ထင်ရှားသော စစ်အာဏာသိမ်းမှုဆန့်ကျင်သူ ဒေါက်တာတေဇာစန်း၏ ဇာတိ စစ်ကိုင်းတိုင်းရှိ ရွာတရွာကို စစ်ကောင်တပ်များက လွန်ခဲ့သော အပတ်အတွင်း နှစ်ကြိမ် ဝင်ရောက်စီးနင်းသောကြောင့် အနည်းဆုံး ရွာသားတဦး ဒဏ်ရာရပြီး အခြားသူအများအပြား ဖမ်းဆီးခံရကာ ဒီမိုကရေစီ လိုလားထောက်ခံသူများ၏ ပိုင်ဆိုင်မှု ပစ္စည်းများ ဖျက်ဆီးခံရသည်။
ရွှေအိုးရကျေးရွာ ဇာတိဖြစ်သော ဒေါက်တာတေဇာစန်းသည် မန္တလေးတွင် ကြီးပြင်းခဲ့ပြီး မန္တလေးမြို့မှ စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ဖေဖေါ်ဝါရီလ ၄ ရက်နေ့မှ စတင်ဦးဆောင်သည်။
သူ့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) ဖြင့် ဝရမ်းထုတ်ထားသည်။ စစ်ကောင်စီတပ်များသည် ဒေါက်တာ တေဇာစန်းကို ဆန္ဒပြပွဲများအတွင်း ဖမ်းဆီးရန် အကြိမ်ကြိမ်ကြိုးစားခဲ့သလို မန္တလေးရှိ အိမ်ကိုလည်း ဧပြီလအတွင်းက စီးနင်းရှာဖွေခဲ့သည်။
စစ်ကောင်စီတပ်သား ၁၀၀ ခန့်သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ မွန်းလွဲချိန်တွင် ဝက်လက်မြို့နယ်မှ ရွှေအိုးရ ရွာကို ဝင်ရောက်စီးနင်းသောကြောင့် ဒေသခံတဦး ဒဏ်ရာရသည်။ စစ်ကောင်စီတပ်များက ရွာပြင်မှ လယ်ကွင်းများရှိ လူများကို ဖမ်းဆီးစဉ် ထိုသူထွက်ပြေးသောကြောင့် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု အမည်မဖေါ်လိုသည့် ဝက်လက်မြို့ခံတဦးပြောသည်။
ထိုဒဏ်ရာရသူကို မန္တလေးဆေးရုံတွင် ကုသပေးနေသည်ဟုလည်း ဆိုသည်။
စစ်သားများသည် ထိုလယ်တောများမှ ရွာသား ၅ ဦးကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုပြီး ရွာအတွင်းသို့ဝင်သောအခါ ထိုသူများကို ရှေ့မှသွားခိုင်းသည်။ ထိုသူများကို နောင်တွင်ပြန်လွှတ်ပေးသည်။ ကျန်ရွာသားများမှာမူ စစ်တပ်များလာသည်ကို သိသောကြောင့် ရွာမှ ထွက်ပြေးသွားကြပြီးဖြစ်သည်။
စစ်ကောင်စီတပ်များသည် ယခင်ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း၏ နေအိမ်ကို ဖျက်ဆီးခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ၏ နေအိမ်များကို စီးနင်းကာ ဆိုင်ကယ် ၁၃ စင်းနှင့် ဆန်အိတ်များကို ခိုးသွားကြောင်း အထက်ပါ ဝက်လက်ဒေသခံပြောသည်။
“ဒီလို ဝင်ရောက်စီးနင်းရှာဖွေတာတွေ ပြီးပြီလို့ ထင်နေတာ။ ဒါပေမယ့် မနေ့ညက စစ်ကား ၆ စင်းနဲ့ စစ်သား ၁၅၀ လောက်ရောက်လာပြီး ဒေါက်တာတေဇာဆန်းရဲ့ မိတ်ဆွေတွေကို လိုက်ရှာတယ်။ ဇွန်လ ၂၃ ရက်နေ့မှာ ရွာကိုဝင်စီးတော့ လူတွေက မန္တလေးက ထွက်ပြေးပြီး ရွာကို ပြန်လာတယ်လို့ သူတို့ကထင်နေတာ။ မန္တလေးမှာ အဲဒီနေ့မှာပဲ PDF တွေနဲ့ စစ်တပ် တိုက်ပွဲဖြစ်တယ်လေ” ဟုလည်း သူပြောသည်။
