စစ်ကောင်စီ၏ သတ္တုတွင်းဦးစီးဌာနက အမေရိကန်ဒေါ်လာ သန်း ၅၀ ကျော် တန်ဖိုးရှိသည့် သတ္တုတွင်းထွက် ပစ္စည်း များအား အမေရိကန်ဒေါ်လာဖြင့် တင်ဒါခေါ်ကာ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
တင်ဒါခေါ် ရောင်းချမည့် သတ္တုတွင်းထွက်ပစ္စည်းများမှာ ကက်သုတ်ကြေးနီပြားများနှင့် နမ္မတူဘော်တွင်းသတ္တုမိုင်းရှိ စွန့်ပစ် သတ္တု ခဲချော်ချေး (Smelter Slag) နှင့် စွန့်ပစ် မြေစာအဖြုန်း (Mill Tailing) များဖြစ်သည်။
ယင်းပစ္စည်းများကို တင်ဒါဖွင့်သည့်ရက်တွင် လန်ဒန်သတ္တုဈေးကွက်(London Metal Exchange)၌ ဖြစ်ပေါ်သည့် ကမ္ဘာ့ သတ္တုပေါက်ဈေးကို အခြေခံ၍ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည်ဟု ဇွန်လ ၂၃ရက် စစ်ကောင်စီ၏ သတင်းစာ များတွင် ထည့် သွင်း ကြေညာထားသည်။

ကြေးနီမိုင်းများမှ အချိုးကျ ခံစားခွင့် ရရှိသည့် ကက်သုတ်ကြေးနီနှင့် သတ္တုခဲချော်ချေးများ၊ စွန့်ပစ်မြေစာအဖြုန်းများ တင်ဒါ ခေါ်ယူရောင်းချမှုကို ယခင်အစိုးရများ လက်ထက်ကလည်း ဘဏ္ဍာရေးနှစ်အလိုက် ပြုလုပ်လေ့ရှိရာ တရုတ်ကုမ္ပဏီ အများစုကသာ ဝယ်ယူသည်ကို ဧရာဝတီမှ လေ့လာတွေ့ရှိရသည်။
တရုတ်နိုင်ငံသည် သတ္တုလိုအပ်ချက် မြင့်မားနေရာ မြန်မာနိုင်ငံမှ “၀”ဒေသမှထွက်သည့် သတ္တုများ၊ ကချင်ပြည်နယ် ပန်ဝါ ဒေသမှ ထွက်ရှိသည့် Rare Earth ခေါ် မြေရှားသတ္တုကို ဒိုင်ခံဝယ်ယူရုံသာမက ကက်သုတ်ကြေးနီပြား အများစုကိုလည်း တရုတ် Wanbao Mining Int’l Trading (Hong Kong) Ltd က ပြန်လည် ဝယ်ယူသည်ကို တွေ့ရသည်။
အလားတူ နမ္မတူရှိ Smelter Slag ခေါ် သတ္တုခဲ ချော်ချေးများနှင့် Mill Tailing ခေါ် စွန်ပစ်မြေစာ အဖြုန်းများကို မြန်မာ အထွဋ်အထိပ်ဟု အမည်ပေးထားသော တရုတ်ကုမ္ပဏီနှင့် Cornerstone Resources (Myanmar)ဆိုသည့် တရုတ် ကုမ္ပဏီတို့က ပင်တိုင်ဝယ်ယူသည်ကို တွေ့ရသည်။

မြန်မာအထွဋ်အထိပ်ကုမ္ပဏီသည် နမ္မတူရှိ နိုင်ငံပိုင် သတ္တုကြိုချက် စက်ရုံဟောင်းကြီး၏ နံဘေးတွင် စက်ရုံငယ်တရုံ တည် ဆောက် ကာ သတ္တုခဲချော်ချေးများကို သန့်စင်ချက်လုပ်၍ တရုတ်နိုင်ငံသို့ တင်ပို့သကဲ့သို့ Cornerstone Resources (Myanmar) သည် လည်း ရှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် တန့်ယန်းမြို့နယ်တွင် စက်ရုံတည်ဆောက်ကာ ချက်လုပ် နေသည်။
