သတင်း

လောက်ကိုင်ကို လော့ဒေါင်းချ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တရုတ်နယ်စပ် လောက်ကိုင်မြို့နယ်တွင် ၁၀ ရက်အတွင်း လူ ၁၀၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံရသောကြောင့် ထိုမြို့နယ်ကို စစ်ကောင်စီက လော့ဒေါင်းချလိုက်သည်။

တနင်္လာနေ့က ထိုမြို့နယ်သည် ရှမ်းပြည်နယ်တွင် လားရှိုးပြီးနောက် နေအိမ်တွင်သာနေထိုင်ရန် အမိန့်ထုတ်ခံရသည့် ဒုတိယမြောက် မြို့နယ်ဖြစ်လာသည်။ လားရှိုးတွင် ဇွန်လ ၂၇ ရက်နေ့အထိ ကူးစက်ခံရသူပေါင်း ၃၀၀ ကျော်ရှိနေသည်။

လွန်ခဲ့သော နှစ်ပတ်အတွင်း လားရှိုး၊ နောင်ချို၊ ကလော၊ သီပေါ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ လောက်ကိုင်နှင့် ချင်းရွှေဟော်မြို့နယ်များအပါအဝင် ရှမ်းပြည်မြောက်ပိုင်းတွင် ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားနေသည်။

ခရီးသွားလာမှုကန့်သတ်ချက်များကို ဇွန်လ ၂၃ ရက်နေ့ကတည်းက ထုတ်ပြန်ထားပြီး လောက်ကိုင်တွင် အရေအတွက် အကန့်အသတ်ဖြင့်သာ ခရီးသွားလာခွင့်ပေးကြောင်း လောက်ကိုင်ရှိ ဟိုတယ်တခုတွင်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သားတဦးပြောသည်။

“ကျနော်တို့ အခုအိမ်ထဲမှာပဲ နေရတယ်။ ကန့်သတ်ချက်တွေကို ဇူလ်ိုင်လ ၆ ရက်နေ့မှ ရုတ်သိမ်းမယ်ပြောပေမယ့် ကူးစက်မှုက မြင့်မားနေတော့ သက်တမ်းတိုးမယ် ထင်တယ်” ဟု ထိုအမည်မဖေါ်လိုသော ရွှေ့ပြောင်းလုပ်သားပြောသည်။

၎င်းတို့သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိမရှိ စစ်ဆေးထားပြီး အဖြေစောင့်နေကြောင်းလည်း သူပြောသည်။ အချို့သော ဒေသခံများကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးများ ထိုးပေးထားကြောင်း သိရသည်။

ကိုဗစ်-၁၉ ကြောင့် လောက်ကိုင်ကို ဧပြီလ ၂၃ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ လော့ဒေါင်းချထားခဲ့သည်။

ကုန်စည်နှင့် ခရီးသည် ပို့ဆောင်ရေးများကိုလည်း ဆိုင်းငံ့ထားကြောင်း ဒေသခံများပြောသည်။ လုပ်ငန်းများဆိုင်းငံ့ထားသောကြောင့် လောက်ကိုင်မှ ဆောက်လုပ်ရေးလုပ်သားအများအပြား နေရပ်ပြန်ကြောင်းလည်း သိရသည်။

မြို့နယ်အတွင်း တရားမဝင်ဝင်ရောက်လာသော မည်သူကိုမဆို အရေးယူမည်ဖြစ်ကြောင်း ကိုးကန့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် တုံ့ပြန်ရေးကော်မတီက ကြေညာထားသည်။

မြို့နယ်အတွင်း တရားမဝင်ဝင်ရောက်လာသူများကို ကူညီသည့် လက်နက်ကိုင်အဖွဲ့အစည်းများကိလည်း အရေးယူမည်ဖြစ်ကြောင်း ထိုကော်မတီက ပြောသည်။ ကိုဗစ်-၁၉ စမ်းသပ်ပြီးသော လက်မှတ်မရှိသည့် မည်သူကိုမျှ ကုမ္ပဏီများနှင့် ဌာနများတွင် ငှားရန် ခွင့်မပေးဘဲ ခန့်အပ်ပါက သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲရေးဥပဒေအရ အရေးယူမည်ဟု သိရသည်။

တနင်္ဂနွေနေ့က မြန်မာတနိုင်ငံလုံးတွင် ကူးစက်မှုသစ်ပေါင်း ၈၀၄ ခုတွေ့ခဲ့ကြောင်း စစ်ကောင်စီ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနကကြေညာသည်။ တနင်္ဂနွေနေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ၁၅၃၁၆၀ ခုရှိပြီး သေဆုံးမှုပေါင်း ၃၂၉၇ မှုရှိသည်။ ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းပြီးနောက် ကျန်းမာရေးလုပ်သားများသည် လူမှုအာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်လိုက်သောကြောင့် ကိုရိုနာဗိုင်းရပ်စ်ရှာဖွေ စစ်ဆေးမှု လျှော့ကျသွားခဲ့သည်။

မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကူးစက်မှုလှိုင်းသစ်ကို မေလမှ စတင်ခံစားရပြီး အများစုမှာ အိန္ဒိယ၊ တရုတ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်များတွင် ကူးစက်ခြင်းဖြစ်သည်။

အိန္ဒိယနှင့် နယ်နိမိတ်ထိစပ်နေသော စစ်ကိုင်းတိုင်းတွင် ကူးစက်မှု အများဆုံးဖြစ်ပြီး ချင်းပြည်နယ်တွင် ဒုတိယ အများဆုံးဖြစ်သည်။ ချင်းပြည်နယ်သည်လည်း အိန္ဒိယနှင့် ထိစပ်နေသည်။ အစုလိုက်အပြုံလိုက် ကူးစက်မှုများကို ရန်ကုန်နှင့် ရန်ကုန်အနီး ပဲခူးတိုင်းတွင်လည်း တွေ့ရသည်။

စစ်ကောင်စီသည် မြို့နယ် ၉ ခုတွင် နေအိမ်တွင်သာနေထိုင်ရန် အမိန့်ထုတ်ထားပြီး ထိုမြို့များတွင် စစ်ကိုင်းတိုင်းမှ တမူးနှင့် ကလေး၊ ချင်းပြည်နယ်မှ တွန်းဇံ၊ ဟားခါး၊ တီးတိန်၊ ဖလမ်းနှင့် ထန်တလန် မြို့နယ်များနှင့် ပဲခူးတိုင်းမှ လက်ပံတန်းနှင့်ဖြူးမြို့နယ်များ ပါဝင်သည်။

ရခိုင်ပြည်နယ် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မောင်တောတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူ ၃ ဦးတွင် ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း လွန်ခဲ့သော အပတ်က သိရသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Regime Locks Down Chinese Border Town Amid COVID-19 Spike ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

စစ်ဘေးရော ကိုဗစ်ဘေးပါ ကလေးမြို့ ကပ်ဆိုက်

ကလေးမြို့ ၌ ကိုဗစ်လူနာ တရက်လျှင် ပျမ်းမျှ ၁၀ ဦးနှုန်း သေဆုံးနေ

ကိုဗစ်ကူးစကမှု မြင့်တက်နေလို့ ပြည်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading