စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ကြား ယမန်နေ့က တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ရာ နှစ်ဘက်အထိအခိုက်အကျအဆုံး ရှိခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၅ဦးခန့် သေဆုံးသလို PDF တပ်များ ဘက်မှလည်း ၁ ဦး သေကာ ၃ဦး ဒဏ်ရာရကြောင်း ဒေသခံ သတင်းရင်းမြစ်များထံမှ သိရသည်။
ဇွန် ၂၄ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ခန့် စမြင်ကြီးရွာကို ရောက်လာရာမှ တိုက်ပွဲဖြစ်ခြင်းဖြစ်ပြီး၊ ညနေပိုင်းမှာလည်း သံပေါက်ရွာသို့ ထပ်မံဝင်မွှေသဖြင့် ဒုတိယအကြိမ် တိုက်ပွဲဆက်ခဲ့သည်ဟုဆိုသည်။
ဒေသခံတဦး၏ အဆိုအရ “သေတာ ၁၅ ယောက်နဲ့ အထက်မှာ ရှိတယ်။ သေဆုံးတဲ့ အလောင်းတွေနဲ့ ဒဏ်ရာရတဲ့ လူတွေကို ဆွဲခေါ်သွားတဲ့အချိန်မှာ ခန့်မှန်းရေတွက်ထားတာ။ စမြင်ကြီးရွာဆိုတာကို ဝင်မွှေတယ်။ တော်တော်လေး အခြေအနေဆိုးတဲ့အတွက် မခံမရပ်နိုင် ဖြစ်တဲ့အတွက် ဒေသခံ PDF တွေနဲ့ တိုက်ပွဲ ဖြစ်သွားတယ်။ အဲဒီကနေ ဆုတ်တာမှာ သံပေါက်ဆိုတဲ့ရွာမှာ ဝင်ပြီး ဖျက်ဆီးသွားတာ” ဟု ပြောသည်။
မင်းကင်းမြို့သည် အထက်ချင်းတွင်း ကလေးခရိုင်တွင် ပါဝင်ပြီး ကလေး၀မြို့နယ်၊ တန့်ဆည်မြို့နယ်၊ ကျွန်းလှမြို့နယ်၊ ကနီမြို့နယ်များနှင့် ထိစပ်နေကာ တိုက်ပွဲဖြစ်ပွားရာ စမြင့်ကြီးကျေးရွာသည် သံပေါက်၊ အင်ဒိုင်းကုန်း စသည့် သစ်တေ ကြိုးဝိုင်းကြီးများ ဝန်းရံနေသလို သံပေါက်ရွာသည်လည်း ချင်းတွင်းမြစ်ကမ်းနံဘေးတွင် တည်ရှိသည်။
ဤတကြိမ် တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ PDF တပ်ဖွဲ့ဝင်ပုံစံ ဝတ်စားဆင်ယင်မှု အသွင်သဏ္ဍာန်မျိုး ဖန်တီးကာ ပစ်ခတ်တိုက်ခိုက်မှုမျိုး များ ပြုလုပ်လာသည်ဟုလည်း မင်းကင်းမြို့နယ် PDF အဖွဲ့ဝင်တဦးက ပြောသည်။
၎င်းက “ကျနော်တို့က ဦးထုပ်အကြားတွေနဲ့ ပုံစံတမျိုးနဲ့ လုပ်လိုက်တာ။ ကိုယ့်လူချင်းတောင် ကံကောင်းလို့ မသေခဲ့တာ။ သူတို့က ကျနော်တို့ အသွင်ဆောင်လာလို့ တိုက်ပွဲမှာ ကိုယ့်ဘက်က အင်္ကျီချွတ်ရတဲ့ ပုံစံတွေတောင် လုပ်ယူရတယ်။ အရင် တခေါက် ကျနော်တို့ထဲက ဓာတ်ပုံတင်လိုက်တယ်လေ။ အဲဒီပုံစံတွေနဲ့ လာတာ။ ကျနော်တို့က ကိုယ့်လူမှတ်နေတာ။ သတင်းပေါက်ကြားမှုတွေက အန္တရာယ်များတာပေါ့” ဟု ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ပင်တင်းရွာသို့ PDF အဖွဲ့ သွားရောက် တိုက်ခိုက်ရာတွင် သတင်းပေါက်ကြားမှု ရှိခဲ့သည့်အတွက် စစ်ကောင်စီက ကြိုတင်ပစ်ခတ်မှုများရှိခဲ့ရာ PDF အဖွဲ့များ တပ် ဆုတ်ခဲ့ရသည့် အခြေအနေ ဖြစ်ပေါ်ခဲ့သည်။