ကတ်သုတ်ကြေးနီ မက်ထရစ် ၁ တန်၏ တန်ဖိုးမှာ ယမန်နှစ် ဒီဇင်ဘာလ သတ္တုတင်ဒါ အိတ်ဖွင့်ချိန် ပေါက်ဈေးအရ
အမေရိကန် ဒေါ်လာ ၇၉၇၀ ရှိပြီး၊ Smelter Slag ခေါ် သတ္တုချော်ခဲ မက်ထရစ် ၁တန်မှာ ၃၈ ဒသမ ၁၀ ဒေါ်လာ ဈေးရရှိခဲ့သည်ကို တွေ့ရသည်။
ယခုနှစ် ကက်သုတ်ကြေးနီတင်ဒါဖွင့်မည့်ရက်ကို ဇူလိုင် ၂၁ရက်ဟု သတ်မှတ်ထားပြီး ရန်ကုန်နှင့် မုံရွာ ကြေးနီ မိုင်းတွင်း များ၌ သိုလှောင် ထားသည့် ကက်သုတ်ကြေးနီ ပမာဏ ၅၀၀၈ ဒသမ ၅၇၄ မက်ထရစ်တန်ကို ရောင်းချမည်ဟု သိရသည်။

မြန်မာနိုင်ငံ၌ ကြေးနီကို မုံရွာ အနောက်ဘက်ခြမ်း ဆားလင်းကြီးမြို့နယ်ရှိ ကြေးစင်တောင်၊ စပယ်တောင်၊ လက်ပံတောင်း တောင် စသည့် ဒေသများတွင် ထွက်ရှိပြီး တရုတ်အစိုးရ၏ စစ်လက်နက်ပစ္စည်း ထုတ်လုပ်သော NORINCO၏ လက် အောက်ခံ ယန်စီကော့ပါး ကုမ္မဏီ (Myanmar Yang Tse Copper Ltd)နှင့် မြန်မာဝမ်ပေါင် ကုမ္မဏီ (Myanmar Wanbao Mining Copper)တို့က တူးဖော်ထုတ်ယူနေသည်။
ကြေးစင်တောင်နှင့် စပယ်တောင် စီမံကိန်းသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရလက်ထက်က ယူဂိုဆလားဗီးယားနိုင်ငံ မှ နည်းပညာ၊ စက်ကရိယာအကူအညီဖြင့် သတ္တုတွင်း ဝန်ကြီးဌာနက လုပ်ကိုင်သော်လည်း အကျိုးအမြတ်မရသဖြင့် ၁၉၉၈ ခုတွင် လုပ်ငန်းရပ်ဆိုင်းခဲ့သည်၊ ထို့နောက် ကနေဒါနိုင်ငံမှ အိုင်ဗင်ဟိုးကုမ္မဏီနှင့် ဆက်လက်လုပ်ကိုင်ရာမှ သမတ ဦးသိန်းစိန် လက်ထက်တွင် တပ်မတော်စီးပွားရေး ဦးပိုင်လီမိတက်၊ ယန်စီကော့ပါး ကုမ္ပဏီတို့က လက်ရှိပူးပေါင်းတူးဖော် နေသည်။
အလားတူ မုံရွာလက်ပံတောင်းတောင် ကြေးနီသတ္တုမိုင်းကိုမူ တရုတ်လုပ်ငန်းစု ဝမ်ပေါင်ကုမ္ပဏီက ထုတ်လုပ်လျက်ရှိပြီး ၂၀၁၃ခုနှစ်က က ပြင်ဆင်ချုပ်ဆိုခဲ့သည့် စာချုပ်များအရ နိုင်ငံတော်မှ ဓာတ်သတ္တုခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ဝင်ငွေခွန် များ အရ ခွဲဝေမှု အချိုး ၅၁ ရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး ဝမ်ပေါင်ကုမ္ပဏီက ၃၀ ရာခိုင်နှုန်းနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိ တက် က ၁၉ ရာခိုင် နှုန်း ဝေခွဲရရှိမည် ဖြစ်သည်။
