စစ်အာဏာသ်ိမ်းပြီးနောက် မြန်မာစစ်ကောင်စီသည် အကျိုးအမြတ်နှင့် ပဋိပက္ခများသော ကျောက်စိမ်းလုပ်ငန်းကို အပြည့်အဝထိန်းချုပ်ခွင့်ရကာ အာဏာပိုမိုခိုင်မာအောင် လုပ်နေကြောင်း သုတေသီများက အင်္ဂါနေ့တွင်ပြောသည်။
အလှမ်းဝေးသော ကချင်ပြည်နယ် ဖားကန့်ရှိကျောက်စိမ်းတွင်းများအနီး တိုက်ပွဲများ ပြန်လည် ဖြစ်ပေါ်လာခြင်းကြောင့် ထိုဒေသအတွင်း မတည်ငြိမ်မှု များလာကြောင်း လွတ်လပ်သော သုတေသနလုပ်ငန်း Global Witness ၏ အစီရင်ခံစာက ဆိုသည်။
စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များ ကချင်ပြည်နယ်တွင် စစ်ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ သို့သော် ကမ္ဘာ့အကြီးမားဆုံး ကျောက်စိမ်းတွင်းများမှ အမြတ်များကိုမူ ၎င်းတို့ ပူးပေါင်းခွဲယူကြသောကြောင့် အများပြည်အကျိုးအတွက် ရင်းနှီးမြှုပ်နှံရမည့် နိုင်ငံပိုင်ဓနဥစ္စာ ဖြစ်ရမည့်အစား အဂတိလိုက်စားမှု အဓိကလုပ်ငန်း ဖြစ်နေသည်။
ထိုဆုံးရှုံးမှုသည် နှစ်စဉ် ဒေါ်လာသန်း ဆယ်ပေါင်းများစွာရှိကြောင်း Global Witness ကဖေါ်ပြသည်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုသည် ထိုကျောက်စိမ်းတွင်းများအနီး အပစ်အခတ်ရပ်စဲမှု ပျက်ပျယ်စေပြီး ကျောက်စိမ်းတွင်းများတွင်ပင် တိုက်ပွဲများဖြစ်လာသည်။
“အဲဒီနေရာက တရားဥပဒေစိိုုးမိုးမှု လုံးဝမရှိဘဲ လုံး၀ မတည်ငြိမ်တဲ့ နေရာပါ” ဟု Global Witness ၏ အစီရင်ခံစာကို ရေးသားသူ Keel Dietz က AP သတင်းဌာနသို့ ပြောသည်။
၂၀၁၆ ခုနှစ်တွင် အာဏာရလာသော ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရသည် ကျောက်စိမ်းလုပ်ငန်းကို ရှင်းလင်းရန် တုံ့ဆိုင်းတုံ့ဆိုင်း တိုးတက်မှုများ လုပ်ဆောင်ခဲ့သည်။ ကျောက်စိမ်းတူးဖေါ်ခွင့်သစ်များ ထုတ်ပေးခြင်းနှင့် တူးဖေါ်ခွင့်ဟောင်းများ သက်တမ်းတိုးပေးခြင်းတို့ကို ရပ်ဆိုင်းလိုက်သည်။ ဥပဒေသစ်ပြဋ္ဌာန်းပြီး လိုင်စင်သက်တမ်းကို ၃ နှစ်အထိသာ ခွင့်ပြုသောကြောင့် တရားမဝင် တူးဖေါ်မှုများက မြန်မြန်ဆန်ဆန် လက်ကုန်နှိုက် လုပ်လာကြသည်။
