စစ်တပ်က အာဏာသိမ်းပြီးနောက် အထည်ချုပ်စက်ရုံများ အပါအဝင် စက်ရုံအလုပ်ရုံများ ပိတ်သိမ်းမှု များလာနေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် အလုပ်သမားများ ရာနှင့် ချီရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အထည် ချုပ်ကုမ္ပဏီများ ဖြစ်သည့် ဂျပန်ကုမ္ပဏီ Myanmar Parfun ကုမ္ပဏီ နှင့် တရုတ်ကုမ္ပဏီ Hengmao Garment (မြန်မာ) တို့က ကိုဗစ် ၁၉ ရိုက်ခတ်မှုကြောင့် စီးပွားရေးကျဆင်းနေခြင်းနှင့် နိုင်ငံရေး အခြေအနေများကြောင့် ပြည်ပအမှာစာများ ကျဆင်းသွားသည့်အတွက် ၎င်းတို့ စက်ရုံများကို လုပ်ငန်း ရပ်ဆိုင်းလိုက်ကြောင်း ထိုကုမ္ပဏီများက ထုတ်ပြန်ကြေညာခဲ့ကြသည်။
တရုတ်ကုမ္ပဏီ Hengmao Garment (မြန်မာ) သည် မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံ ၄ ရုံအထိ ရှိပြီး ထို ၄ ရုံထဲမှ ၁ ရုံကိုသာ လုပ်ငန်းရပ်ဆိုင်းခြင်းဖြစ်သည်။
စက်ရုံအလုပ်ရုံများ ပိတ်သိမ်းမှုတွင် တချို့မှာ စက်ရုံလုပ်ငန်းကို အပြီးပိတ်သိမ်းသွားခြင်းမျိုး ရှိသလို အော်ဒါအမှာစာ လျော့ကျလာခြင်းကြောင့် ၎င်းတို့၏ စက်ရုံခွဲများကို ပိတ်သိမ်းလိုက်သည့် သဘောမျိုး လည်းရှိကြောင်း လှိုင်သာယာရှိ အထည်ချုပ်လုပ်ငန်းတဦး က ဧရာဝတီသို့ ပြောသည်။
၎င်းက “အဓိကက ပြည်ပအမှာစာပေးတဲ့ ကုမ္ပဏီတွေနဲ့ တိုက် ရိုက်မရှိတဲ့ ကုမ္ပဏီတွေက အခုလို အချိန်မှာ အခြေအနေမကောင်းကြဘူး။ သူတို့က စက်ရုံအကြီးတွေဆီ က ပြန်ပေးလာတဲ့ အော်ဒါနဲ့ လုပ်နေကြရတာကို အဲဒီလို စက်ရုံတွေ ပိတ်သိမ်းကြတာများတယ်” ဟု ဧရာဝတီသို့ ပြောသည်။
၎င်း၏ ပတ်ဝန်းကျင်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အခြေအနေအမျိုးမျိုးကြောင့် အထည် ချုပ်စက်ရုံများ အပါအဝင် ပိတ်သိမ်းသွားသည့် စက်ရုံအလုပ်ရုံ ၁၀ ရုံ ခန့်ရှိကြောင်းလည်း ပြောသည်။
ကိုဗစ် ၁၉ ကြောင့် ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအားကျဆင်းသွားခြင်းနှင့် သယ်ယူပို့ဆောင်ရေးစနစ်များ နှောင့်နှေး သွားမှုများကြောင့် ကိုဗစ်ကာလအတွင်းမှ ယခုအချိန်အထိ ပြည်ပကုမ္ပဏီများ၏ အမှာ စာအော်ဒါများကို မှီခိုပြီး လုပ်ကိုင်နေရသော စက်ရုံအလုပ်ရုံများ အပါအဝင် ပိတ်သိမ်းလိုသည်ဟု တင်ပြထားသည့် ပြည်တွင်းပြည်ပ စက်ရုံအလုပ်ရုံပေါင်း ၂၀၀ နီးပါးအထိ ရှိကြောင်း စစ်ကောင်စီ၏ အလုပ် သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။
