အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အနေဖြင့် အမေရိကန်ဒေါ်လာ ၆၆၇ သန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား ဇွန် ၂၆ရက်က မီးရှို့ ဖျက်ဆီးခဲ့သည်။
ဖျက်ဆီးမှုကို ရန်ကုန်၊ မန္တလေး၊ တောင်းကြီးမြို့တို့တွင် ပြုလုပ်ခဲ့ရာ ဘိန်း ၃၈၇၀ ကီလိုဂရမ်ကျော်၊ ဘိန်းဖြူ ၂၅၆၂ ကီ လိုဂရမ်ကျော်၊ စိတ်ကြွဆေးပြား ၂၂၄ သန်းကျော်၊ အိုက်စ် ၁၄၀၈၀ ကီလိုဂရမ်ကျော်၊ ဆေးခြောက် ၇၃၉ ကီလိုဂရမ်ကျော်၊ ကတ်တမင်း ၂၈၉ ကီလိုဂရမ်ကျော်၊ ကဖင်း ၁၂ တန်ခွဲကျော်နှင့် ဓာတုပစ္စည်း ၆၂ မျိုး၊ မူးယစ်ဆေး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း အမျိုးပေါင်း ၆၀ ကျော်တို့ ပါဝင်ပြီး ကျပ်ငွေတန်ဖိုးအားဖြင့် ၁၀၆၈ ဘီလီယံကျော်ရှိခဲ့သည်။
ယမန်နှစ်က မီးရှို့ဖျက်ဆီးမှုနှင့် နှိုင်းယှဉ်ပါက တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၇၂ သန်းကျော် လျော့နည်းခဲ့သည်။
ယမန်နှစ် ၂၀၂၀ တွင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုများကြောင့် လမ်းကြောင်းများ ပိတ်ဆို့ခဲ့သော်လည်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် မှောင်ခို တင်ပို့မှုများ လျော့ကျခြင်း မရှိခဲ့ဘဲ ဖမ်းဆီးရမိမှု စံချိန်တင် မြင့်တက်ခဲ့ပြီး ဘိန်း ၃၁၃၄ ကီလိုဂရမ်ကျော်၊ ဘိန်းဖြူ ၁၀၉၂ ကီလိုဂရမ်ကျော်၊ စိတ်ကြွဆေးပြား ၃၀၈ သန်းခန့်၊ အိုက်စ် ၁၁၁၃၁ ကီလိုဂရမ်ကျော်နှင့် မူးယစ်ဆေးဝါး ဆက်စပ်သည့် ပစ္စည်းများ ကျပ် ၁၂၁၇.၇၁၂ ဘီလီယံကျော် (အမေရိကန် ဒေါ်လာ ၈၉၃ သန်းကျော်) မီးရှို့ ဖျက်စီးခဲ့သည်။
မူးယစ်မှောင်ခိုးသမားများအနေဖြင့် အစိုးရ၏ ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေး အာရုံစိုက်မှုကို အခွင့်ကောင်းယူခဲ့သလို စစ်အာ ဏာသိမ်းမှုကြောင့် တိုင်းပြည် မတည်ငြိမ်မှုကလည်း မူးယစ်ဆေး ထုတ်လုပ်မှုအား တိုးလာစေနိုင်ကြောင်း ကုလသမဂ္ဂ မူးယစ် ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က သတိပေးထားသည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကလည်း “စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုကလည်း ဒီအရွေ့၊ ထိရောက်သည့် ရဲလုပ်ငန်းဆောင်တာနဲ့ နယ်စပ် စီမံခန့်ခွဲရေးအခြေအနေကို ပိုမိုဆိုးရွားစေပါတယ်။ ရလဒ်ကတော့ မြန်မာနဲ့ ဒေသတွင်း ပြည်သူလူထုအတွက် ပြည်သူ့ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာစေမယ့် မူးယစ်ဆေးတွေ တိုးပွားလာခဲ့တာ ပါပဲ” ဟု ဇွန် ၂၆ ရက် က ဆိုထားသည်။
၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် တရုတ်- မြန်မာနယ်စပ်ရှိ လက်နက်က်ိုင်များနှင့် ငြိမ်းချမ်းရေးယူ အပြီး၊ ရန်ကုန်- မန္တလေး- လားရှိုး စသည့် လမ်းပိုင်းများတွင် စစ်ဆးမှုများ နည်းပါးသွားပြီး နောက် ဘိန်းဖြူများ ပြည်တွင်းသို့ အလုံးအရင်း ဝင်ရောက်လာရာမှ လူငယ်များ မူးယစ်ဆေးဝါး၏ သားကောင်ဖြစ်ခဲ့ရသည်။
You may also like these stories:
သုံးရက်အတွင်း အိုက်စ် မူးယစ်ဆေး ၃ တန်ကျော် ဖမ်းမိ
တာချီလိတ်၌ မူးယစ်ဆေး ကျပ် ၁၄ ဘီလီယံကျော်ဖိုး ဖမ်းမိပြီးနောက် ခရိုင်ရဲရုံး ပစ်ခတ်ခံရ