ယခုအခါ စစ်တပ်က ကျောက်စိမ်းတူးခွင့်ကို ဆုံးဖြတ်ပေးပြီး နိုင်ငံရေး သစ္စာခံမှု ဝယ်ယူရန် သို့မဟုတ် ပြိုင်ဖက်အုပ်စုများကို သွေးခွဲရန် လိုင်စင်သစ်များ ထုတ်ပေးနိုင်သည်။
ကျောက်စိမ်းကို တတ်နိုင်သမျှ အများဆုံးတူးဖေါ်ရန် လုပ်နေသော စစ်ကောင်စီကို ပိုမိုပြင်းထန်စွာ အရေးယူရန် Global Witness နှင့် အခြားအဖွဲ့များက တောင်းဆိုသည်။
” မြန်မာမှ သယံဇာတ တင်သွင်းမှုကို တားဆီးခြင်းနှင့် ငွေပေးချေမှုကို ပိတ်ပင်ခြင်းဖြင့် စစ်ကောင်စီ၏ ဝင်ငွေကို ပိတ်ပင်ရန် နိုင်ငံတကာ အသိုက်အဝန်းတွင် တာဝန်ရှိသည်” ဟု Global Witness ၏ အစီရင်ခံစာက ဆိုသည်။
ထိပ်တန်းစစ်အရာရှိများ၊ ဘိန်းဘုရင်များနှင့် ခရိုနီများက ကျောက်စိမ်းလုပ်ငန်းကို မည်သို့ချုပ်ကိုင်ထားသည်ကို Global Witness ၏ ယခင် အစီရင်ခံစာတစောင်တွင် ဖေါ်ပြထားသည်။ လက်ရှိတွင် အခြေအနေ မပြောင်းလဲသလောက်ပင်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ထို့ကြောင့် ပဋိပက္ခ၏ နှစ်ဖက်လုံးမှသူများသည် ကျောက်စိမ်းထုတ်လုပ်ကို အကြီးမားဆုံး တိုးချဲ့ လုပ်ကိုင်နေပြီး သဘာဝပတ်ဝန်းကျင်မှာ လွန်စွာထိခိုက်နေသည်။ လူ ၅ သိန်းနီးပါး ထိုဒေသသို့ သွားရောက်ပြီး ကျောက်စိမ်းတွင်များတွင် လုပ်ကိုင်ကာ ရေမဆေးကျောက်ရှာကြသည်။ မြေသားမခိုင်မာသေးသည့် မြေစာပုံများနှင့် တွင်းများ ပြိုခြင်းကြောင့် လူရာချီသေဆုံးကြသည်။ မူးယစ်ဆေးဝါး အကြီးအကျယ် ရောင်းဝယ်ဖောက်ကားရာလည်း ဖြစ်လာသည်။
အကျိုးအမြတ်များကို ကျောက်စိမ်းတွင်းနှင့် ကုန်သွယ်ရေး လမ်းကြောင်းကို ချုပ်ကိုင်ထားသူများ ရရှိနေသည်။
“ ရေနံပြီးရင် ကျောက်စိမ်းက စစ်တပ်အတွက် အကျိုးအမြတ်အရဆုံးပဲ။ ကြေးနီတူးတာကလည်း ငွေ တော်တော်များများ ရနေတယ်။ မြေရှားသတ္တုက ငွေကလည်း မများပေမယ့် မနည်းလှဘူး” ဟု မြန်မာ့သဘာဝပတ်ဝန်းကျင် ပြဿနာများကို လေ့လာနေသည့် Project Maje မှ ဒါရိုက်တာ အီဒစ် မာရန်တီ ပြောသည်။
အမေရိကန်အစိုးရနှင့် ဗြိတိန်တို့က မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း၊ ကုမ္ပဏီများ၊ စစ်ခေါင်းဆောင်များ၊ ၎င်းတို့၏မိသားစုများနှင့် စစ်တပ်နှင့်ပတ်သက်သည့် အခြားကုမ္ပဏီများကို အရေးယူပိတ်ဆို့ထားသည်။
