မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသည့် စစ်ဘေးရှောင် ၂ သိန်း ၃ သောင်း ကျော်ရှိလာကြောင်း ကုလသမဂ္ဂက ပြောကြားသည်။
စစ်ကောင်စီနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များကြား ဖြစ်ပွားသော တိုက်ပွဲများ၊ စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကြား ဖြစ်ပွားသော တိုက်ပွဲများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချင်းချင်း ဖြစ်ပွားသော တိုက်ပွဲများကြောင့် ဖြစ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရ Stéphane Dujarric က ဇွန်လ ၂၄ ရက် တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကုလသမဂ္ဂ လူသားချင်းစာနာမှု အထောက်ကူပေးရေး ညှိနှိုင်းမှုအဖွဲ့ (UNOCHA) ၏ မေလကုန်ပိုင်းက ထုတ်ပြန်ချက် အရ မြန်မာနိုင်ငံ၌ စစ်ရှောင် ၈ သောင်းကျော်ရှိခဲ့ရာ ယခုအခါ ၂ သိန်း ၃ သောင်းကျော် ရှိလာသဖြင့် ၁ လအတွင်း စစ်ရှောင် အရေအတွက် နောက်ထပ် ၂ ဆနီးပါး တိုးလာခြင်းလည်း ဖြစ်သည်။
ကုလသမဂ္ဂ၏ အချက်အလက်များအရ ကယားပြည်နယ်တွင် စစ်ဘေးရှောင် ၁ သိန်း ၃ ထောင်ကျော်၊ ကရင်ပြည်နယ် တွင် ၇ သောင်း ၄ ထောင်ကျော်၊ ချင်းပြည်နယ်တွင် ၂ သောင်းကျော်၊ ကချင်ပြည်နယ်တွင် ၁ သောင်း ၁ ထောင်ကျော်နှင့် ရှမ်းပြည်နယ်တွင် ၃၀၀ ကျော်ရှိကြောင်း သိရသည်။
ချင်းပြည်နယ်ရှိ စစ်ရှောင် ၂ သောင်းကျော်ထဲတွင် စစ်ကိုင်းနှင့် မကွေးတိုင်းတို့မှ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာသူများလည်း ပါဝင် ကြောင်း သိရသည်။
UNOCHA က မြန်မာနိုင်ငံဆိုင်ရာ အကူအညီပေးရေး ရန်ပုံငွေထဲမှ ဦးစားပေး အဆင့်အနေဖြင့် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၂၁ သန်းကို သုံးစွဲပြီး မြန်မာနိုင်ငံတွင် အရေးပေါ်ကယ်ဆယ်ရေးများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။
မြေပြင်တွင် စစ်ဘေးရှောင်များကို ထောက်ပံ့ကူညီနေသူများကမူ လက်ရှိတွင် ကုလသမဂ္ဂ အဖွဲ့အစည်းများထံမှ ထိရောက် သည့် အကူအညီများ မရောက်ရှိသေးဘဲ ပြည်တွင်းထောက်ပံ့ကူညီသူများနှင့် ပြည်ပရောက်မြန်မာများ၏ လှူဒါန်းမှုများ ဖြင့် ဖြေရှင်းနေရကြောင်း ဧရာဝတီကို ပြောသည်။
ရှမ်း – ကယားနယ်စပ် မိုးဗြဲမြို့နယ်ရှိ စစ်ဘေးရှောင်များကို ကူညီပေးနေသူတဦးကလည်း လက်ရှိတွင် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်များကြား ၁ လ ယာယီ အပစ်ရပ်ထားသဖြင့် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း လုံခြုံရေး စိတ်မချရသေးသဖြင့် နေရပ်သို့မပြန်နိုင်ဘဲ ဖြစ်နေသည်ဟု ပြောဆိုသည်။
၎င်းက “စစ်တပ်တွေက ညနေဘက် ကင်းလှည့်တာတွေရှိလို့ ကျီးလန့်စာစားပေါ့။ အခြေအနေကို ကြည့်ပြီး ရှောင်နေရ တာတွေ ရှိတယ်။ အလုံးစုံတော့ မပြန်နိုင်သေးဘူး။ လောလောဆယ် စားနပ်ရိက္ခာပိုင်းက အခက်အခဲတော့ မရှိဘူး။ ကျနော်တို့ဘက်မှာ လာခိုလှုံတဲ့ ကယားပြည်နယ်ထဲက အဖွဲ့တွေကတော့ ရေရှည်ဆိုရင် စားနပ်ရိက္ခာ အခက်အခဲ ရှိတယ်” ဟု ပြောသည်။
