ကိုဗစ်တတိယလှိုင်း စတင်ချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် ကူးစက်မှု အမြင့်ဆုံး ဖြစ်နေပြီး သေဆုံးမှုများလည်း ရှိနေကြောင်း စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်သည် ကူးစက်မှု အမြင့်ဆုံးဖြစ်ပြီး ဒုတိယအမြင့်ဆုံးမှာ တမူးမြို့နယ်ဖြစ်ကာ တတိယကူးစက်မှု အမြင့်ဆုံးမှာ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ဖြစ်ပြီး၊ စတုတ္ထကူးစက်မှု အမြင့်ဆုံးမှာ ချင်းပြည်နယ် ဖလန်းမြို့နယ်နှင့် ပဉ္စမကူးစက်မှု အမြင့်ဆုံးမှာ တီးတိန်မြို့နယ် ဖြစ်ကြောင်း သိရသည်။
ကိုဗစ် တတိယလှိုင်း ပြန်လည်ခေါင်းထောင်လာချိန်တွင် ကူးစက်မှုအများစုမှာ အစုလိုက် အပြုံလိုက် ကူးစက်မှုများကြောင့် မြင့်တက်လာခြင်းဖြစ်ကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။
“ဖြစ်တယ်ဆိုတာ အများအားဖြင့် အစုအလိုက်အပြုံလိုက်ပေါ့။ ပိုးတွေ့တယ်ဆိုရင် ပိုးတွေ့တဲ့သူရဲ့ Contact ပေါ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေအပေါင်းအသင်းတွေမှာ ပိုးတွေ့တယ်။ အဲဒီလိုကနေ ကူးတာဖြစ်ပါတယ်”ဟု ပြောသည်။
၎င်းက ဆက်လက်ပြီး “ကလေးမှာ ဖြစ်တဲ့ ကိစ္စတွေကို ကြည့်ရင် Mass Gathering လို့ ခေါ်တဲ့ လူအုပ်စုလိုက် စုစည်းမှုတွေ။ မင်္ဂလာဆောင် စုပြီးသွားတယ်။ အဲဒီမှာ ပိုးတွေ့တယ်။ သူ့ရဲ့ Contact တွေမှာ ပိုးတွေ့တယ်ပေါ့။ ပြောချင်တာက Stay at home မလုပ်ခင်မှာ သူတို့တွေက စုစည်းမှုတွေရှိတယ် အဲဒီကနေ ကူးစက်မှုတွေရှိနေတယ်လို့ ပြောလို့ရပါတယ်” ဟု ဆိုသည်။
စစ်ကိုင်းတိုင်းရှိ တမူး၊ ကလေး၊ ချင်းပြည်နယ်ရှိ တွန်းဇံ၊ ဟားခါး ၊ ထန်တလန်၊ ဖလမ်း ၊ တီးတိန် နှင့် ပဲခူးတိုင်းရှိ လက်ပံတန်း၊ ဖြူးမြို့နယ် တို့ကို Stay at Home မြို့နယ်များအဖြစ် စစ်ကောင်စီက ကြေညာထားသည်။
မြန်မာနိုင်ငံတွင် မေလ ၂၇ ရက်က စတင်ပြီး ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ ကိုဗစ်ကူးစက်မှုသည် မေလ အတွင်း ကူးစက်မှုနှုန်း ၃ ရာခိုင်နှုန်းကျော်သာ ရှိရာမှ မေလ ၂၇ ရက်အရောက်မှာ ပိုးတွေ့လူနာ ၉၆ ယောက်နဲ့ ၅ ဒသမ ၃၇ ရာခိုင်နှုန်းအထိ စတင် တိုးလာခြင်းဖြစ်ကာ ဇွန်လ ၂၄ ရက်နေ့တွင် ၁၃ ရာခိုင်နှုန်းကျော်ဖြင့် ပိုးတွေ့သူ ၇၈၇ ဦး အထိ မြင့်တက်လာခြင်း ဖြစ်သည်။
ကူးစက်မှု အမြင့်ဆုံး ဖြစ်နေသည့် ကလေးမြို့တွင် ကြာသပတေးနေ့က ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးမှုများရှိသော်လည်း ၄ ဦးသာ ကိုဗစ် ကွာရတင်း စင်တာတွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ပြင်ပတွင် သေဆုံးသူ ၁၀ ဦးမှာ ကိုဗစ်ဟု အတည်ပြုနိုင်ခြင်း မရှိကြောင်း ကလေးမြို့ခံ ကိုဗစ် Volunteer တဦးက ပြောဆိုသည်။
