ထိုင်းနိုင်ငံ တာခ်ခရိုင် မဲဆောက်မြို့တွင် ဇွန်လအတွင်း မြန်မာရွှေ့ပြောင်းလုပ်သား ၆၀၀ ကျော် ကိုဗစ် ကူးစက်မှု ဖြစ်ပွားနေကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာအလုပ်သမား အဖွဲ့ထံက သိရသည်။
မြန်မာအလုပ်သမား ၃,၀၀၀ ဝန်းကျင်ခန့် ရှိသည့် မဲဆောက်မြို့နယ် မဲ့တောင်ကန် ကျေးရွာရှိ စက်ရုံတရုံတွင် မြန်မာ အမျိုး သမီးတဦး ကိုဗစ်ရောဂါပိုးတွေ့ရှိရမှ စတင်ပြီး ဆက်လက်စစ်ဆေးရာ ပိုးတွေ့ရှိသူ စုစုပေါင်း ၆၄၁ ရှိပြီ ဖြစ်ကြောင်း သိရ သည်။
ရောဂါပိုး ကူးစက်သူများပြားသဖြင့် ဆေးရုံများတွင် ကုသမှုပေးရန် အခက်အခဲ ရှိသည့်အတွက် ပိုးကူးစက်ခံရသူ ရွှေ့ ပြောင်း အလုပ်သမားများကို နေထိုင်ရာ နေရာတွင်ပင် အသွားအလာ ကန့်သတ်ပြီး ကျန်းမာရေး ဝန်ထမ်းများက လာ ရောက် ကုသပေးသည့် ပုံစံမျိုးဖြင့်သာ ကုသကြောင်း မဲဆောက်မြို့အခြေစိုက် မြန်မာပြည်သား ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACAB) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောသည်။
“ပိုးတွေ့တဲ့ ရပ်ကွက် ကျေးရွာကနေပြီး ကိုယ့်စရိတ်ကို တာဝန်ယူ၊ ကိုယ့်တာဝန်ကိုယ်ထမ်း၊ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူ၊ ပြီးတော့ ရပ်ကွက်ကျေးရွာက တာဝန်ယူရတယ်။ အစိုးရက တာဝန်ယူတဲ့ အားကို လျှော့တယ်။ သူတို့က လော့ခ်ဒေါင်း ချတဲ့ နေရာကို လာပြီးတော့ စစ်ဆေးပေးတယ်။ ဆေးထိုးပေးတယ်။ အဲဒီလောက်ပဲ” ဟု ၎င်းက ပြောသည်။
အဆိုပါ ကိုဗစ်ကူးစက်ခံရသည့် မြန်မာလုပ်သားများ အလုပ်လုပ်ကိုင်ကြသည့် အထည်ချုပ် စက်ရုံ ၂ ရုံနှင့် မဲ့တောင်ကန် ကျေးရွာ တခုလုံးကို လှုပ်ရှားသွားမှု ကန့်သတ်ခြင်း (Lockdown) ပြုလုပ်ထားကြောင်း သိရသည်။
ယခုကဲ့သို့ အသွားအလာ ကန့်သတ်ထားမှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားများ အနေဖြင့် စားသောက်ရေးတွင် အခက် အခဲဖြစ်နေပြီး ကျန်းမာရေးနှင့် ပတ်သက်သည့် ဆေးဝါးများ မှာယူခြင်းလည်း ရှိကြောင်း မဲဆောက် အခြေစိုက် ရောင် ခြည်ဦး အလုပ်သမားအဖွဲ့က သိရသည်။
ရောင်ခြည်ဦး အလုပ်သမားအဖွဲ့မှ ဦးမိုးကျော်က “ဒီဧရိယာကြီးကို လော့ခ်ဒေါင်း ချလိုက်တဲ့အခါ တန်းလျားတွေထဲမှာ နေတဲ့သူတွေ စစ်ဆေးခံရတယ်။ ရောဂါပိုး မတွေ့တဲ့ လူတွေလည်း ထွက်လို့မရတော့ဘူးပေါ့။ စားရေးသောက်ရေး အခက်အခဲဖြစ်နေတော့ ကျနော်တို့ အလုပ်သမားအရေး အဖွဲ့အစည်းတွေ၊ လူသားချင်းစာနာတဲ့ အဖွဲ့အစည်းတွေက ကူညီနေတာ။ ကျနော်တို့ မြန်မာအချင်းချင်း ကူညီနေတာတွေ ရှိတယ်” ဟု ပြောသည်။
ယခုကဲ့သို့ မဲဆောက်မြို့တွင် မြန်မာရွှေ့ပြောင်းလုပ်သားများ အများအပြား ကိုဗစ်ကူးစက်မှုသည် ပထမဆုံး အကြိမ်အဖြစ် ရင်ဆိုင် ကြုံတွေ့ရနေရခြင်း ဖြစ်ကြောင်း ထိုင်းအခြေစိုက် အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ဆိုသည်။
ထို့ပြင် ထိုင်းနိုင်ငံ၊ ဖန်ငခရိုင်တွင်လည်း ဇွန်လ ၈ ရက်တွင် ထိုင်းနိုင်ငံသား တဦးတွင် ကိုဗစ်ပိုးတွေ့ရှိရာမှ စတင်ပြီး ယနေ့ အထိ မြန်မာ ရေလုပ်သား ၂၅၀ ကျော် ကိုဗစ် ကူးစက်ခံထားရကြောင်း သိရသည်။
ဖန်ငမြို့အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) မှ ဦးမင်းဦးက “တချို့တွေတော့ နည်းနည်း ပြန်ပြီးတော့ ၁၄ ရက်ပြည့်လို့ ကိုယ့်နေရာကိုယ် ပြန်ပြီးတော့ နေရတာတွေ ရှိတယ်။ ဒါပေမယ့် အဲဒါတွေကလည်း ကိုယ့်အိမ်ကိုယ် ပြန်ပြီး ဘယ်မှ မထွက်ရဘူး” ဟု ပြောသည်။
ထိုင်းနိုင်ငံတွင် မဲဆောက်မြို့ရှိရာ တာ့ခ်ခရိုင်၊ ဖန်ငခရိုင်တို့အပြင် ဘန်ကောက်၊ နွန်တပ်ဘူရီ၊ ဆမွတ်ပရာကန်၊ ဆမွတ်ဆွန် ခရမ် စသည့် ဒေသများတွင် မြန်မာလုပ်သား အများအပြား ကိုဗစ်ရောဂါ ကူးစက်ခံနေရကြောင်း သိရသည်။
ထိုင်းနိုင်ငံ၌ ယမန်နေ့က ကိုဗစ်ဖြစ်ပွားမှု ထုတ်ပြန်ချက်အရ ကိုဗစ် ကူးစက်လူနာသစ် ၄,၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၅၃ ဦး ရှိကြောင်း သိရသည်။
You may also like these stories:
ကိုဗစ်ကူးစက်မှု တရက်ထဲ လူ ၁၀၀၀ ကျော်အထိ ရှိလာ
ကိုဗစ် တတိယလှိုင်းက ကပ်ဆိုးကို သယ်ဆောင်လာသည်
အစုအလိုက် အပြုံလိုက် ကိုဗစ်ပိုးကူးစက်နေ