ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ သျှမ်းလူငယ်အဖွဲ့ (Tai Youth Organization) ၏ ဒု ဥက္ကဋ္ဌ ဦးစိုင်းစံအိုက်ခမ်း သည် ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) ထံတွင် ဖမ်းဆီးခံထားရစဉ် သေဆုံးသွားသည်ဟု သတင်း ရရှိသည်။
ဦးစိုင်းစံအိုက်ခမ်းကို မေ ၃၁ ရက်က မန့်ဆွမ်းကျေးရွာရှိ ၎င်း၏ နေအိမ်တွင် SSPP က ဝင်ရောက် ဖမ်းဆီးကာ သေဆုံးချိန်ထိ ၎င်းတို့၏ တပ်စခန်းတွင် ဖမ်းဆီး ချုပ်နှောင်ခံထားရသူ ဖြစ်သည်။
မန့်ဆွမ်းကျေးရွာသည် မေလအထိ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က နယ်မြေ စိုးမိုးထားသည့်နေရာ ဖြစ်ပြီး မေလနှောင်းပိုင်းတွင် SSPP က RCSS ကို တိုက်ထုတ်ပြီး အုပ်ချုပ်ရေး ယန္တရား ဖြန့်ကျက်ခဲ့သည်။
ထိုအချိန်တွင် SSPP က ဦးစိုင်းစံအိုက်ခမ်းကို RCSS ၏ လူဟု ယူဆကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဇွန် ၂၇ ရက် ညနေပိုင်းတွင် သွေးတိုး ရောဂါဖြင့် သေဆုံးသွားကြောင်း မိသားစုထံ အကြောင်းကြားခဲ့သည်။
သျှမ်းလူငယ်အဖွဲ့ (TYO) ၊ ဗဟို၏ ဥက္ကဋ္ဌ ဒေါ်နန်းရင်နောင့်က “သွေးတိုးနဲ့ ဆုံးတာတော့ မဟုတ်လောက်ဘူး လို့ ထင်တယ်။ ဒီကြားထဲ နမ့်ခမ်းက လူငယ်တွေ သူ့မိသားစုဝင်တွေက သူနဲ့တွေ့ဖို့ တောင်းဆိုတယ်။ ပေးမတွေ့ဘူး။ မနေ့က သူ ဆုံးသွားတယ် ကြားရတယ်။ အမှန်တကယ် သွေးတိုးကြောင့်ဆုံးရင် အလောင်း ပြန်ပေးရမယ်။ အလောင်းပြန်ပေးရင် ဘာကြောင့် ဆုံးတယ်ဆိုတာ ကျမတို့ သိရ မယ်” ဟု ပြောသည်။
ဇွန်၂၇ ရက်က ဦးစိုင်းစံအိုက်ခမ်း သေဆုံးသည်ဟု သတင်းကြားပြီး နာရီပိုင်းအကြာ ည ၈ နာရီဝန်းကျင်တွင် မန့်ဆွမ်း ကျေးရွာအုပ်စု ဒေသခံများက SSPP ရုံးကို ဝိုင်းကာ ဆန္ဒပြခဲ့ကြသည်။
မိသားစုဝင်များနှင့် ဒေသခံများ၏ တောင်းဆိုချက်မှာ ဦးစိုင်းစံအိုက်ခမ်း၏ အလောင်းကို ပြန်ပေးရန်၊ ၎င်းသေဆုံးသည့် ဖြစ်စဉ်ကို ရှင်း လင်းပေးရန် ဟူ၍ ဖြစ်သည်။

SSPP လက်ထဲတွင် သေဆုံးသွားသည့် ဦးစိုင်းစံအိုက်ခမ်းသည် နမ့်ခမ်းမြို့နယ် TYO ၏ ဒုဥက္ကဋ္ဌ ဖြစ်သည့်အပြင် မန့်ဆွမ်းကျေးရွာ၏ ဥက္ကဋ္ဌဟောင်း တဦးလည်း ဖြစ်သည်။
ဦးစိုင်းစံအိုက်ခမ်း ဖမ်းဆီးခံရစဉ်ကလည်း မန့်ဆွမ်း ကျေးရွာအုပ်စုမှ ဒေသခံများသည် ၎င်းသည် RCSS တပ်ဖွဲ့ဝင် မဟုတ်ကြောင်း၊ အာမခံကြောင်းကို စာတစောင် ရေးကာ ဇွန် ၂ ရက်တွင် SSPP ထံ ပေးပို့ခဲ့ဖူးသည်။
ဒေါ်နန်းရင်နောင့် ကလည်း ၎င်း၏ အဖွဲ့မှ ဒုဥက္ကဋ္ဌ ဖြစ်သူ ဦးစိုင်းစံအိုက်ခမ်းသည် RCSS အတွက် အလုပ်လုပ်ပေးခြင်း မရှိကြောင်း အာမခံသည်ဟု ပြောသည်။
