စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်နယ်စပ် ဖြစ်သည့် ကလေးနှင့် ဖလမ်းဒေသတို့တွင် စစ်ကောင်စီ လက်နက်ကိုင်တပ်များနှင့် ဒေသ ကာကွယ်ရေး တပ်ဖွဲ့ များကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလျက်ရှိပြီး စစ်ကောင်စီဘက်မှ လူ ၃၀ နီးပါး သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့ နယ်နှင့် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ဆက်စပ်လျက်ရှိသော ချင်းတောင်တန်းများပေါ်တွင် က လေးမြို့နယ်ဘက်၌ ကလေးပြည်သူ့ ကာကွယ်ရေးတပ်(PDF)၊ ဖလမ်းမြို့နယ်ဘက်၌ ချင်းအမျိုးသား ကာကွယ်တပ်(CNDF) တို့က စစ်ကောင်စီတပ်များနှင့် တိုက်ပွဲ ဖြစ်ပွားနေခြင်း ဖြစ်သည်။
မနေ့က ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ တောင်ပေါ်ကျေးရွာတခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ချင်းအမျိုးသား ကာကွယ်ရေးတပ်(CNDF)က မနက် ၇ နာရီခန့်မှစ၍ ဝင်ရောက် တိုက်ခိုက်ရာ နှစ်နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ စစ် တပ်ဘက်မှ လက်နက်ကြီး ပစ်ခတ်မှု အဆမတန် သုံးသဖြင့် ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း CNDF နှင့် နီးစပ်သူတဦးက က ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၀ ဦးထက် မနည်းသေဆုံးကြောင်း ၎င်းက ပြောဆိုပြီး CNDF ၏ မနေ့က ဇွန်လ ၂၉ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာချက်တွင် အနည်းဆုံး စစ်ကောင်စီဘက်မှ လူ ၂၀ ခန့်အထိ သေဆုံးကြောင်း ဆို သည်။
“တိုက်ပွဲအတွင်းမှာ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ တအားထုတော့ မနိုင်တော့ဘူးဆိုပြီး နောက်ဆုတ်လာတယ်။ အဲ ဒီမှာ ကျနော်တို့ဘက်က ၃ ယောက်က ကျန်နေခဲ့တယ်။ လက်နက်ကြီးလည်း ထိမှန်ထားတယ်။ ကျန်နေခဲ့တော့ ပထမဆုံ မှတ်ကို ရောက်တော့ အဲဒီ ၃ ယောက်က ပါမလာဘူး”ဟု CNDF နှင့် နီးစပ်သူက ပြောသည်။
ထို့ကြောင့် တပ်ဖွဲ့ဝင်များ ပြန်လည်စုစည်းပြီး ယင်း ၃ ယောက်ကို ပြန်ကယ်ထုတ်ရန် တိုက်ပွဲနေရာသို့ ပြန်သွားသည့်အခါ ဒဏ်ရာ ရရှိထားသည့် CNDF တပ်ဖွဲ့ဝင် ၃ ဦးတို့ကို စစ်တပ်က ပစ်သတ်ခဲ့ပုံရပြီး ကျင်းတူး၍ မြုပ်ထားခဲ့ကြောင်း၊ အလောင်း များ၏ကြားတွင် နင်းမိုင်းတလုံးလည်း ထောင်ထားခဲ့ပြီး စနက်တံပါ တခါတည်း ဖြုတ်ထားခဲ့ကြောင်း သိရသည်။
