စင်္ကာပူနိုင်ငံမှ လုပ်ငန်းသစ်နှစ်ခုတို့သည် ကိုဗစ်-၁၉ ကူးစက်မှုကို ရှူထုတ်လေမှတဆင့် စမ်းသပ်သည့်နည်းလမ်းများကို ဖေါ်ထုတ်လိုက်ပြီး ထိုစမ်းသပ်မှုများသည် ၂ မိနစ်အတွင်း ရလဒ်ကို သိရှိစေသောကြောင်း ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ပြီး စီးပွားရေးပြန်လည်ဖွင့်ရန် အားထုတ်နေသည့် စင်္ကာပူအတွက် ကိရိယာသစ်များ ရရှိသွားသည်။
Silver Factory Technology သည် ၎င်းတို့၏ ကိရိယာကို စင်္ကာပူရှိ ချန်ဂီလေဆိပ်တွင် စတင်စမ်းသပ်နေပြီး Breathonix က ထိုစနစ်ကို စင်္ကာပူနှင့် မလေးရှား ဆက်သွယ်ထားသည့် စစ်ဆေးရေးဂိတ်တွင် စမ်းသပ်နေသည်။
ထိုစစ်ဆေးသည့် နည်းလမ်းများသည် အခမ်းအနားကြီးများနှင့် နယ်စပ်ထ်ိန်းချုပ်စခန်းများအတွက် သင့်တော်သည်။ အစိုးရသည် ကာကွယ်ဆေးထိုးလှုပ်ရှားမှု လုပ်ဆောင်ရင်း လူအများအပြားကို နေ့စဉ်ရောဂါရှာဖွေ ဆေးမှုလုပ်နေသည်။
Silver Factory Technology က ထုတ်လုပ်သည့် သေးငယ်သော စစ်ဆေးကိရိယာသည် ရှူထုတ်လေမှ မတည်ငြိမ်သော အော်ဂဲနစ် ဒြပ်ပေါင်းများ – volatile organic compounds- VOCs ကို သရုပ်ခွဲစစ်ဆေးသည်။ စစ်ဆေးခံသူသည် ထိုကိရိယာအတွင်းသို့ ၁၀ စက္ကန့်မျှ အသက်ရှူထုတ်ပေးရန် လိုသည်။
စင်္ကာပူရှိ နန်ယန်းနည်းပညာတက္ကသိုလ်မှ သုတေသီများက တည်ထောင်ထားသည့် Silver Factory သည် ထိုရှူထုတ်လေစစ်ဆေးသည့် ကိရိယာများကို အလုံးအရင်းဖြင့် ထုတ်လုပ်ရန် ပထမဆုံးစက်ရုံတည်ဆောက်ရေးအတွက် ပြင်ဆင်နေသည်။
စင်္ကာပူအမျိုးသား တက္ကသိုလ်မှ Breathonix သည် ၎င်းတို့၏ ရှူထုတ်လေမှ ကိုဗစ်စစ်ဆေးသည့် စမ်းသပ်မှုကို မေလနှောင်းပိုင်းက Tuas တံတားမှ စစ်ဆေးရေး ဂိတ်တွင် စမ်းသပ်ခဲ့သည်။ ထရပ်ကားမောင်းသမား ရာပေါင်းများစွာကို စစ်ဆေးရန် ထိုကိရိယာကို နေ့စဉ် အသုံးပြုနေသည်။
ထိုစနစ်သည် ကိရိယာနှင့် ဆက်သွယ်ထားသည့် လေမှုတ်ခွက်အတွင်း ရှူထုတ်လိုက်သောလေမှ VOCs များ စမ်းသပ်စစ်ဆေးသည်။ ရလဒ်ကို စက္ကန့် ၄၀ မှ ၆၀ အတွင်း သိနိုင်သည်။
ထိုလုပ်ငန်းသစ်နှစ်ခုမှ စမ်းသပ်မှုများသည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများတွင် တွေ့ရသည့် မော်လီကျူး အချက်အလက်များပါသည့် VOCs များကို ရှာဖွေကြသည်။ ယခုရောဂါရှာဖွေစစ်ဆေးမှုများသည် ရလဒ်သိရန် အချိန် ၁၅ မိနစ်ခန့်လိုသည့် သမားရိုးကျ အန်တီဂျန်စစ်ဆေးမှုများထက် မြန်ဆန်သည်။
Silver Factory Technology က ထုတ်လုပ်သည့် ကိရိယာသည် ရောဂါကူးစက်မှုကို ၉၅ ရာခိုင်နှုန်း ဖေါ်ထုတ်နိုင်ပြီး Breathonix ၏ စနစ်သည် ၈၅.၃ ရာခိုင်နှုန်း တိကျကြောင်း ထိုလုပ်ငန်းနှစ်ခုလုံးကို ယာယီလိုင်စင်ချထားပေးသည့် စင်္ကာပူအမျိုးသား ကျန်းမာရေး အာဏာပိုင်အဖွဲ့ပြောသည်။
ကူးစက်ခံရခြင်း မရှိမှုကို ရှာဖွေရာတွင် Silver Factory Technology ၏ ကိရိယာက ၉၇.၈ ရာခိုင်နှုန်းတိကျပြီး Breathonix က ၉၇ ရာခိုင်နှုန်း တိကျသည်။ ထိုစစ်ဆေးမှုတခုခုတွင် ကူးစက်ခံထားရကြောင်း ပြသူများသည် PCR စစ်ဆေးမှုဖြင့် ထပ်မံအတည်ပြုရမည် ဖြစ်သည်။
မျိုးပြောင်းကိုရိုနာဗိုင်းရပ်စ်များပျံ့နှံ့မှုကို တားဆီးရန်အတွက် စင်္ကာပူအစိုးရက လုပ်ငန်းခွင်များနှင့် အခမ်းအနားကျင်းပသည့်နေရာများတွင် ပုံမှန်စစ်ဆေးမှုများကို လုပ်ဆောင်စေလျက် ရှိသည်။
Silver Factory Technology နှင့် Breathonix တို့က ပြည်ပသို့ လုပ်ငန်းချဲ့ရန် အရှေ့တောင်အာရှနှင့် အရှေ့အလယ်ပိုင်းရှိ အခြားနိုင်ငံများတွင် လိုင်စင်များလျှောက်ထားပြီး ဖြစ်သည်။
ကိုးကား ။ ။ Nikkei Asia
ကလေးမြို့နယ်တွင် ကိုဗစ်ကူးစက်မှု အမြင့်ဆုံးဖြစ်နေ
ကိုဗစ် တတိယလှိုင်းက ကပ်ဆိုးကို သယ်ဆောင်လာသည်
တပူပေါ် နှစ်ပူဆင့်လာနေတဲ့ ကိုဗစ်တတိယလှိုင်း