TYO အနေဖြင့် အရပ်ဘက် အဖွဲ့အစည်း ဖြစ်သဖြင့် ဒေသတွင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်ဆံရေး ပြေလည် အောင် တည်ဆောက်ရသည်များ ရှိသော်လည်း စွပ်စွဲခံနေရသကဲ့သို့ RCSS အတွက် ဆက်ကြေး ကောက်ခံပေးခြင်း၊ စစ်သားသစ် စု ပေးခြင်းများ လုပ်ဆောင်ခြင်း မရှိကြောင်း ဒေါ်နန်းရင်နောင့်က ဆိုသည်။
ဆက်လက်ပြီး ၎င်းက “ဒီကိစ္စနဲ့ ပတ်သက်ပြီး တခုခု ဖြေရှင်းချက်ကို ကျမတို့ လိုချင်တယ်။ စာနဲ့လှမ်းပြီး ဖြေရှင်းချက် တောင်းတာတွေ လုပ်သွားမှာပါ။ တခြား လူငယ် အဖွဲ့အစည်းတွေနဲ့လည်း တိုင်ပင်ထားတာ ရှိတယ်” ဟုလည်း ဆိုသည်။
TYO သည် ရှမ်းလူငယ် ၃၀၀၀ ကျော်ဖြင့် ဖွဲ့စည်းကာ ၂၀၁၅ ခုနှစ်တွင် အရပ်ဘက် အဖွဲ့အစည်းအဖြစ် အစိုးရထံတွင် တရားဝင် မှတ်ပုံ တင်ထားသည့် အဖွဲ့ဖြစ်ပြီး ရှမ်းပြည်နယ်တွင်း လူငယ်များ၏ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးရေးများကို လုပ်ဆောင်လျက် ရှိသည်။
SSPP ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က မန့်ဆွမ်းကျေးရွာတွင်း အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးရန် SSPP ဗဟိုက စုံစမ်း စစ်ဆေးရေး ကော်မတီတရပ် အရေးပေါ် ဖွဲ့စည်းကာ ယနေ့ စေလွှတ်လိုက်ပြီဟု ပြောသည်။
ဇွန်၂၇ ရက်က မန့်ဆွမ်းကျေးရွာအုပ်စုအတွင်း RCSS တပ်ဖွဲ့များ ပြန်ဝင်လာပြီး SSPP ကို တိုက်ခိုက်ခြင်းကြောင့် တိုက်ပွဲဖြစ်နေစဉ် ဦးစိုင်း စံအိုက်ခမ်းက သွေးတိုးကာ သေဆုံးသွားခြင်း ဖြစ်သည်ဟု အောက်ခြေတပ်ဖွဲ့က ဗဟိုကို သတင်းပို့ထားသည်ဟု ဗိုလ်မှူး စိုင်းဖုန်းဟန် က ပြောသည်။
ဗိုလ်မှူးစိုင်းဖုန်းဟန်က “ရွှေလီ ချိုင့်ဝှမ်းထဲမှာ ရှိနေတဲ့ ကျနော်တို့ အုပ်ချုပ်ရေးနဲ့ စစ်ရေးလှုပ်ရှားတဲ့ ခွင်တွေ စလုပ်ကာစမှာ သံသယရှိတဲ့ လူကို ချုပ်ထားတာပါ။ ချုပ်ထားတော့ မနေ့က တိုက်ပွဲဖြစ်တော့ သူ့ဟာသူ သွေးတက်ပြီး ဆုံးသွားတယ်လို့ ကျနော်တို့ သတင်းရပါတယ်။ လောလောဆယ်ထိ အတည်ပြုလို့ မရသေးပါဘူး။ ကျနော်တို့ စုံစမ်းရေး အဖွဲ့၊ တဖွဲ့ လွှတ်ထားတယ်။ ဒီဖြစ်စဉ် တလျှောက်လုံးကို ပြန်စိ စစ်မှာပါ ခင်ဗျ” ဟု ပြောဆိုသည်။

ဦးစိုင်းအိုက်ခမ်းကို ဖမ်းဆီးထားရခြင်းမှာ မေလအတွင်း SSPP က မန့်ဆွမ်းကျေးရွာအုပ်စုအား ထိန်းချုပ်ရေး လုပ်ဆောင်ရန်၊ RCSS ကို တိုက်ခိုက်ပြီး ကျေးရွာတွင်းသို့ ဝင်လာရာတွင် SSPP တပ်ဖွဲ့ဝင်များကို ချောင်းမြောင်း ပစ်ခတ်ခြင်းများ ပြုလုပ်သည့် အဖွဲ့ထဲ၌ ၎င်းပါ သည်ဟု ယူဆသဖြင့် ဖမ်းထားခြင်း ဖြစ်သည်ဟု SSPP ထံက သိရသည်။