“CNDF မိုင်းဆရာကလည်း သူ့ရဲဘော်တွေကို ရအောင် ထုတ်မယ်ဆိုပြီး အဲဒီတောင်စောင်းမှာ ပေါ်လာတဲ့ ခြေထောက်တွေ ကို လက်လေးနဲ့ ယှက်ပြီးတော့ ဖော်တယ်။ ပြီးတော့ သူ့မှာပါတဲ့ ပဝါကို အလောင်းရဲ့ ခြေထောက်မှာ ချည်တယ်။ ပြီးတော့ အဝေးကနေ လှမ်းဆွဲတာ။ အုန်းဆိုပြီး ထပေါက်တာ မိုင်းဆရာရဲ့ ခေါင်းတွေ၊ ခြေထောက်တွေပါ အကုန်ပြတ်ထွက်ကုန်တာ။ ပွဲချင်းပြီးပဲ”ဟု CNDF နှင့် နီးစပ်သူက ပြောသည်။
ယင်းပေါက်ကွဲမှု မတိုင်မီ CNDF ၏ ခေါင်းဆောင်တဦးက မိုင်းဆရာကို နင်းမိုင်းမှာ ပေါက်ကွဲမှု ပြင်းထန်နိုင်သဖြင့် ၎င်းကိုယ် တိုင် ကြိုးအရှည် သွားယူလိုက်ဦးမည်ဟု ပြောဆိုခဲ့ကြောင်း၊ မိုင်းဆရာမှာ ကြိုးအရှည်လာသည်အထိ မစောင့်တော့ဘဲ ဆွဲ လိုက်သဖြင့် မိုင်းဆရာအနီးတွင် စောင့်ကြည့်နေသူ CNDF တပ်ဖွဲ့ဝင် ၇ ဦးကိုလည်း မိုင်းစများ ထိမှန်ခဲ့၍ ဆေးကုသမှု ခံယူ ခဲ့ရကြောင်း သိရသည်။
ထိုကဲ့သို့ ချင်းပြည်နယ်၊ ဖလမ်းဒေသတွင် တိုက်ပွဲများ ပြင်းထန်နေချိန်တွင် ဖလမ်းဒေသ၏ အောက်ဘက် ကလေးမြို့နယ်၊ ထောက်ကြန့်ကျေးရွာအနီးရှိ ကလေးပြည်သူ့ကာကွယ်ရေးတပ် ဌာနချုပ်မှာလည်း စစ်ကောင်စီတပ်များ၏ ဝင်ရောက် စီးနင်းတိုက်ခိုက်မှုကို ခံခဲ့ရကြောင်း သိရသည်။
PDF များ၏ ဌာနချုပ်တွင် တပ်စိတ်နှစ်စိတ်ခန့် ရှိနေပြီး စစ်တပ်က ဝင်ရောက် မစီးနင်းမီ ယမန်နေ့ မနက်ပိုင်း ကတည်းက ယင်းနေရာသို့ လက်နက်ကြီးများဖြင့် အရင် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ လူတွေ ရှိတာကို စစ်ကောင်စီက အစောကြီးကတည်းက သိတယ်။ ဒါပေမယ့် နယ်မြေ မကျွမ်းဘူး။ သူတို့ကို လိုက်ပြပေးမယ့် လမ်းပြ မရှိဘူး။ သူတို့ အဲဒါကြောင့် မဝင်ရဲသေးတာ။ မနေ့ကတော့ အရင်ဆုံး အချက် ၂၀ လောက် လှမ်း ထုတယ်။ တချို့ တဲတွေ ပျက်စီးတယ်။ ကျနော်တို့ PDF တပ်စိတ် နှစ်စိတ်က နောက်က တောင်ခြေကို ပြန်ဆုတ်ခဲ့ရတယ်” ဟု ကလေး PDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။
ကံဆိုးသည်မှာ စစ်တပ်သည် ထောက်ကြန့်ကျေးရွာကို ဝင်ရောက်လာစဉ်က PDF စခန်း ဌာနချုပ်ကို ပြသခိုင်းရန် ရွာထဲရှိ ရွာသားတဦးကို လမ်းပြအဖြစ် ခေါ်ဆောင်လာရာ ယင်းလမ်းပြဖြစ်သူကလည်း ၎င်းတို့ PDF အဖွဲ့ဝင်များ ဆုတ်ခွာခဲ့ပြီး နောက် ဆုံမှတ်သတ်မှတ်ထားသည့် နေရာသို့ ခေါ်ဆောင်လာသဖြင့် စစ်တပ်နှင့် ပက်ပင်းတိုးခဲ့ကြောင်း သိရသည်။