မြန်မာမှ ထွက်သော ကျောက်စိမ်းနှင့်ကျောက်မျက်များနှင့် ပုလဲများကို တရုတ်သို့ ရောင်းချနေပြီး များသောအားဖြင့် မှောင်ခိုရောင်းသာကြောင့် ကျောက်မျက်လုပ်ငန်းကို ပိတ်ဆို့အရေးယူမှုများသည် အကန့်အသတ်ဖြင့်သာ ထိရောက်သည်။
ကျောက်မျက်ကုမ္ပဏီအများအပြားကို မြန်မာနိုင်ငံသားများနှင့် ဖက်စပ်လုပ်သော တရုတ်များက ပိုင်ကြသည်။ ဆယ်စုနှစ်များစွာအတွင်း စစ်တပ်သည် ကျောက်စိမ်းလုပ်ငန်းမှ ဝင်ငွေ အများအပြားရနေပြီး တိုင်းရင်းသား လက်နက်ကိုင်များက တရုတ်သို့ ကျောက်စိမ်း မှောင်ခိုလမ်းကြောင်းတွင် အခွန်ကောက်သည်။
ကချင်ပြည်နယ်မှ ပြည်သူများသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သောကြောင့် ပဋိပက္ခပိုမိုပြင်းထန်လာကြောင်း ဟားဗတ်တက္ကသိုလ် Ash Center မှ အရှေ့တောင်အာရှရေးရာ ပါရဂူ ဒေးဗစ် ဒပိုက်စ် ပြောသည်။
“ တိုက်ပွဲအများစု အဝေမတည့်လို့ဖြစ်တာ။ ပါဝင်ပတ်သက်နေသူတွေက တယောက်နဲ့တယောက် လုံးဝမယုံကြဘူး။ စစ်တပ်က သူတို့အကျိုးစီးပွားကို ကာကွယ်ပြီး အပေးအယူမလုပ်ချင်ဘူး ” ဟုလည်း AP သို့ ပို့သည့် အီမေးလ်တစောင်တွင် သူဖေါ်ပြသည်။
အတိတ်က တိုက်ပွဲများသည် တရုတ်နိုင်ငံတွင်းအထိ ပျံ့နှံ့ပြီး တရုတ်အရပ်သားများ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။
သို့သော် ပြင်းထန်သည့် ရေရှည်ပြဿနာမှာ ဥပဒေကင်းမဲ့ စိုးမိုးမှု မရှိခြင်းကြောင့် မူးယစ်ဆေး ထုတ်လုပ်ခြင်း၊ သားရိုင်းတိရိစာ္ဆန်မှောင်ခိုခြင်း စသည့် ရာဇဝတ်မှုများကိုလည်း ဖြစ်စေသည်။ တရုတ်အစိုးရသည် ကျောက်စိမ်းထက် ထိုပြဿနာများကို ပိုမိုပူပန်နေသည့် သဘောရှိသည်။
“မတည်ငြိမ်မှုက မတည်ငြိမ်မှုတွေ ဆက်ဖြစ်စေတယ်။ ဒါကို တရုတ်အစိုးရက နားလည်ဖို့ လိုတယ်။ အခုတော့ သူတို့ နယ်စပ်မှာ ပြဿနာကတော့ မီးမွှေးနေပြီ” ဟုလည်း သူပြောသည်။
ကိုးကား။ ။ AP
You may also like these stories:
အမေရိကန် ဒေါ်လာသန်း ၅၀ ကျော်တန်ဖိုးရှိ သတ္တုပစ္စည်းများ စစ်ကောင်စီထုတ်ရောင်း
အမေရိကန်က မြန်မာကို ပိတ်ဆို့အရေးယူမှု နိုင်ငံတကာဘဏ်များအပေါ်လည်း အာရုံစိုက်
နာမည်ပျက်ပြီး မအောင်မြင်ခဲ့တဲ့ သမဝါယမဝန်ကြီးဌာန စစ်ကောင်စီ ပြန်ဖွဲ့