ဒေသခံများနှင့် SSPP ကြား ဖြစ်နေသည့် ပဋိပက္ခကို စုံစမ်းစစ်ဆေးပြီးမှသာ မည်သည့်ဘက်က မှန်သည်ကို ပြောဆိုနိုင်မည် ဟုလည်း ဗိုလ်မှူးစိုင်းဖုန်းဟန်က ဆိုသည်။
လက်ရှိတွင် မန့်ဆွမ်းကျေးရွာအုပ်စုတွင်း RCSS တပ်ဖွဲ့များက နေရာပြန်ယူထားပြီး SSPP ဘက်က ပြန်ဆုတ်ခွာထားရသော်လည်း ကျေးရွာ ပတ်ဝန်းကျင်တွင် ဆက်လက် တပ်စွဲကာ လှုပ်ရှားနေဆဲ ဖြစ်သည်။
RCSS နှင့် SSPP ကြား စစ်ရေးပဋိပက္ခ ဖြစ်ပွားထားခြင်းကြောင့် မန့်ဆွမ်းကျေးရွာအုပ်စု၏ နယ်မြေ အခြေအနေမှာ တည်ငြိမ်ခြင်း မရှိပါ။
မန်ဆွမ်းကျေးရွာမှ ဒေသခံအချို့ကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာတွင် လက်ရှိရွာတွင်း၌ နှစ်ဖက် လက်နက်ကိုင် တပ်ဖွဲ့များ၏ စစ်ရေးအခြေအနေ ရှုပ်ထွေးနေသဖြင့် ဖြေဆိုလိုခြင်း မရှိကြောင်း ငြင်းဆိုကြသည်။
မန့်ဆွမ်းကျေးရွာသည် နမ့်ခမ်းမြို့နယ်အတွင်း တည်ရှိကာ ကချင်ပြည်နယ်၊ မန်စီမြို့နယ်အပြင် တရုတ်နိုင်ငံနှင့်လည်း နယ်နိမိတ် ထိစပ်နေသည့် ကျေးရွာတခု ဖြစ်သည်။
မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏၂၀၁၉ ခုနှစ် စာရင်းအရ မန့်ဆွမ်းကျေးရွာအုပ်စုတွင် အိမ်ခြေ ၄၁၀ ရှိပြီး လူဦးရေ ၂၃၀၀ ကျော် နေထိုင်သည်။
မန့်ဆွမ်းကျေးရွာအုပ်စု ဝန်းကျင်တွင် SSPP ၊ RCSS တို့ လှုပ်ရှားသည့်အပြင် စစ်ကောင်စီတပ်များ၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့လည်း လှုပ်ရှားသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအနက် SSPP နှင့် TNLA တို့ မဟာမိတ် နှစ်ဖွဲ့သည် RCSS နှင့် စစ်ရေး ပဋိပက္ခများ မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။
SSPP ၊ TNLA နှင့် RCSS ကြား စစ်ရေးပဋိပက္ခဖြစ်ပွားသည့် အဓိက အကြောင်းအရင်းသည် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်များ၌ တိုင်းရင်းသား တပ်ဖွဲ့များကြား လှုပ်ရှားသည့်နယ်မြေ နှင့် လူထုအပေါ် သြဇာသက်ရောက်မှုတို့ကို တဖက်နှင့် တဖက် အပြိုင်လွှမ်းမိုးနိုင်ရန် အားပြိုင်နေကြခြင်းကြောင့် ဖြစ်သည်။
အဆိုပါ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ၃ ဖွဲ့ကြား စစ်ရေးပဋိပက္ခသည် ၂၀၁၆ ခုနှစ်ကတည်းက အစပျိုးခဲ့ခြင်း ဖြစ်ပြီး နမ္မတူမြို့ နယ်တွင် ၂၀၁၈ ခုနှစ်၌ ပဋိပက္ခ အရှိန်အမြင့်ဆုံး ဖြစ်ခဲ့သည်။
