မန္တလေး ပစ်ခတ်မှုဖြစ်စဉ်၌ သေဆုံးသူ နှစ်ဦးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ဖွဲ့ဝင်များ မဟုတ်သကဲ့သို့ ဖမ်းမိသည့် လက်နက် ၁၀၀ ကျော်နှင့် ခဲယမ်းမီးကျောက် ၁ သောင်းကျော်မှာလည်း ၎င်းတို့နှင့် မပတ်သက်ကြောင်း KIA က ငြင်းဆိုလိုက်သည်။
စစ်ကောင်စီက မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အခြေစိုက်ရုံးကို ဝင်ရောက် တိုက်ခိုက်ရာ PDF ၄ဦးသေဆုံးကာ ၈ဦးဖမ်းမိကြောင်း၊ သေဆုံးသူများအနက် ၂ဦးမှာ KIA တပ်ဖွဲ့ဝင် ဗိုလ်တူးဖိုးနှင့် ဗိုလ်ကို ရိုင်းတို့ဖြစ်ကြောင်းနှင့် ယင်း ဖြစ်စဉ်အပြီး သပိတ်ကျင်းမြို့နယ်တွင် ဖမ်းမိသည့် လက်နက်များမှာလည်း KIA၏ လက်နက် များဖြစ်ကြောင်း စွပ်စွဲထားခြင်းဖြစ်သည်။
ယင်းစွပ်စွဲချက်နှင့် ပတ်သက်၍ KIA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “အဲဒီကိစ္စက ဖြစ်နိုင်ခြေ မရှိဘူးလို့ ပြောလိုပါတယ်။ ကျနော်တို့လူလည်း မလွှတ်ဘူး။ အဲဒီဘက်မှာ ကျနော်တို့နဲ့ နီးစပ်တဲ့ စစ်တပ်တွေ၊ တပ်စခန်း တွေလည်း မရှိဘူး။ ကျနော်တို့ ဘက်က လူတော့ ဖြစ်နိုင်ခြေ နည်းပါတယ်။ အဲဒီလောက်ပဲ ကျနော်ငြင်းလိုပါတယ်” ဟု ဧရာဝတီကို ပြောသည်။
မန္တလေး PDF ကလည်း ဇွန်လ ၂၂ ရက် ချမ်းမြသာစည်မြို့နယ်၊ ၅၄ လမ်းရှိ ၎င်းတို့ တပ်ဖွဲ့ဝင်များ စခန်းချရာ နေအိမ် အတိုက်ခံရမှုတွင် ၂ ဦး သေဆုံးခဲ့ပြီး ၆ ဦး အဖမ်းခံရကြောင်း ကြေညာထားသည်။
စစ်ကောင်စီက ယင်းမန္တလေး ဖြစ်စဉ်အပြီး နောက်တရက်တွင် သပိတ်ကျင်းမြို့နယ်၊ ဝါးရုံကုန်း ကျေးရွာတွင် မန္တလေး PDF တပ်ဖွဲ့ဝင် ၄ ဦးကို လက်နက် ၁၀၀ ကျော်၊ ခဲယမ်းမီးကျောက် ၁ သောင်းကျော်တို့ဖြင့် ဖမ်းမိကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး၊ ယင်းလက်နက်များမှာ KIA က ပေးလိုက်ခြင်းဖြစ်ပြီး ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အတွင်းမှ မန္တလေးတိုင်း အတွင်းသို့ သယ် ဆောင်လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းစွပ်စွဲချက်နှင့် ပတ်သက်၍လည်း ဗိုလ်မှူးကြီးနော်ဘူက “KIO ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်လည်း မရှိဘူး။ သဘော ထား ချမှတ်တာလည်း မရှိဘူး။ အဲဒါကြောင့် ကျနော်လည်း ဘာမှမသိဘူး။ KIA ဘက်ကနေ ဝင်လာတာလား။ KIA က ပေးလိုက်တာလား။ ဒါတွေ ကျနော် ဘာမှမသိပါဘူး။ ကျနော်ကတော့ လုံးဝ ဘာမှမသိဘူး” ဟု ဆိုသည်။
စစ်ကောင်စီ၏ ကြေညာချက်တွင် လက်နက်များနှင့် အတူ ဖမ်းမိသူ ၄ ဦးတွင် မန္တလေး PDF တပ်ဖွဲ့၏ ခေါင်းဆောင် တဦးဖြစ်သူ ဗိုလ်ထွန်းတောက်နိုင် ပါဝင်သည်ဟုလည်း ရေးသားထားသည်။
