ကိုဗစ်တတိယလှိုင်း ဖြစ်ပွားနေသည့် မြန်မာနိုင်ငံ၌ ဇွန်လတတိယပတ်မှ စ၍ ကိုဗစ်ကူးစက်သူဦးရေ ဆက်တိုက် မြင့်လာရာ ဇွန်လ ၂၈ ရက် တရက်ထဲတွင် ၁,၀၀၀ ကျော်အထိ ကူးစက်မှု ဖြစ်ပွားခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ရှိ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားချက်အရ မေလ ၂၇ ရက်တွင် ပိုးတွေ့သူ ၉၆ ယောက်ဖြင့် စတင် တိုးလာခြင်းဖြစ်ပြီး ဇွန်လ ၂၈ ရက်တွင်မူ ပိုးတွေ့သူ ၁,၂၂၅ ဦးကို ကူးစက်ခဲ့သည်အထိ တရက်အတွင်း ကူးစက်မှုနှုန်းမှာ အမြင့်ဆုံး မြင့်တက်လာခြင်း ဖြစ်သည်။
ထို့ပြင် တတိယလှိုင်းနှင့်အတူ ကိုဗစ်ကြောင့် သေဆုံးမှုများ ရှိနေခဲ့ရာ ဇွန်လ ၂၈ ရက်တွင်မူ တနေ့တာအတွင်း သေဆုံးမှု အမြင့်ဆုံး ၁၂ ဦးအထိ မြင့်တက်လာကြောင်း တွေ့ရသည်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ ပြန်လည်မြင့်တက်လာသည့်အပေါ် စိုးရိမ်သည့်အတွက် ပြည်သူများ ပိုမိုဂရု စိုက်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့ ရုံးချိန်းတွင် ရှေ့နေများဖြင့် သတိပေးစကား ပြော ဆိုခဲ့သည်။
ဇွန်လ ၂၁ ရက်တွင် ပိုးတွေ့လူနာ ၅၉၅ ဦး၊ ၂၂ ရက်တွင် ၆၃၀ ဦး၊ ၂၃ ရက်တွင် ၆၈၀ ဦး ၊ ၂၄ ရက်တွင် ၇၈၇ ဦး၊ ၂၅ ရက်တွင် ၈၅၉ ဦး၊ ၂၆ ရက်တွင် ၇၈၃ ဦး ၊ ၂၇ ရက်တွင် ၈၀၄ ဦး နှင့် ၂၈ ရက်တွင် ၁,၂၂၅ ဦး အထိ ဆက်တိုက် မြင့် တက်လာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် မေလ ၂၇ ရက်က စတင်ပြီး ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်နေခြင်း ဖြစ်ပြီး ကူးစက်မြန် ကိုဗစ် ဗီဇ ပြောင်းပိုး ၃ မျိုး ဖြစ်သည့် Alpha, Delta နှင့် Kappa ကို မြန်မာနိုင်ငံတွင် တွေ့ရှိထားကြောင်းလည်း ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်တွင် ကြေညာထားသည်။
တတိယလှိုင်းသည် မြန်မာ- အိန္ဒိယနယ်စပ်မှ တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်မှုများက ဖြစ်ပွားလာခြင်း ဖြစ်နိုင် ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ခန့်မှန်း သုံးသပ်ထားသည်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်သည် ကူးစက်မှု အမြင့်ဆုံးဖြစ်ပြီး ဒုတိယအမြင့်ဆုံးမှာ တမူးမြို့နယ်ဖြစ်ကာ တတိယ ကူး စက်မှု အမြင့်ဆုံးမှာ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ဖြစ်ပြီး၊ စတုတ္ထကူးစက်မှု အမြင့်ဆုံးမှာ ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် ပဉ္စမကူးစက်မှု အမြင့်ဆုံးမှာ တီးတိန်မြို့နယ် ဖြစ်ကြောင်း သိရသည်။
ကူးစက်မှု အမြင့်ဆုံးမှာ ရှိနေသည့် ကလေးမြို့ အိတ်စွပ် စင်တာ တာဝန်ခံက “ကလေးမြို့မှာ မတ်လလောက်ကနေ စပြီး ဖြစ်တယ်။ မေလလောက်မှာ မြင့်တက်လာတယ်။ အဓိက စင်တာမှာ စစ်တာ လူဦးရေ နည်းတယ်။ အပြင်မှာ စစ်တာက များတယ်။ အောက်ဆီဂျင်ကတော့ တမြို့လုံး ပြတ်နေတာပဲ။ အခုလည်း ပြတ်နေတာပဲ” ဟု ရှင်းပြသည်။
ကလေးမြို့ရှိ ဒေသခံပြည်သူများသည် စစ်ကောင်စီ၏ ကိုဗစ်ကုသရေးစနစ်တွင် အယုံအကြည် မရှိသည့်အတွက် ရပ်ရွာထဲ တွင် မိမိအိမ်တွင်သာ ကိုဗစ်စစ်ဆေးပြီး၊ ကိုယ်ထူကိုယ်ထ ဆေးကုသခြင်းများကို ပြုလုပ်လျက်ရှိသည့် အခြေအနေ ဖြစ် ပေါ်နေခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
စစ်ကိုင်းတိုင်းရှိ တမူး၊ ကလေး၊ ချင်းပြည်နယ်ရှိ တွန်းဇံ၊ ဟားခါး ၊ ထန်တလန်၊ ဖလမ်း ၊ တီးတိန်နှင့် ပဲခူးတိုင်းရှိ လက်ပံ တန်း၊ ဖြူးမြို့နယ်၊ ရှမ်းပြည်နယ်ရှိ လာရှိုးနှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် လောက်ကိုင်မြို့နယ် တို့ကို Stay at Home မြို့နယ်များအဖြစ် စစ်ကောင်စီက ကြေညာထားသည်။
၂၀၂၀ မတ် ၂၃ ရက်မှ ၂၀၂၁ ဇွန်လ ၂၈ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲနမူနာ စစ်ဆေးသူ ၂,၇၁၈,၁၇၀ ဦးအနက်မှ အတည်ပြုလူနာ ၁၅၄,၃၈၅ ဦးရှိပြီး သေဆုံးသူ ၃,၃၀၉ ဦးနှင့် ဆေးရုံ ဆင်းခွင့်ရရှိသူ ၁၃၅,၇၀၃ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
စစ်ဘေးရော ကိုဗစ်ဘေးပါ ကလေးမြို့ ကပ်ဆိုက်
ကလေးမြို့ ၌ ကိုဗစ်လူနာ တရက်လျှင် ပျမ်းမျှ ၁၀ ဦးနှုန်း သေဆုံးနေ
ကိုဗစ်ကူးစက်မှု မြင့်တက်နေလို့ ပြည်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်နေ