နမ္မတူမြို့နယ်တွင်း၌လည်း တဖက်နှင့်တဖက် လူထုအပေါ် သြဇာလွှမ်းမိုးရန်၊ နယ်မြေစိုးမိုးမှု ရစေရန် တိုက်ခိုက်ကြရာ ဒေသတွင်း နေထိုင်သည့် ရှမ်းလူမျိုးများနှင့် တအန်းလူမျိုးများကို အဆိုပါ လက်နက်ကိုင် တပ်ဖွဲ့များက သူလျှိုအဖြစ် စွပ်စွဲခြင်း၊ ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ဧပြီအတွင်းကလည်း နမ္မတူမြို့နယ်တွင်း အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့ ၃ ဖွဲ့ကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် မန်လီကျေးရွာ အတွင်းရှိ အိမ်ခြေ ၁၀၀ ကျော် မီးရှို့ဖျက်ဆီးခံရပြီး ထိုကျေးရွာဖြစ်စဉ်တွင်လည်း TNLA နှင့် RCSS သည် အပြန်အလှန် စွပ်စွဲလျက် ရှိသည်။
မီးရှို့ခံရသည့် အိမ်ခြေ အားလုံးနီးပါးသည် တအန်းလူမျိုးများ၏ အိမ်များဖြစ်ကာ မန်လီကျေးရွာအတွင်းရှိ ရှမ်းလူမျိုးများ၏ အိမ်များ မီးလောင်သည့်ထဲတွင် မပါခြင်း၊ ဒေသခံ မျက်မြင်သက်သေများ၏ ပြောဆိုချက်များအရ တအန်း အရပ်ဘက် အဖွဲ့အစည်းများက RCSS မီးရှို့သည်ဟု ထုတ်ပြန်ချက် တစောင်ထုတ်ကာ ပြောဆိုထားပြီး RCSS က ၎င်းတို့အဖွဲ့ လက်ချက် မဟုတ်ဘဲ TNLA က မီးရှို့ခြင်း ဖြစ် သည်ဟု တုံ့ပြန်ထားသည်။
ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ လှုပ်ရှားသည့် မြို့နယ်များ၊ ကျေးရွာများတွင် လက်နက် ကိုင်က ၎င်းတို့အတွက် ဆက်ကြေး ကောက်ခံပေးရန် ကျေးရွာ ရပ်မိရပ်ဖများနှင့် ကျေးရွာ ဒေသခံများကို ဖိအားပေးကာ စေခိုင်းမှုများ လည်း ရှိသည်။
အချို့မြို့နယ်နှင့် ကျေးရွာများတွင် ရပ်မိရပ်ဖ သို့မဟုတ် ဒေသခံ တဦးတည်းကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များက ဝိုင်းဝန်း တာဝန်ပေးကာ ဆက်ကြေးငွေ ကောက်ခံခိုင်းခြင်း၊ ဒေသခံများထံမှ ငွေလိုက်လံ တောင်းခိုင်းခြင်းများကို ပြုလုပ်လျက် ရှိသည်။
ဒေသခံများသည် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ၏ ခိုင်းစေမှုကို မလွန်ဆန်နိုင်သဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ အချို့ ကျေးရွာများတွင် အလှည့်ကျ မဲနှိုက်စနစ်ဖြင့် ကျေးရွာတာဝန်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၏ ခိုင်းစေမှုကို လုပ် ဆောင် ပေးခြင်းများ ပြုလုပ်လျက် ရှိသည်။
ယနေ့ (ဇွန်လ ၂၈ ရက်) တွင် နမ့်ခမ်းမြို့ရှိ ပြည်သူ ၁ ထောင်ကကျော်က SSPP ကို အလိုမရှိကြောင်း ဆန္ဒပြပွဲ တခုကို ပြုလုပ်ခဲ့ကြသလို ဇွန် ၂၇ ရက် ညပိုင်းကလည်း မန့်ဆွမ်းကျေးရွာတွင် SSPP ကို ဆန္ဒပြခဲ့ကြကြောင်း သိရသည်။
You may also like these stories:
ကျောက်တော်တွင် တပ်စွဲထားသည့် ရဲတပ်ဖွဲ့ဝင်များထံမှ လက်နက်များ AA သိမ်းသွား
ထီးပို့ကလိုးရွာသို့ စစ်ကောင်စီတပ် ဝင်သဖြင့် ဒေသခံ ၂ သောင်းကျော် ထွက်ပြေး