ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဆင်ဇလုပ်ကျေးရွာကို စစ်ကောင်စီတပ်များက ဝင်ရောက်စီးနင်းပြီး ဒေသခံ အမျိုးသား ၆ ဦးကို ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။
ဒေသခံတဦးက “မနေ့က နေ့လည် ၂ နာရီခွဲမှာ စစ်ကား ၃ စီး ရွာထဲကို လာတယ်။ ရွာက NLD ခေါင်းဆောင် စိုးဝင်းအိမ် ကို သေနတ် ၉ ချက်လောက် ပစ်ပြီး ဝင်တယ်။ နောက်ဇော်ထွေးအိမ်ကို ဝင်ရှာတယ်။ လက်လုပ်မိုင်းတွေ့တယ်ပြောပြီး စစ်ကားတွေ ထပ်ခေါ်တော့ ရွာထဲ စစ်ကား အယောက် ၈၀ လောက် ဝင်လာတယ်။ ရွာထဲကလည်း ၆ ဦးကို ဖမ်းသွား တယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသည့် အမျိုးသား ၆ ဦးသည် စစ်ကောင်စီက ရွာတွင်း အမည်နှင့်တကွ လာရှာသည့် သူများ မဟုတ်ဘဲ ရွာတွင်း စစ်ကောင်စီတပ်များ ဝင်လာသဖြင့် ထွက်ပြေးကြရာတွင် လမ်း၌ ဖမ်းဆီးခံလိုက်ရသူများ ဖြစ်သည်ဟု ဒေသခံများက ပြော သည်။
ဖမ်းဆီးခံရသူ ၆ ဦးသည် အသက် ၄၀ နှင့် ၅၀ ကြားအရွယ်ရှိ ဦးမြင့်ဝေနှင့် ဦးနိုင်စိုး၊ အသက် ၂၀ ကျော်အရွယ်များ ဖြစ် သည့် ကိုအောင်မင်း၊ ကိုဆိုးပေ၊ ကိုမောင်နိုင် နှင့် ကိုအောင်ဇော်တို့ ဖြစ်ကာ ၎င်းတို့သည် လယ်ယာလုပ်ကိုင်သူများ နှင့် တောတွင်းမျှစ်ရှာကာ အသက်မွေးဝမ်းကျောင်း ပြုသူများ ဖြစ်သည်ဟု သိရသည်။
စတင်ဖမ်းဆီးစဉ်က ဆင်ဇလုပ်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှ ကျောင်းသား ၃ ဦး ပါရှိပြီး စစ်ဆေးပြီး နောက်တွင် ကျောင်းသား ၃ ဦးကို ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ဒေသခံက “သူတို့က ပြေးလွှားတဲ့ သူတွေကို လိုက်ဖမ်းတယ်။ တချို့လမ်းမှာ တွေ့တဲ့ သူတွေ ဖုန်းဆက်နေတာ တွေ့တဲ့ သူတွေကို ဒူးထောက်ပြီး တချို့ပါးရိုက်ခံရတယ်။ အိမ်တွေ ဖျက်ဆီးခံရတာလည်း ရှိတယ်။ အိမ်ဖျက်ဆီးခံရတာ ဇော်ထွေးအိမ်၊ ဦးကြည်မြင့်အိမ် သူတို့အိမ်တွေကို တံခါးတွေ ရိုက်ဖွင့်သွားတာ။ ဒေါ်မြင့်ခိုင်အိမ်မှာလည်း သေတ္တာ ၅ လုံး ရိုက်ဖွင့် သွားတယ်။ သေနတ် ၃ ချက် ပစ်ဖောက်ပြီး ထွက်သွားတာပဲ” ဟုလည်း ပြောသည်။
စစ်ကောင်စီတပ်များသည် ဇွန် ၂၇ ရက်တွင် နေ့လည် ၂ နာရီဝန်းကျင်မှ ည ၁၁ နာရီအထိ ဆင်ဇလုပ်ကျေးရွာတွင်း စစ်ဆေးခြင်း၊ ဒေသခံအိမ်အချို့ကို ရှာဖွေခြင်းများ ပြုလုပ်ခဲ့သည်။
ည ၁၁ နာရီကျော်မှသာ စစ်ကောင်စီတပ်များက ရွာအတွင်းမှ ထွက်သွားကြသည်ဟု ဆင်ဇလုပ်ကျေးရွာ ဒေသခံများက ပြောသည်။
