ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုများ ပြန်လည်မြင့်တက်လာသည့်အပေါ် စိုးရိမ်သည့်အတွက် ပြည်သူများ ပိုမိုဂရု စိုက်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ရုံးချိန်းတွင် ပြောဆိုခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်အခြေအနေ များအား ရှေ့နေများထံက သိရှိရပြီးနောက် စိတ်ပူသည့်အကြောင်း ရှေ့နေများအား ပြောခဲ့ခြင်းဖြစ်သည်။
သူ၏ရှေ့နေတဦး က “အန်တီက စိုးရိမ်နေတယ်၊ ပိုပြီးဂရုစိုက်ကြဖို့လည်းပြောတယ်၊ အခုက ကိုယ့်ကိုကိုယ်ပဲ ဂရုစိုက်ကြရမယ်၊ ကိုယ်တိုင်ကတော့ ကိုဗစ်ရှိမရှိ ဆေးစစ်ပြီးမှ ရုံးချိန်းကိုလာတာပါ” ဟုပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ကိုဗစ်-၁၉ ကူးစက်မှု တတိယလှိုင်းအဖြစ် လတ်တလောပြန်လည်မြှင့်တက်လာ လျှက်ရှိရာတွင် ယမန်နေ့ ဇွန်လ ၂၇ ရက်တနေ့တည်းပင် ၄၆၂၉ ဦးအား ဆေးစစ်ခဲ့ရာ ပိုးတွေ့သူ ၈၀၄ ဦးရှိခဲ့ပြီး သေဆုံးသူ ၇ ဦးရှိခဲ့သည်။
လတ်တလော ကိုဗစ်-၁၉ ကူးစက်ရောဂါပိုးနှုန်း မြှင့်တက်နေသည့် တွန်းဇံ၊ တမူး၊ ကလေး၊ တီးတိန်၊ ဖလမ်း၊ ထန်တလန်၊ ဟားခါး၊ လက်ပံတန်း၊ ဖြူး၊ လားရှိုးနှင့် လောက်ကိုင်မြို့တို့အား နေအိမ်တွင်နေထိုင်ရေး Stay At Home မြို့နယ်များအဖြစ် သတ်မှတ်ထားသည်။
စစ်တပ်အာဏာမသိမ်းမီ ကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၃၁ ရက်နေ့ ည ၈ နာရီထုတ်ပြန်ချက်အရ မြန်မာနိုငငံတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၄၀,၁၄၅ ဦးနှင့် သေဆုံးလူနာ ၃၁၃၁ ဦးရှိခဲ့ရာမှ ယခုဇွန်လ ၂၇ ရက်နေ့တွင် ပိုးတွေ့လူနာ ၁၅၃,၁၆၀ ဦးနှင့် သေဆုံးလူနာ ၃၂၉၇ ဦးအထိ ရှိလာခဲ့သည်။
ယင်းအတွင်း အာဏာသိမ်းထားသည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဇွန်လ ၁၇ ရက်နေ့အတွင်း ပိုးတွေ့လူနာ ၁၃၀၁၅ ဦးနှင့် သေဆုံးလူနာ ၁၆၆ ဦးရှိနေသည်။
စစ်တပ်အာဏာသိမ်းမှုနှင့် ပတ်သက်ပြီး ဌာနဆိုင်ရာဝန်ထမ်းအများအပြားပါဝင်သည့် အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်ရေး(CDM) လှုပ်ရှားမှုအား ဆရာဝန်များက ဦးဆောင်ခဲ့ကြပြီး စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများယိမ်းယိုင်ခဲ့သည်။
လက်ရှိ ကူးစက်မှုမြင့်မားနေသည့်အတွက် Stay At Home သတ်မှတ်ထားသည့် မြို့နယ် ၁၁ မြို့နယ်မှ နေပြည် တော်သို့လာရောက်မည်ဆိုပါက ၁၀ ရက်ကြာ သီးခြားကန့်သတ်စောင့်ကြည့်ခြင်း (Quarantine) ဝင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်မှ နေပြည်တော်ကောင်စီက ကြေညာထားသည်။
ယင်းအတွက်ရှေ့နေများမှ နောက်လာမည့်ရုံးချိန်းများတွင် ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် အမှုရုံးချိန်းစစ် ဆေးမှုများအပေါ် သက်ရောက်လာမည်ကို စိုးရိမ်မှုရှိကြသည်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ၎င်းအပေါ် စွဲဆိုထားသည့် အမှုများနှင့် ပတ်သက်ပြီး ရှေ့နေမပါရှိပါက မစစ် ဆေးနိုင်ကြောင်း ပြောဆိုထားသည်ဟု ရှေ့နေတဦးထံကသိရသည်။
ယနေ့ရုံးချိန်းတွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီ မံခန့်ခွဲရေးဥပဒေ ပုဒ်၂၅ ဖြင့် တရားစွဲထားသည့်အမှုမှ တရားလိုပြသက်သေဖြစ်သူ ဇဗ္ဗူသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းအား စစ်ဆေးခဲ့သည်။
ယင်းအပြင် ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ အမှုမှ တရားလိုပြသက် သေဖြစ်သူ ကမ္ဘာလှည့်ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့မှ ဒုရဲမှူးမိုးအောင်၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ အမှုမှ တရား လိုပြသက်သေဖြစ်သူ စစ်ဖက်ရေးရာလုံခြုံရေးတပ်မှ ဗိုလ်ကြီးမင်းထက်အောင်နှင့် ဒုရဲမှူးမိုးအောင်တို့ကိုလည်း စစ်ဆေးခဲ့သည်။
You may also like these stories:
အသက်ရှူမှုမှ ကိုဗစ်စစ်ဆေးသည့် စင်္ကာပူစက် ၂ မိနစ်အတွင်း ရလဒ်ထုတ်ပေးနိုင်
စစ်တွေမြို့တွင် ကိုဗစ်ကူးစက်မှုများ ပြန်စလာ၍ ဒေသခံများ စိုးရိမ်