ထို့ပြင် စစ်ရှောင်များအတွက် ဆေးဝါးနှင့် ခြုံစရာစောင်၊ အမိုးအကာများ လိုအပ်နေသည်ဟုလည်း မိုးဗြဲမြို့နယ်ရှိ စစ်ဘေးရှောင်များကို ကူညီပေးနေသူတဦးက ရှင်းပြသည်။
ချင်းပြည်နယ်တွင် စစ်ဘေးရှောင်များကို ဆေးကုသပေးနေသည့် CDM ဆရာဝန် တဦးကလည်း စစ်ကောင်စီဘက်မှ စစ်ရှောင်များအတွက် စားနပ်ရိက္ခာ ပို့သည့်ကားများကို တားမြစ်ခြင်း၊ ရိက္ခာများကို အတင်းအကျပ် ယူနေခြင်းများရှိသဖြင့် စားနပ်ရိက္ခာ နည်းပါးလာသည့် ပြဿနာ ရင်ဆိုင်နေရကြောင်း ပြောသည်။
၎င်းက “နောက်ပိုင်း စစ်ကောင်စီက အစစ်အဆေးတွေ တအားလုပ်တယ်။ ဆန်တို့၊ ဆီတို့ ၊ စားသောက်ကုန်တွေ ပါတယ် ဆိုရင် ပစ္စည်းတွေ ချခိုင်းတာတို့ ပြန်လှည့်ခိုင်းတာတို့ လုပ်တဲ့အခါကျတော့ စားနပ်ရိက္ခာက အဆင်မပြေတော့ဘူး။ ရိက္ခာ မလောက်တော့ဘူး။ အဲဒါကြောင့် အခု စစ်ရှောင်စခန်းတွေမှာ တနေ့ကို ထမင်း ၂ နပ်ပဲ ကျွေးနိုင်တော့တယ်” ဟု ဆိုသည်။
သောက်သုံးရေ မသန့်သည့်အတွက် စစ်ရှောင်များတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်နေပြီး အဆုတ်အအေးမိခြင်း၊ ဖျားနာ ခြင်း အပါအဝင် အရေပြားယားယံပြီး အနာဖြစ်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင် စစ်ရှောင်များအတွက် လိုအပ်သည့် ဆေးဝါးများ မရှိခြင်း ပြဿနာလည်း ကြုံတွေ့နေရကြောင်း သိရသည်။
ကချင်ပြည်နယ်ဘက်တွင်မူ စစ်ကောင်စီက စားနပ်ရိက္ခာ လှူဒါန်းမှုကို ကန့်သတ်ခြင်း မရှိသော်လည်း ဆေးဝါးပစ္စည်း လှူဒါန်းမှု တချို့ကို ကန့်သတ်မှုများ ရှိနေသည်ဟု ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် စစ်ရှောင်များအား ကူညီပေးနေ သည့် အမျိုးသမီးက ပြောသည်။
၎င်းက “အခုဆေးဝါးတွေထဲမှာ အရက်ပျံတို့၊ ဂွမ်းလိပ်တို့၊ အနာကျက်ဆေးတို့ဆိုရင် KIA (ကချင်လွတ်လပ်ရေးတပ် မတော်) ဆီ ဆေးတွေ ရောက်သွားနိုင်တယ်လို့ ယူဆပြီး သိမ်းတာတွေ ဘာတွေတော့ ရှိတယ်” ဟု ဆိုသည်။
ရှမ်းပြည်နယ်တွင်လည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့အကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် နေရပ်မပြန်နိုင်ဘဲ စစ်ရှောင်နေရသူ ၃၀၀ ကျော်ရှိသည်။
အဆိုပါ စစ်ရှောင်များသည် ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း တချို့တွင် တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အခက်အခဲ ရှိနေကြောင်း ၎င်းတို့အား ကူညီနေသူများထံမှ သိရသည်။
You may also like these stories:
တောင်ကုတ်မြို့ ပရဟိတသင်တန်းကျောင်း ဥက္ကဋ္ဌ အပါအဝင် ၇ ဦးကို စစ်တပ်က ဖမ်းဆီးသွား
စစ်တပ် ဖမ်းဆီးထားသည့် တောင်ကုတ် ပရဟိတကျောင်းမှ ၇ ဦး၏ သတင်းအစအန မရ
စစ်တွေမြို့တွင် ကိုဗစ်ကူးစက်မှုများ ပြန်စလာ၍ ဒေသခံများ စိုးရိမ်