ဗိုလ်ထွန်းတောက်နိုင် အပါအဝင် ၄ ဦးသည် KIA ထံတွင် စစ်သင်တန်း တက်ထားသူများဖြစ်ပြီး ၎င်းတို့ စစ်သင်တန်း တက် ရန်နှင့် လက်နက်ခဲယမ်း သယ်ဆောင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဖားကန့်မြို့နယ်၊ လွှတ်တော်ကိုယ် စားလှယ် ဦးခင်မောင်မြင့်၊ မန္တလေးမြို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလင်း၊ ကောလင်းမြို့ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်အောင်တို့က ပါဝင်ပတ်သက် နေသည်ဟုလည်း စစ်ကောင်စီက စွပ်စွဲထားသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မန္တလေး PDF တပ်ဖွဲ့၏ ပြန်ကြားရေးက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ တွင် “ကျနော်တို့ ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်ထွန်းတောက်နိုင်ဟာ ကျနော်တို့နဲ့အတူ ရှိနေပါတယ်” ဟု ပြန်လည်ဖြေရှင်းထား သည်။
စစ်ကောင်စီက ဖမ်းမိသည်ဆိုသော လက်နက်ခဲယမ်း မီးကျောက်များသည် K 2-5 ချေမှုန်းရေးရိုင်ဖယ် ၆၄လက်၊ M-79 လောင်ချာ အလက် ၄၀၊ 779 Pading III-S လောင်ချာ ၁၀ လက် ၊ ကျည် ၁ သောင်း၊ လက်ပစ်ဗုံး ၄၉၉ လုံး၊ ၄၀ မမ ဗုံးသီး ၁၄၇၃ လုံး၊ ရီမုမိုင်းတွင် အသုံးပြုသည့် အဝေးထိန်းခလုတ် ၃၅ ခု၊ ယမ်းမှုန့် ၄ ဒသမ ၉ ကီလိုဂရမ်၊ သေနတ်လွယ် ကြိုး ၁၅၀ ခု၊ လျှပ်စစ်စနက်တံ ၁ ခွေ၊ ဒီတိုနေတာ ၃ ထောင်ခန့်တို့ ဖြစ်သည်ဟု ကြေညာထားသည်။
အဆိုပါ လက်နက်ခဲယမ်းများကို မန္တလေး PDF တပ်ဖွဲ့ဝင် ၄ ဦးက ၆ ဘီးယာဉ် ၁ စီးဖြင့် တင်လာကာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်မှတဆင့် စစ်ကိုင်းတိုင်းကို ဖြတ်သန်းကာ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းသို့ သယ် ဆောင်လာခြင်း ဖြစ်သည်ဟုလည်း စစ်ကောင်စီက ဆိုသည်။
လက်နက်ခဲယမ်းများ သယ်ဆောင်လာမည့် သတင်းကို မန္တလေးအခြေစိုက် PDF ရုံးအား ဝင်ရောက်စီးနင်းစဉ် ဖမ်းမိခဲ့သည့် PDF တပ်ဖွဲ့ဝင်များက စစ်ကြောရေး၌ စစ်ရေးရာတွင် ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ မန္တလေးတိုင်း အဝင်၌ စောင့်ဆိုင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေး PDF တပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်း အများအပြား ဖမ်းမိသည်ဟု စစ်ကောင်စီက ကြေညာထားသည်နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစုံတရာ တုံ့ပြန်ဖြေဆိုခြင်း မရှိပါ။
တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် နီးစပ်ကာ စစ်လက်နက်ရေးရာ ကျွမ်းကျင်သူတဦးက စစ်ကောင်စီ ကြေညာ ထားသည့်ထဲတွင် ပါရှိသော K 2-5 ချေမှုန်းရေးရိုင်ဖယ်များသည် ကိုးရီယားနိုင်ငံထုတ် လက်နက်အမျိုးအစားများ ဖြစ်နေပြီး KIA တပ်တွင်း အသုံးပြုသည့် လက်နက်ခဲယမ်းများနှင့် တူညီခြင်းမရှိဟု ပြောဆိုသည်။