အိမ်ထောင်စု ၁၅၀ ခန့်ရှိသော ရွှေအိုးရရွာမှ ဒေသခံအများစုသည် ဖမ်းဆီးခံရမည်ကို ကြောက်သောကြောင့် တောတွင်းသို့ ထွက်ပြေးခဲ့ပြီးဖြစ်သည်။ သို့သော် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့ဝင်အချို့သည် ရွာကို ကာကွယ်ရန်နေခဲ့ကြောင်းလည်း သူပြောသည်။
သောကြာနေ့တွင် ဝက်လက်မြို့နယ်မှ အခြားရွာ ၂ ရွာဖြစ်သော ရှိန်းမကားနှင့် သစ်စိမ့်တို့ကိုလည်း စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းသည်ဟု သိရသည်။
စစ်ကောင်စီတပ်များသည် ထရပ်ကားများဖြင့် ကင်းလှည့်ခြင်း၊ ကျေးရွာများကို ဝင်ရောက်စီးနင်းခြင်း၊ တွေ့ရာလူကို ခြိမ်းခြောက်ဖမ်းဆီးခြင်းတို့ဖြင့် ပြည်သူများကြောက်လန့်အောင် နေ့စဉ် ပြုလုပ်နေသည်ဟု ဝက်လက်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမြင့်သိန်းက ပြောသည်။
“စစ်တပ်တွေက ဒီဒေသမှာ ကင်းလှည့်အင်အားပြပြီး ထိန်းချုပ်ဖို့ကြိုးစားနေတယ်။ ပြည်သူတွေမှာ အကြောက်တရားဖြစ်စေပြီး တော်တော်များများက ကြောက်တာနဲ့ ပြေးကြ ပုန်းကြရတယ်” ဟု ဦးမြင့်သိန်း ပြောသည်။
ဦးမြင့်သိန်းနှင့် ဝက်လက်မှ အခြားသူ တဒါဇင်ခန့်ကိုလည်း ဆူပူရန်လှုံဆော်မှုအတွက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(က) ဖြင့် ဝရမ်းထုတ်ထားသည်။
ကလေး၊ တမူး၊ ယင်းမာပင်၊ ကနီ၊ မင်းကင်းနှင့် တန့်ဆည် အပါအဝင် စစ်ကိုင်းတိုင်းမှ မြို့အများအပြားမှ ဒေသခံများသည် စစ်ကောင်စီတပ်များ၏ အန္တရာယ်မှ ၎င်းတို့ကို၎င်းတို့ ကာကွယ်ရန် ပြည်သူ့ကာကွယ်ရေးတပ်များ ဖွဲ့ထားပြီးဖြစ်သည်။
စစ်ကောင်စီသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုအပြီး လူအနည်းဆုံး ၈၈၀ ကို သတ်ပြီး ၅၁၀၄ ဦးကို ဖမ်းဆီးထားကာ အခြားသူ ၁၉၆၅ ယောက်ကို ဝရမ်းထုတ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Regime Raids Home Village of Prominent Anti-Coup Activist ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ဆယ်ကျော်သက်တဦးကို လည်ပင်းအထိမြေမြှုပ်ပြီး ညှင်းဆဲဟု HRW ပြော
စစ်အာဏာသိမ်းပြီးနောက် စစ်ဘေးရှောင် ၂ သိန်းကျော်ဖြစ်လာ
အရှိန်မြင့်လာသော ဗုံးခွဲတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှု ရှိလာ