ယင်းနေရာသည် ယခင်က ကလေးမြို့နယ်ရှိ ထောက်ကြန့်၊ သာစည်၊ နတ်ချောင်းနှင့် နတ်မြောင်းနယ်တို့မှ CDM ရဲများက PDF များကို သင်တန်းပေးခဲ့ဖူးသည့် နေရာတခု ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ ဆုတ်လာတဲ့ ဆုံမှတ်နေရာမှာ စစ်တပ်နဲ့ သွားတိုးတော့ ကျနော်တို့မှာ တောင်ပေါ်ကို ပြန်တက်ရပြီးတော့ ဒုတိ ယ ဆုံမှတ်နေရာကို ပြန်ဆုတ်ရတယ်။ စစ်တပ်ကလည်း တောင်ပေါ်ကို လက်နက်ကြီးနဲ့ ဆက်တိုက် လိုက်ပစ်တယ်။ အ ချက် ၈၀ လောက် ရှိတယ်။ တောင်ပေါ်အစပ်အထိ လိုက်လာတယ်။ အဲဒီကနေမှ နောက်ကို ပြန်ဆုတ်သွားတယ်။ ကျနော် တို့ဘက်က တယောက်ပဲ ဒဏ်ရာ နည်းနည်း ရတယ်”ဟု ကလေး PDF တပ်ဖွဲ့ဝင်က ပြောပြသည်။
ယခုလို PDF စခန်း ဝင်အစီးခံရသည်အထိ ဖြစ်ပွားရခြင်းမှာ ဇွန်လ ၂၇ ရက်နေ့က မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ဘက်မှ က လေး မြို့ဘက်သို့ တက်လာသည့် စစ်ကား ၃ စီးကို ကလေးမြို့ PDF ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်မှ စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကား ၃ စီးကို ကလေး PDF က ခွေကြိမ်ရွာနှင့် သံဖိုရွာအကြားတွင် ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ လက်နက်ကိုင် အဖွဲ့ဝင် ၉ ဦး သေဆုံး၍ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကလေး PDF က သတင်း ထုတ်ပြန်ခဲ့သည်။
“စစ်ကား ၃ စီးက အင်အား ၆၀ လောက်တော့ ရှိမယ်။ ကျနော်တို့က လက်ပစ်ဗုံးနဲ့ ထုတယ်။ ပြီးရင် အပြန်အလှန် တွယ် တာပေါ့။ ကျနော်တို့နဲ့ အကြိတ်အနယ် ဖြစ်တယ်။ ဖြစ်ပြီးတော့မှ လက်ပစ်ဗုံးထုပြီး ကျနော်တို့ နောက်ပြန်ဆုတ်ပြီး ပြေး တယ်။ ၄၅ မိနစ်လောက်ပဲ ကြာမှာပါ”ဟု ကလေး PDF အဖွဲ့ဝင်တဦးက ပြောသည်။
သို့သော် ၎င်းတို့ မသိလိုက်သည့် အချက်မှာ ယင်းနေ့က ကလေးမြို့နယ် ဒေသကွပ်ကွဲရေး စစ်ဌာနချုပ်မှ ဒကစမှူး ကိုယ် တိုင် ကလေးမြို့နယ်၊ နတ်ချောင်းရပ်ကွက်ရှိ ဘုန်းကြီးကျောင်းတခုသို့ လာရောက်ပြီး ဖမ်းဆီးထားသည့် PDF နှင့် ဆက်စပ် သူ လူငယ် ၂ ဦးကို လာရောက် လွှတ်ပေးရန် စစ်ကား ၅ စီးဖြင့် ထွက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကလေးနှစ်ယောက်ကို ဘုန်းကြီးကျောင်းမှာ လာလွှတ်တယ်။ ဘုန်းကြီးကျောင်းမှာလည်း အစောင့်တွေ ချထားတယ်။ ပြေ လည်ရာ ပြေလည်ကြောင်း ညှိမယ်။ အပေးအယူ လုပ်မယ်။ လုပ်ပြီးရင် အဲဒီ နှစ်ယောက်ကို ပြန်လွှတ်ပေးမယ် ဆိုတဲ့ အချိုး မျိုးနဲ့ တက်လာတာ။ ဒီဘက်မှ ပြဿနာ ဖြစ်လိုက်တော့ ဒကစမှူးကိုယ်တိုင် ဒေါကန်ပြီး ပြန်လှည့်သွားတယ်လို့ သိရတယ်” ဟု ကလေး PDF တပ်ဖွဲ့ဝင်တဦးက ပြောပြသည်။