ကွာရတင်းစင်တာမှ Volunteer တဦးက “မနေ့က စင်တာမှာ ၄ ယောက်ဆုံးတယ်။ အပြင်မှာလည်း ၁၀ ယောက်ဆုံးတယ်။ ၁၀ ယောက်ဆုံးတာကို ကိုဗစ်လို့တော့ အတည်မပြုနိုင်ဘူးပေါ့။ ကိုဗစ်ရယ်လို့ သံသယပဲ ဆုံးဖြတ်ပြီး ကိုဗစ်ပုံစံနဲ့ပဲ သင်္ဂြိုဟ်လိုက်တာ။ သွေးတိုး၊ နှလုံးနဲ့ သေတာတွေ ရှိနိုင်တယ် ဒါပေမယ့် ဒီအချိန်မှာတော့ ကိုဗစ်ပုံစံနဲ့ပဲ သင်္ဂြိုဟ်ကြတာ” ဟု ပြောသည်။
“ကိုဗစ်လို့ ပြောနေကြတာ။ သေတဲ့အလောင်းကို ကိုဗစ်ပြန်မစစ်ဘူးလေ။ ဒီတိုင်းသေတာကို ကိုဗစ်လို့ သတ်မှတ်နေကြတာ။ ဓာတ်ခွဲစစ်ဆေးတာ မကြားမိဘူး။ နိုင်နိုင်နင်းနင်း မရှိဘူး။ ပြုစုစောင့်ရှောက်မှုတွေလည်း တော်တော်လေး လိုနေတယ်။ ကလေးမှာ ၃၀ ဝန်းကျင်၊ ဌာနဆိုင်ရာမှာ လာစစ်တာ။ တချို့က ကိုယ့်အိမ်မှာကိုယ် စစ်ကြတာ။ အဲဒီမှာလည်း တွေ့တာ ရှိနေတယ်” ဟု ၎င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံ ကိုဗစ်ဖြစ်ပွားမှုတွင် လက်ရှိကျန်းမာရေး ဝန်ထမ်းများဖြင့် စောင့်ရှောက်ကုသပေးလျက်ရှိပြီး ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြောဆိုသည်။
ဒေါက်တာခင်ခင်ကြီးက “ကျန်းမာရေးဝန်ထမ်းတွေဟာ ကျန်းမာရေးစောင့်ရှောက် ကုသမှုပေးနေပါတယ်။ ရောဂါကာကွယ် ကုသရေးမှာရော နှိမ်နင်းရေးမှာရော ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင် ကူညီမှု စောင့်ရှောင်မှုက အလွန်အရေးကြီးပါတယ်” ဟု ဆိုသည်။
သို့သော် ကိုဗစ်ကူးစက်မှုများရှိနေသည့်တိုင် ဒေသခံအချို့သည် စစ်ကောင်စီက ဖွင့်လှစ်သည့် ကွာရတင်းစင်တာနှင့် CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ဆရာဝန်၊ ဆရာမများထံတွင် ကုသမှု မခံယူလိုသဖြင့် နေအိမ်တွင်ပင် မိမိအစီအစဉ်နှင့် မိမိ ကုသမှုများ ရှိနေကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ကိုဗစ်ဖြစ်ပွားမှု အများဆုံး ကလေးမြို့နှင့် ဒုတိယအများဆုံး တမူးမြို့တို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးသည် တနိုင်ငံလုံးတွင် ကိုဗစ်အများဆုံး တိုင်းဒေသကြီး ဖြစ်နေပြီး ဒုတိယအဖြစ်များဆုံးမှာ ရန်ကုန်တိုင်းဒေသကြီးနှင့် တတိယ အဖြစ်များဆုံးမှာ ပဲခူး၊ စတုတ္ထအဖြစ်များဆုံးမှာ ချင်းပြည်နယ်နှင့် ပဉ္စမအဖြစ်များဆုံးမှာ မန္တလေး တိုင်းဒေသကြီးတို့ဖြစ်ကြသည်။
ကူးစက်မြန် ကိုဗစ် ဗီဇပြောင်းပိုး ၃ မျိုး ဖြစ်သည့် Alpha, Delta နှင့် Kappa ကို မြန်မာနိုင်ငံတွင် တွေ့ရှိထားကြောင်းလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်နေ့တွင် ကြေညာထားသည်။
၂၀၂၀ မတ် ၂၃ ရက်မှ ၂၀၂၁ ဇွန်လ ၂၅ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲနမူနာ စစ်ဆေးသူ ၂,၇၀၁,၄၀၀ ဦးအနက်မှ အတည်ပြုလူနာ ၁၅၁,၅၇၃ ဦးရှိပြီး သေဆုံးသူ ၃,၂၈၂ ဦးနှင့် ဆေးရုံ ဆင်းခွင့်ရရှိသူ ၁၃၄,၇၇၉ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
ကိုဗစ် တတိယလှိုင်းက ကပ်ဆိုးကို သယ်ဆောင်လာသည်
တပူပေါ် နှစ်ပူဆင့်လာနေတဲ့ ကိုဗစ်တတိယလှိုင်း
ကိုဗစ်-၁၉ အစ ဓါတ်ခွဲခန်းက ဆိုသည့် အယူအဆကို တရားဝင် စုံစမ်းစစ်ဆေးသင့်