်းက “ကျောင်းဖွင့်ကတည်းက ကျနော်တို့ ကိုဗစ်စည်းကမ်းချက်တွေကို ထုတ်ပြန်ထားပြီး ဖြစ်တယ်။ ပြည်သူ တချို့ ကိုဗစ်ပိုးကူးစက်မှု ရှိတဲ့လာတဲ့ အပေါ်မှာလည်း ကျနော်တို့က ထပ်ပြီးတော့ စည်းကမ်းကို တိကျစွာ လိုက်နာဖို့ ထပ် ဆင့် ညွန်ကြားချက်တွေ ထုတ်ပြန်ထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ရခိုင်ပြည်နယ်အတွင်း အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများကို ဇွန်လ ၁ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့ပြီး ကျောင်းသူ/သားပေါင်း ၃ သိန်းကျော် တက်ရောက်သဖြင့် ရာနှုန်းပြည့်နီးပါး ကျောင်းတက်ရောက်မှု ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပြည်နယ်အတွင်း အခြေခံပညာ စာသင်ကျောင်းပေါင်း ၃၃၀၉ ကျောင်း ရှိသော်လည်း စစ်တပ်နှင့် ရက္ခိုင့်စစ်တပ် (AA) တို့ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရွာပျက်ပြီး လူမရှိတော့သည့်အတွက် စာသင်ကျောင်းပေါင်း ၁၂၈ ကျောင်း သာ ဖွင့်လှစ်နိုင်ခြင်း ရှိသည်ဟုလည်း သိရသည်။
အမ်းမြို့နယ်အတွင်းမှ အလယ်တန်းပြ ဆရာမတဦးက “ ကျမတို့ဆီမှာတော့ ကျောင်းတက်တဲ့ အရေအတွက်က များတယ်။ ကလေးတွေကလည်း ကိုဗစ်စည်းကမ်းချက်နဲ့အညီပဲ Mask တပ်ခိုင်းတယ်။ လက်ဆေးတဲ့ ရေဘူးတွေလည်း ကိုယ်စီယူလာပြီး ကိုယ့်ရေးဘူးနဲ့ ကိုယ်ပဲ လက်ဆေးခိုင်းတယ်” ဟု ဧရာဝတီကို ပြောသည်။
ကျောင်းသားမိဘ အနေဖြင့်မူ ရခိုင်ပြည်နယ်အတွင်း စာသင်ကျောင်းများ ဖွင့်လှစ်၍ ကျောင်းတက်ခွင့် ရရှိနေသော်လည်း ကိုဗစ်နှင့် ပတ်သက်၍ စိုးရိမ်မှုရှိသလို စစ်ပွဲပြန်ဖြစ်ပြီး စာသင်နှစ် အပြည့်အဝ ကျောင်းတက်ခွင့်မရဘဲ တဝက်တပျက် ဖြစ် မည့်အပေါ်လည်း စိုးရိမ်မှုရှိနေကြသည်။
မြောက်ဦးမြို့မှ အလယ်တန်းကျောင်းသား မိဘတဦးက “ကလေးဆိုတာက အဖော်နဲ့နေတာလေ။ သူများကလေးတွေ ကျောင်းတက်တဲ့အချိန် ကိုယ့်ကလေး ကျောင်းမပို့ဘဲ ထားလို့လည်း မရဘူး။ ဒါပေမယ့် ကျောင်းဖွင့်လို့သာ ကျောင်းတက် ခိုင်းရတာ။ ဘယ်နေ့ ကိုဗစ်ကြောင့် ပြန်ပိတ်မလဲ၊ ဘယ်အချိန် စစ်ပွဲပြန်ဖြစ်မလဲဆိုတာ အမြဲတမ်း စိုးရိမ်နေတယ်။ စိတ်ချ လက်ချတော့ ကျောင်းထားရတာ မဟုတ်ဘူး” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် မေလ ၂၇ ရက်မှ စတင်ပြီး ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်နေခြင်းဖြစ်ကာ ရန်ကုန်နှင့် ပဲခူးတိုင်းတို့ တွင် အစုလိုက် ကူးစက်ဖြစ်ပွားမှုများလည်း ရှိနေသည်။
ရခိုင်ပြည်နယ်သည် ကိုဗစ်တတိယလှိုင်းတွင် အဖြစ်များဆုံး ပြည်နယ်နှင့်တိုင်းစာရင်းတွင် မပါဝင်သေးသော်လည်း ၂၀၂၁ ဇန်နဝါရီမှ ဇွန်လအတွင်း စာရင်းများအရ ရခိုင်ပြည်နယ်၌ ကိုဗစ်ပိုးတွေ့ရှိသူ စစ်တွေမှ ၇၅ ဦး၊ မောင်တောမှ ၇ ဦး၊ တောင် ကုတ်မှ ၂ ဦး စုစုပေါင်း ၈၄ ဦး ရှိပြီဖြစ်သည်။
စစ်ကောင်စီ၏ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ ၂၀၂၀ မတ် ၂၃ ရက်မှ ၂၀၂၁ ဇွန် ၂၄ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာပေါင်း ၁၅၀,၇၁၄ ဦး ရှိပြီဖြစ်ပြီး သေဆုံးသူ ၃,၂၇၅ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
You may also like these stories:
ကိုဗစ် တတိယလှိုင်းက ကပ်ဆိုးကို သယ်ဆောင်လာသည်
ကိုဗစ်-၁၉ အစ ဓါတ်ခွဲခန်းက ဆိုသည့် အယူအဆကို တရားဝင် စုံစမ်းစစ်ဆေးသင့်
ကိုဗစ်တတိယလှိုင်း ဖြစ်လာလျှင် မြန်မာ ခံနိုင်ရည် မရှိ