ရခိုင်ပြည်နယ် စစ်တွေမြို့၌ ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်မှုကြောင့် ဆေးရုံတက်၍ ကုသမှုခံယူနေသော အမျိုးသမီး ၁ ဦး ယနေ့ (ဇွန်လ ၂၈ ရက်) တွင် သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါ သေဆုံးသူ အသက် ၃၅ နှစ်အရွယ် အမျိုးသမီးမှာ စစ်တွေမြို့ပေါ်တွင် နေထိုင်သူဖြစ်ပြီး နေမကောင်းဖြစ်သည့်အ တွက် ဇွန်လ ၂၆ ရက်က ဆေးရုံသို့ တက်ရောက် ကုသမှုခံယူနေစဉ် ဇွန် ၂၈ ရက် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေ ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ ကြည်လွင်က ပြောသည်။
ဒေါက်တာ ကြည်လွင်က “သူက နေမကောင်းလို့ ဆေးရုံ လာတက်တယ်။ ဆေးစစ်တဲ့အခါ ကိုဗစ်ပိုးတွေ့တယ်။ သူက နဂိုအခံ ဆီးချို၊ သွေးတိုးရောဂါလည်း ရှိတယ်။ ဒီနေ့ မနက်ပိုင်းမှာတော့ ကုသမှုခံယူရင်း ဆုံးသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ကူးစက်သူဦးရေမှာ တနေ့တခြား များပြားလာကာ ကိုဗစ်ကူးစက်ခံရသူ ၁၀၀ ကျော် အထိရှိလာနေပြီဖြစ်ပြီး ယခုသေဆုံးသူ အမျိုးသမီးမှာ ကိုဗစ်တတိယလိုင်းတွင် ပြည်နယ်အတွင်း ပထမဆုံး သေ ဆုံးသူ ဖြစ်ကြောင်း သိရသည်။
ကိုဗစ်တတိယလိုင်းတွင် ရခိုင်ပြည်နယ်၌ ပိုးကူးစက်ခံရသူ အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည် တင်ပို့ပြီး ပြန်လာသည့် စက်လှေသမားဖြစ်သလို ခရီးသွား ရာဇဝင်မရှိဘဲ ပိုးကူးစက်ခံရမှုများလည်း ရှိနေကြောင်း သိရသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊ မောင်တော၊ တောင်ကုတ်၊ သံတွဲ စသည်မြို့နယ်များတွင် ခရီးသွား ရာဇဝင် မရှိဘဲ ဒေသတွင်း ကိုဗစ် sကူးစက်သူများ များပြားလာနေသည့်အတွက် ပြည်သူများကြားတွင် စိုးရိမ်မှု မြင့်တက်လျက် ရှိသည်။
You may also like these stories:
စစ်တွေမြို့တွင် ကိုဗစ်ကူးစက်မှုများ ပြန်စလာ၍ ဒေသခံများ စိုးရိမ်
လေးမြို့နယ်တွင် ကိုဗစ်ကူးစက်မှု အမြင့်ဆုံးဖြစ်နေ
ကိုဗစ် တတိယလှိုင်းက ကပ်ဆိုးကို သယ်ဆောင်လာသည်