ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ပလက်ဝမြို့နယ်အတွင်း ကိုဗစ်ရောဂါပိုး ကူးစက်ရှိခဲ့သည့်အတွက် စာသင်ကျောင်းများကို ယာ ယီပိတ်ထားခဲ့ရာမှ ဇွန်လ ၂၈ ရက်က စတင်ကာ ပြန်လည် ဖွင့်လှစ်လိုက်ကြောင်း ဒေသခံများက ပြောသည်။
ပလက်ဝ ဒေသခံ ကိုဘုထန်ပိုင်က “ စာသင်ကျောင်းတွေက ဒီအပတ် တနင်္လာနေ့က ပြန်ဖွင့်တယ်။ ပိုးတွေ့တဲ့ ၇ ဦး ကလည်း ကျန်းမာရေးကောင်းသွားပြီလို့ ပြောတယ်။ ပိုးထပ်ကူးတဲ့လူတွေလည်း မရှိဘူး။ အဲဒီအတွက် ကျောင်းတွေ ပြန်ဖွင့်တာလို့ ပြော တယ်” ဟု ပြောသည်။
ထိုသို့ စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်သည့်အတွက် ဆရာ/ ဆရာမများ တာဝန်ကျနေသည့် ကျောင်းများတွင် စာသင် ကြားနေကြောင်း ယင်းမြို့နယ်အတွင်း တာဝန်ကျနေသည့် ကျောင်းဆရာကို ကျော်ဝင်းနိုင်က ပြောသည်။
၎င်းက “ကျောင်းဖွင့်လို့ ကျနော်တို့ ဆရာ/ဆရာမတွေ ကျောင်းပြန်တက်နေပါပြီ။ ကလေးတွေကို ကိုဗစ်စည်းကမ်းချက်နဲ့ အညီတော့ ကျောင်းတက်ခိုင်းပါတယ်။ ဒါပေမယ့် စည်းကမ်းချက်အားလုံးကိုတော့ ကျနော်တို့ မလုပ်နိုင်ဘူး။ လက်ဆေး တယ်။ Mask တပ်ခိုင်းတယ်။ ဒီနှစ်ခုတော့ လုပ်နိုင်တယ်” ဟု ဧရာဝတီသို့ ပြော သည်။
ဇွန်လ ၈ ရက်က ပလက်ဝမြို့နယ် မြစ်ဝကျေးရွာမှ လူနာတဦးမှာ စက်လှေဖြင့် မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူ ရန် လာရောက်စဉ် လူနာအပါအဝင် ဆက်စပ်လူ ၇ ဦးထံမှ ကိုဗစ်ပိုး တွေ့ရှိခဲ့ကြောင်း ပလက်ဝ ဒေသခံများက ပြောသည်။
ထိုသို့ ကိုရိုနာဗိုင်း ရပ်ပိုး ကူးစက်မှုကို စစ်ဆေးတွေ့ရှိသည့်အတွက် ပလက်ဝ မြို့နယ် အတွင်းက အခြေခံပညာ စာသင် ကျောင်း အားလုံးကို ဇွန်လ ၉ ရက်မှ စတင်ကာ ယာယီ ပိတ်ထားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ပလက်ဝ ဒေသတွင် အိန္ဒိယနယ်စပ် မြစ်ဝကျေးရွာမှ ဆင်းလာသော စက်လှေပေါ် လိုက်ပါလာသော ၇ ဦးထံမှ ကိုဗစ် ပိုးတွေ့ရှိခဲ့ပြီး ထိုသူများထဲတွင် ယင်းမြို့နယ်အတွင်း တာဝန်ကျနေသော ကျောင်းဆရာတဦး၊ ကျောင်းဆရာမတဦး၊ ကျောင်း သူတဦးတို့ ပါဝင်ကြောင်း၊ လက်ရှိအချိန်တွင် ၎င်းတို့မှာ ကျန်းမာရေး ပြန်လည် ကောင်းမွန်သည့်အတွက် ဆေးရုံမှ ဆင်းသွား ပြီ ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိ အခြေအနေတွင် ပလက်ဝ၌ ကိုဗစ်ပိုးတွေ့ရှိသူ ထပ်မံ မရှိသော်လည်း တခြားမြို့နယ်များတွင် ကိုဗစ်ပိုးကူစက်မှု များပြားလာနေသည့်အတွက် ယင်းမြို့နယ်တွင် အသွားအလာများကို ကန့်သတ်ထားပြီး ခရီးသွားလာသူများ ရောက်ရှိလာ ပါကလည်း Quarantine Centre ၌ နှစ်ပတ် ထားရှိ စောင့်ကြည့်ကြောင်းလည်း ဒေသခံများက ပြောသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း မူလတန်း၊ အလယ်တန်း၊ အထက်တန်း စသည့် စာသင်ကျောင်းများကို ဇွန်လ ၁ ရက် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး ကျောင်းပေါင်း ၃၉၀ ကျောင်း ရှိကြောင်း သိရသည်။
You may also like these stories:
အစုအလိုက် အပြုံလိုက် ကိုဗစ်ပိုးကူးစက်နေ
ကိုဗစ်ကူးစက်မှု အခြေအနေ စောင့်ကြည့်ပြီးမှ ပလက်ဝမှ ကျောင်းများပြန်ဖွင့်မည် ဟုဆို
ဆရာမနှင့် ကျောင်းသားများတွင် ကိုဗစ်ပိုးတွေ့၍ သံတွဲမြို့ စာသင်ကျောင်းတချို့ ပြန်ပိတ်