နမ္မတူ ဘော်တွင်းသတ္တုမိုင်းရှိ သတ္တုချော်ခဲ(Smelter Slag) မက်ထရစ်တန်ချိန် ၃ သိန်း၊ စွန့်ပစ်မြေစာအဖြန်း( Mill Tailing) မက်ထရစ်တန်ချိန် ၁၄၀၀၀ နှင့် ရှမ်းပြည် တောင်ပိုင်း လွိုင်လင်မြို့ မှ ခဲသတ္တုရောရာ သတ္တုပစ္စည်း ၆၉ မက်ထရစ် တန်၊ ဟဲဟိုးရုံးခွဲရှိ ခနောက်စိမ်းရောရာ သတ္တုပစ္စည်း မက်ထရစ်တန် ၂၀ ကိုလည်း ရောင်းချရန် တင်ဒါခေါ် ထားပြီး၊ တင်ဒါ ပိတ်ရက်မှာ ဇူလိုင် ၂၆ ရက် သတ်မှတ် ထားသည်။

ဘော်တွင်း သတ္တုမိုင်းမှာ နမ္မတူမြို့နှင့် ၁၂မိုင်ဝေးကွာပြီး၊ ယခင်က ကမ္ဘာ့ဒုတိယအကြီးဆုံး သတ္တုသိုက်အဖြစ် အသိအမှတ် ပြုခံရကာ သမိုင်းကြောင်းအရ ၁၄၁၂ခုနှစ်ခန့်ကစ၍ ၁၈၆၈ခုနှစ်အထိ တရုတ်လူမျိုးများက မြန်မာဘုရင်ကို အခွန်ဆက်ကာ ဝင်ရောက်တူးဖော်ခဲ့ကြောင်း သိရသည်။
၁၈၉၁ ခုနှစ်တွင် ဗြိတိသျှလူမျိုး အေစီမာတင်နှင့် ဂျေဆာကိုင်းတို့က စတုရန်း ၄မိုင်ခန့် ဂရန်ခံကာ Burma Mines Development and Agency Company ကို တည်ထောင်ကာ ပြန်လည်တူးဖော်လုပ်ကိုင်ခဲ့သည်။
သို့သော် နောက်ပိုင်းတွင် Great Eastern Mining Companyက ပြောင်းလဲလုပ်ကိုင်ခဲ့ပြီး၊ ၁၉၀၈ ခုနှစ်တွင် Burma Corporation Limited (London) က လွှဲပြောင်းယူခဲ့သည်။
အမေရိကန်ပြည်ထောင်စု၏ ၃၁ဆက်မြောက် သမတ ဟားဗတ်ဟူးဗတ် မိုင်းအင်ဂျင်နီယာချုပ်အဖြစ် လာရောက်လုပ်ကိုင်ခဲ့ ဖူးပြီး၊ ဘော်တွင်းတဝိုက် သတ္တုသိုက်များကို လိုက်လံရှာဖွေရင်း ၎င်းရှာဖွေတွေ့ရှိသည့် ကျားစခန်းလိုဏ်ဂူမှာ နာမည်ကျော် သည်။

လွတ်လပ်ရေးရပြီးနောက် မြန်မာအစိုးရက ၁၉၅၀ ခုနှစ်တွင် Burma Corporation Limited (London)ထံမှ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းဝယ်ယူခဲ့ပြီး ဖက်စပ်လုပ်ကိုင်ခဲ့ရာ ၁၉၆၅ ခုနှစ် ဇန်နဝါရီ ၁၈ရက်တွင် ပြည်သူပိုင်သိမ်းခဲ့သည်။
ဘော်တွင်းမိုင်းရှိ သတ္တုရိုင်းကြောကြီး၏ အရှည်မှာ အနည်း ဆုံး ပေ ၅၄၀၀ရှိကာ ပျမ်းမျှအကျယ်မှာ ပေ ၁၀၀မှ ၃၀၀ခန့် ရှိပြီး၊ သတ္တုတူးဖော်ရာတွင် စတုဂံပုံ အခန်းဖွဲ့ တူးဖော်နည်းဖြင့် တူးသဖြင့် သစ်သား အမြောက်အမြား အသုံးပြုရသည်။
ဘော်တွင်းမှ ထွက်သည့် သတ္တုများကို တရုတ်များ တူးဖော်ချက်လုပ်စဉ်ကတည်းက ငွေစင်ကိုသာ ထုတ်ယူခြင်းဖြစ်သလို ဗြိတိသျှတို့ကလည်း ငွေစင်ကို ထုတ်ယူပြီး ကျန်သတ္တုများဖြစ်သည့် ခဲနှင့် သွပ်တို့ကို ဆက်လက်ထုတ်ယူခြင်းမပြုသည့် အတွက် သတ္တုခဲချော်ချေး (Smelter Slag)များမှာ နမ္မတူရှိ သတ္တုကျိုချက် ခွဲထုတ်စက်ရုံကြီး နံဘေးတွင် သတ္တုခဲချော်ချေး စွန့်ပစ်ပုံမှာ တောင်ကြီးသဖွယ်ဖြစ်နေသည်ကို တွေ့ရသည်။