ထို့ပြင် မင်းကင်းမြို့နယ်၊ ကျောက်ခဲတက်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသခံ PDF တို့ ဇွန် ၂၀ ရက်နေ့ ညဘက်၌ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ပြီး နှစ်ဦးနှစ်ဖက် အထိအခိုက် အကျအဆုံး မရှိခဲ့ပေ။
လက်ရှိ တိုက်ပွဲများတွင် ဒေသခံ PDF များက တူမီး၊ လက်လုပ်သေနတ်များဖြင့်သာ တိုက်ပွဲဝင်နေရသော်လည်း စစ်ကောင် စီက အားပြင်းလက်နက်များဖြင့် ပစ်ခတ်မှုများရှိရာ လက်နက်အင်အား ကွာဟမှုကြောင့် အခက်အခဲများ ကြုံတွေ့နေ ရသော် စိတ်ဓာတ်အင်အားနှင့် နယ်မြေကျွမ်းကျင်မှုတွင် ပြည်သူများဘက်မှ သာလွန်ကြောင်းလည်း မင်းကင်း PDF က ဆိုသည်။
PDF အဖွဲ့ဝင်တဦးက “အင်အားနဲ့ စိတ်ဓာတ်နဲ့က ပြည်သူတွေက သာပေမယ့် အဓိက ဖြစ်နေတာက လက်နက်အင်အား ဘယ်လိုမှ မယှဉ်နိုင်ဘူး။ ကျနော်တို့က သူတို့ကို သွားသတ်တာ။ သွားအသေခံတာ မဟုတ်တဲ့အတွက် ပထမအချက်က သူတို့ကို သတ်ဖို့ထက် ကိုယ့်အသက်ကို ပြန်ပြီးတော့ လွတ်အောင်ရှောင်နေရတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ လက်နက်ချင်း မယှဉ်သာတော့။ အဲဒီ အခက်အခဲ ဖြစ်နေပါတယ်” ဟုပြောသည်။
မင်းကင်း PDF အဖွဲ့ အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်နက်ခဲယမ်း အထောက်အပံ့ တစုံတရာ မရရှိ ဘဲ ၎င်းတို့ကိုယ်တိုင် ရှာဖွေစုဆောင်းထားသည့် လက်နက်ခဲယမ်းများဖြင့်သာ၊ ရရာလက်နက်ဖြင့်သာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေရခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ပွဲများ ဖြစ်ပွားနေသည့် မင်းကင်းမြို့နယ်နှင့် ကနီမြို့နယ်ကြားရှိ ရွာများအတွင်း စစ်ကောင်စီတပ်သားများ ဝင်ရောက် ရှာဖွေ ဖျက်ဆီးမှုများ ပြုလုပ်နေသည့်အတွက် ရွာပေါင်း ၁၀ ရွာဝန်းကျင်က ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
စစ်တပ်က ဖေဖေါ်ဝါရီ ၁ရက် အရပ်သားအစိုးရထံမှ အာဏာသိမ်းပြီး၊ ဆန္ဒပြ ပြည်သူများကို ပြင်းထန်စွာ နှိပ်ကွပ်ရာမှ စ၍ စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲများဖြစ်ခဲ့ပြီး ချင်း၊ ကယား စသည့် ပြည်နယ်များပါ မကျန် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက် ခဲ့သည်၊ ထိုတိုက်ခိုက်မှုများကြောင့် တနိုင်ငံလုံး အတိုင်းအတာအရ ဇွန်လ ၂၀ရက်အထိ စစ်ကောင်စီတပ်များဘက်မှ ၉၃ဦးသေဆုံးကာ ၄၀၅ ဦး ဒဏ်ရာရကြောင်း၊ လက်ပစ်ဗုံးဖြင့် ၁၆၇၄ကြိမ် အပစ်ခံရသလို၊ တူမီးသေနတ်ဖြင့် ၁၄၂ကြိမ်၊ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ပစ်ခံရကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
You may also like these stories:
ဗန်းမော်ခရိုင်အတွင်း စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေ
အလော့ဘွမ်ကြောင့် စစ်ရေး ပိုတင်းမာလာနိုင်တဲ့ မိုးမောက်ဒေသ