ဆင်ဇလုပ်ကျေးရွာအတွင်း စစ်ကောင်စီတပ်များ ဝင်လာပြီး ရှာဖွေခြင်း၊ သေနတ်ပစ်ဖောက်ခြင်းများ ပြုလုပ်သဖြင့် ကျေးရွာ အတွင်းမှ ဒေသခံအမျိုးသားဦးရေ ၆၀ခန့်သည် ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် ထွက်ပြေးနေရသည်ဟု သိရသည်။
တရွာလုံး ထွက်ပြေးပါက စစ်ကောင်စီတပ်များက ရွာအား မီးရှို့ပစ်မည်ကို စိုးရိမ်ခြင်းကြောင့် ရွာတွင် အမျိုးသမီးများက ဆက်လက်နေထိုင်နေဆဲ ဖြစ်ပြီး ဆယ်ကျော်သက်အရွယ်မှစ၍ အသက်အရွယ် ၅၀ ကျော်အထိ အမျိုးသားများမှာ ထွက်ပြေး တိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။
လက်ရှိတွင် ထွက်ပြေးနေရသည့် ဒေသခံတဦးကလည်း “ကျနော်တို့မှာ စိုက်ခင်းတွေ ကျန်ခဲ့တယ်။ အခုက ဖမ်းခံရမှာ ကြောက်လို့ အဖမ်းမခံချင်လို့ ရွာကို ပြန်မကပ်ရဲဘူး။ သူတို့ ဘာဆက်လုပ်မယ်ဆိုတာ မသိလို့ ကျနော်တို့လည်း ရှောင်နေရတာ။ ကျနော်တို့က တောသူတောင်သားတွေပဲ။ ဘာအပြစ်မှလည်း မလုပ်ထားဘဲအခုလို ပြေးနေရတာ လုံးလုံး မနှစ်မြို့ဘူး” ဟု ဆိုသည်။
ဆင်ဇလုပ်ကျေးရွာသည် ဒိုက်ဦးမြို့နယ်အတွင်း တည်ရှိကာ ကောလိယသစ်တောကြိုးဝိုင်းအနီး တည်ရှိသည့် ကျေးရွာ တရွာ ဖြစ်သည်။
စစ်ကောင်စီက အာဏာစတင်သိမ်းဆည်းစဉ် ဖေဖော်ဝါရီလမှစ၍ မတ်လအတွင်း တနိုင်ငံလုံးက လမ်းပေါ်ထွက်ကာ ဆန့်ကျင်ဆန္ဒပြကြရာတွင်လည်း ဆင်ဇလုပ်ကျေးရွာမှ ဒေသခံများသည် စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ် ခဲ့သည်။
ဇွန် ၂၇ ရက်က ဆင်ဇလုပ်ကျေးရွာအတွင်း ဝင်ရောက်စီးနင်းရှာဖွေခြင်း၊ ဒေသခံများကို ဖမ်းဆီးခြင်းများနှင့် ပတ်သတ်၍ စစ်ကောင်စီက တစုံတရာ ထုတ်ပြန်ထားခြင်း မရှိပါ။
ဒိုက်ဦးမြို့နယ်၏ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ထံသို့ မေးမြန်းရန် ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။
ဇွန် ၂၆ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ NLD ရုံးကို စစ်ကောင်စီတပ်များက ဝင်ရောက် ဖျက်ဆီး သွားခဲ့သည်။
ထိုစဉ်ကလည်း NLD ရုံးတွင်း ပစ္စည်းများ၊ ပရိဘောဂများကို ဖျက်ဆီးကာ စာရွက်စာတမ်းများ ယူဆောင်သွားသည့် အပြင် ပုလဲမြို့နယ်၊ ကျောက်ဖျာကန်ရွာ အနီး ပလစ်စတစ်ကောက်နေသည့် ရွာသား ၂ဦးကိုလည်း ဖမ်းဆီးသွားကာ ပုလဲ-ဂန့်ဂေါ လမ်းတလျှောက်တွင်လည်း စစ်ကောင်စီက ဖြတ်သန်းသွားစဉ် သေနတ်ပစ်ဖောက်သွားခြင်းများ ပြုလုပ်ခဲ့သည်။
You may also like these stories:
ဆယ်ကျော်သက်တဦးကို လည်ပင်းအထိမြေမြှုပ်ပြီး ညှင်းဆဲဟု HRW ပြော
စစ်အာဏာသိမ်းပြီးနောက် စစ်ဘေးရှောင် ၂ သိန်းကျော်ဖြစ်လာ
အရှိန်မြင့်လာသော ဗုံးခွဲတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှု ရှိလာ