ယင်းနောက်ပိုင်းမှ စ၍ ကလေး PDF တို့၏ ဌာနချုပ် နေရာအထိပါ လာရောက် တိုက်ခိုက်ပြီး ယနေ့ အချိန်အထိ ချင်း တောင်များထဲတွင် PDF ကို စစ်တပ်က တောနင်း၍ ရှာဖွေနေကြောင်း သိရသည်။
“အခုချိန်ထိလည်း သူတို့တွေ တောတိုးပြီး ရှာနေတုန်းပဲ။ သူတို့မှာ ရိက္ခာလည်း ပြန်နေပြီလို့ ကျနော်တို့ ကြားတယ်။ သူတို့ ဖမ်းသွားတဲ့ ကလေးနှစ်ယောက်ကိုလည်း ပြန်မလွှတ်တော့ဘူး”ဟု ကလေး PDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။
ယင်းလူငယ် ၂ ဦး အဖမ်းခံရသည့် ကိစ္စမှာလည်း ယခု ဇွန်လဆန်းပိုင်းက လူငယ် ၅ ဦးသည် ကလေးမြို့ သို့ ဂျစ်ကား စီး၍ ဘီယာဆိုင်သို့ သွားရောက်စဉ် မြို့သာရပ်ကွက်ရှိ စစ်တပ် စစ်ဆေးရေးဂိတ်၌ အစစ်ဆေးခံရကြောင်း၊ ဖုန်းမပါလာကြောင်း ပြောဆိုပြီး ကားထွက်ရန် ပြုလုပ်စဉ် ဖုန်းတလုံးမှာ ဂျစ်ကားခေါင်မိုးပေါ်မှ ပြုတ်ကျလာပြီး လူငယ် ၅ ဦးစလုံး အဖမ်းခံခဲ့ရ သည်။
“ဖုန်းထဲမှာ သေနတ်နဲ့ ဓာတ်ပုံ ရိုက်ထားတာတွေ ပါတယ်။ အဲဒီထဲက နှစ်ယောက်က ကျနော်တို့ဆီကို ရိက္ခာတွေ လာလှူ ရင်းနဲ့ ရောက်ဖူးတယ်။ ရောက်တော့ သေနတ်တွေနဲ့ ဓာတ်ပုံတွဲပြီး ရိုက်သွားတာ။ ကျန်တဲ့ ကလေး ၃ ယောက်ကတော့ ဘာမှ မဆိုင်တော့ ပြန်လွတ်သွားတယ်”ဟု ကလေးဒေသခံတဦးက ပြောသည်။
ယခုအခါ ကလေးမြို့သို့ တပ်ရင်းလိုက် စစ်ကား အစီး ၆၀ အထိ ရောက်ရှိလာပြီး တပ်ရင်း မိသားစုဝင်များ၊ နွားများ၊ ဆိုင် ကယ်များလည်း ပါလာကြောင်း၊ ကားအများစုကို မိုးကာဖြင့် အလုံပိတ်လာသဖြင့် အထဲတွင် မည်သည့်အရာများ ပါဝင် သည်ကို အသေးစိတ် မသိရကြောင်း ဒေသခံများက ပြောသည်။
ကလေးဒေသကို ထိန်းချုပ်ထားသည့် စစ်ကောင်စီ၏ လက်နက်ကိုင် တပ်ရင်းများမှာ အမှတ် ၈၇ ခြေလျင်တပ်ရင်း၊ အမှတ် ၈၉ ခြေလျင်တပ်ရင်းနှင့် အမှတ် ၂၂၈ ခြေလျင်တပ်ရင်းတို့ ဖြစ်ပြီး ကလေးမြို့ လုံခြုံရေးအတွက် အမှတ် ၈၇ ခြေလျင် တပ် ရင်းက တာဝန်ယူပေးရကြောင်း သိရသည်။
အမှတ် ၃၆၁ ခြေမြန်တပ်နှင့် အမှတ် ၃၆၂ ခြေမြန်တပ်တို့လည်း ကလေးဒေသတွင် ရှိသည်။
ယင်းတပ်ရင်းများသည် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (မုံရွာ) ၏ လက်အောက်ခံ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (က လေး)၏ လက်အောက်ခံ တပ်များ ဖြစ်ပြီး ဝေးလံသော ဒေသများကို ကွပ်ကဲနိုင်ရန်နှင့် အိန္ဒိယနိုင်ငံနှင့် ဆက်စပ်နေသည့် မဟာဗျူဟာအရ အရေးပါသည့် ဒေသများကို ထိန်းချုပ်နိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။