စစ်ကောင်စီ၏ ဝန်ကြီးဌာနသို့ ပိတ်သိမ်းမည်ဟု တင်ပြထားသော စက်ရုံအလုပ်ရုံ ၂၀၀ နီးပါး ထဲတွင် အထည်ချုပ်စက်ရုံများ အနည်းငယ်သာ ပါဝင်ကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။
ထိုအသင်းမှ တာဝန်ရှိသူတဦးက “အထည်ချုပ်တခုတည်းကသာ အဲဒီလောက် စက်ရုံအရေအတွက် ပိတ်သွားရင် အကုန်လမ်းပေါ်ရောက်လာကြမှာပေါ့။ အဲဒီလောက်အထိ မရှိပါဘူး။ တနိုင်ငံလုံးအတိုင်း အတာ တခြားကဏ္ဍက စက်ရုံတွေလည်း ပါပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် အထည်ချုပ်လုပ်ငန်းကဏ္ဍတွင် ပြည်ပမှ အမှာစာများ ကျဆင်းနေသော်လည်း ကုန်ကြမ်း ရရှိမှုနှင့် ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေးများ ပြန်လည်ပတ်နေသည့်အတွက် အထည်ချုပ်စက်ရုံအများစုသည် လည်ပတ်နေလျက်ရှိနေပြီဖြစ်ဟုလည်း ရှင်းပြသည်
၎င်းကပင် ဆက်၍ “အခုပိတ်တယ်ဆိုပြီး ထုတ်ပြန်တဲ့ ကုမ္ပဏီတွေကလည်း ကိုဗစ်ကာလ ကတည်းက ပိတ်ဖို့ ပြင်နေတာမျိုးတွေရှိတယ်။ ပိတ်သိမ်းဖို့ဆိုရင် ဝန်ကြီးဌာနကို တင်ပြပြီး ဆွေးနွေး ညှိနှိုင်းရတဲ့ လုပ်ငန်းစဉ်တွေလည်း ရှိတော့ အဲဒီအဆင့်တွေ ပြီးတဲ့ အချိန်မှာ တရားဝင်ထုတ်ပြန် ကြတာမျိုးပေါ့” ဟု ဆိုသည်။
အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ကမ္ဘာ့ဒုတိယအကြီးဆုံး အဝတ်အထည်လုပ်ငန်း H&M အပါအဝင် ဥရောပ အဝတ်အထည်ကုမ္ပဏီများသည် မြန်မာနိုင်ငံကို အမှာစာပေးပို့မှုကို ယာယီရပ်ဆိုင်းလိုက်ပြီး အထည်ချုပ်ကဏ္ဍကို မှီခိုနေရသော အလုပ်သမားများ အလုပ်အကိုင်ဆုံးရှုံးမှု မရှိစေရေးအတွက် အမှာစာအော်ဒါကို ပြန်လည်ပေးပို့မည်ဖြစ်ကြောင်း မေလကုန်ပိုင်းက ပြန်လည်ကြေညာခဲ့သည်။
မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ရိုက်ခတ်မှု နှင့် စစ်အာဏာသိမ်းမှုအကျိုးဆက်မှုများကြောင့် စက်ရုံအလုပ်ရုံ များ ပိတ်သိမ်းခဲ့ရခြင်းကြောင့် အလုပ်သမား ၃ သိန်းခန့် အလုပ်ပြုတ်သွားခဲ့ကြောင်း အလုပ်သမားအဖွဲ့ အစည်းများက ခန့်မှန်းထားကြသည်။
You may also like these story:
ဘော်တွင်းသတ္တုစီမံကိန်းအတွက် နေရာပြောင်းရန် ပြောဆိုမှု ဒေသခံများ လက်မခံ
အမေရိကန် ဒေါ်လာသန်း ၅၀ ကျော်တန်ဖိုးရှိ သတ္တုပစ္စည်းများ စစ်ကောင်စီထုတ်ရောင်း