၎င်းက “ဒါက ကိုရီးယားလက်နက်လား။ KIA လက်နက်လား မသဲကွဲပါဘူး။ ဒါက ပြောရခက်တယ်။ ဟုတ်ချင်လည်း ဟုတ် နိုင်တယ်၊ မဟုတ်ချင်လည်း မဟုတ်ဘူး။ အသေးစိတ် အနီးကပ်လည်း မြင်ရတာ မဟုတ်တော့ ပြောရခက်ပါတယ်။ KIA တပ်ဖွဲ့တွေ သုံးနေတဲ့ထဲမှာတော့ ဒီသေနတ်တွေ သိပ်မတွေ့ရပါဘူး” ဟု ပြောသည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၎င်းအား ဆန့်ကျင်ဆန္ဒပြနေသည့် လူထုကို ပစ်ခတ်ဖြိုခွင်းခြင်းကြောင့် အရပ်သား ၈၀၀ ကျော် သေဆုံးခဲ့ပြီး လူထု ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ အဖွဲ့ဝင်များ၊ စစ်ကောင်စီကို ဆန့် ကျင်နေသူများ၊ ရှေ့နေများ၊ သတင်းသမားများ အပါအဝင် စုစုပေါင်း ၄၀၀၀ နီးပါးကို ဖမ်းဆီးချုပ်နှောင်ကာ တရားစွဲဆို ထားသည်။
နိုင်ငံတဝှမ်းမှ လူငယ်များကလည်း စစ်ကောင်စီကို လက်နက်ကိုင်ပြီး ပြန်တော်လှန် တိုက်ခိုက်ကာ ဖြုတ်ချမည်ဟူသည့် ရည်ရွယ်ချက်ဖြင့် နယ်စပ်ဒေသရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များထံ သွားရောက်ကာ စစ်ပညာ သင်ယူခြင်းများ ပြု လုပ်လျက်ရှိသည်။
တိုင်းရင်းသား လက်နက်ကိုင် နယ်မြေများတွင် စစ်သင်တန်းတက်ပြီး ပြန်လာသူများသည် ဒေသအသီးသီးတွင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF)များ ဖွဲ့စည်းကာ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခြင်း၊ စစ်ကောင်စီ၏ သတင်းပေးအချို့ကို သတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ရှိသည်။
PDF တပ်ဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်မှ တပ်ဖွဲ့များလည်း ဖြစ် သည်။
NUG သည် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့်လည်း အကြိမ်ကြိမ် အစည်းအဝေးများ ပြုလုပ်ကာ အာဏာရှင် စနစ် ဖြုတ်ချရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းမှုများ ဆောင်ရွက်ထားသည်။
NUG နှင့် ဆွေးနွေးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များထဲတွင် KIA မှ ကိုယ်စားလှယ်များ ပါဝင်သော်လည်း KIA က တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသည့်အပြင် PDF လူငယ်များကိုလည်း စစ်သင်တန်းပေးခြင်း မရှိကြောင်း ငြင်းဆိုထားသည်။
KIA သည် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် လူထုနှင့်အတူ ရပ်တည်မည်ဟုဆိုကာ ကချင်ပြည်နယ်နှင့် ရှမ်းပြည် နယ် မြောက်ပိုင်းတို့၌ စစ်မျက်နှာဖွင့်ကာ တိုက်ခိုက်မှုများ ပြုလုပ်ပြီး အာဏာသိမ်း စစ်ကောင်စီကို ဆန့်ကျင်နေသည့် နိုင်ငံရေးသမားများ၊ တတ်ကြွလှုပ်ရှားသူများနှင့် အစိုးရဝန်ထမ်းများကို အကူအညီပေးခြင်းများ ရှိနေသော်လည်း KIA ဘက် က တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိပါ။
You may also like these stories:
လူထုအနေဖြင့် စစ်ရေး နိုင်ငံရေး သတိထားနားစွင့်ကြရန် KIA တိုက်တွန်း
စစ်ကောင်စီ ဒုဗိုလ်မှူးကြီး တဦးသေဆုံးရတဲ့ မန္တလေးဖြစ်စဉ်
စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် မန္တလေး PDF ၂ ဦးသေဆုံး၊ ၆ ဦး ဖမ်းခံရ