ယခုအခါ တရုတ်ကုမ္ပဏီများက ထို စွန်ပစ်သတ္တုခဲချော်ချေးများကို တင်ဒါယှဉ်ပြိုင် ဝယ်ယူကာ ခဲ၊ သွပ်နှင့် ကျန်သတ္တုများ ကို ချက်လုပ်၍ တရုတ်နိုင်ငံသို့ တင်ပို့နေခြင်းဖြစ်သည်။

အလားတူ Mill Tailing (စွန့်ပစ်မြေစာ အဖြုန်း)များကိုလည်း နမ္မတူမြို့ရှိ သဲကွင်းတွင် စွန့်ပစ်ကြပြီး၊ ယင်းမြေစာအဖြုန်းများ ကို တဖန်ပြန်လည် ကြိုချက်ကာ ထွက်ရှိသည့် သတ္တုကို တရုတ်နိုင်ငံသို့ တင်ပို့သည်။
ထိုသို့ ကမ္ဘာ့ ဒုတိယအကြီးဆုံး ဖြစ်ခဲ့သည့် ဘော်တွင်း သတ္တုမိုင်းကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ)အစိုးရနှင့် ဦးသိန်းစိန် အစိုးရ အကူးအပြောင်းကာလတွင် ဘိန်းဘုရင် လော်စစ်ဟန်၏သား ဦးထွန်းမြင့်နိုင် ပိုင်ဆိုင် သည့် Asia World ကုမ္ပဏီက လွှဲပြောင်းရယူခဲ့ကာ Win Myint Mo Industries Company Limited အနေဖြင့် နမ္မတူတွင် အခြေစိုက် လုပ်ကိုင်ခဲ့သည်။
Win Myint Mo Industries Company Limited လွှဲပြောင်းယူပြီးနောက် နိုင်ငံပိုင်စက်ရုံတရုံဖြစ်ခဲ့သည် နမ္မတူ သတ္တုကျို ချက် ခွဲထုတ်စက်ရုံကြီးမှာမူ လည်ပတ်နိုင်ခြင်း မရှိတော့ဘဲ အတွင်းရှိ ဗြိတိသျှ လက်ထက်က အသုံးပြုခဲ့သည့် ငွေချက် သည့် ဖိုဟောင်းကြီးများမှာလည်း တရုတ်လုပ် ငွေချက်ဖိုများနှင့် အစားထိုးခံရကြောင်း ဒေသခံများထံမှသိရသည်။
ဘော်တွင်း သတ္တုမိုင်းမှာလည်း ယခင်က အသုံးပြုခဲ့သည့် လိုဏ်ခေါင်းတူးသည့် စနစ်အစား မြေပြင်ဟင်းလင်းဖွင့် Open Pit စနစ်ဖြင့် တူးဖော်နေကို တွေ့ရသည်။
လက်ရှိတွင် ဩစတေးလျကုမ္ပဏီ Myanmar Metals Limited၊ ပြည်တွင်းအခြေစိုက် EAP Global mining Company နှင့် Asia World လုပ်ငန်းစု ဝင်းမြင့်မိုရ်စက်မှုလုပ်ငန်း ကုမ္ပဏီတို့ စုပေါင်းကာ BJV ကုမ္ပဏီ အနေဖြင့် သတ္တုတူးဖော်မှု လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန် ပြင်ဆင်နေပြီး ၂၀၂၃ တွင် သတ္တုတူးဖော် သန့်စင်ခြင်း စတင် နိုင်ရန် ကုမ္ပဏီဘက်က မျှော်မှန်းထားသည်။
You may also like these story:
ဘော်တွင်းသတ္တုစီမံကိန်းအတွက် နေရာပြောင်းရန် ပြောဆိုမှု ဒေသခံများ လက်မခံ