သတင်း

မြဝတီတွင် BGF အချင်းချင်း ပစ်ခတ်၍ ၂ ဦးသေ၊ ၁ ဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) မှ တပ်ဖွဲ့ဝင်အချင်းချင်း သေနတ်ဖြင့်ပစ်ခတ်မှု ကြောင့် BGF တပ်ဖွဲ့ဝင် ၂ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထိုပစ်ခတ်မှုမှာ မြဝတီမြို့ အမှတ် ၁ ရပ်ကွက်ရှိ ထိုင်း- မြန်မာ အမှတ် (၁) ချစ်ကြည်ရေး တံတားတွင် ဇူလိုင်လ ၁ ရက် နံနက် ၁ နာရီအချိန်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း BGF က ဧရာဝတီသို့ အတည်ပြုသည်။

BGF တပ်နယ် (၂) မှ ဗိုလ်မှူးစောတင်ဝင်းက “အချင်းချင်း ပစ်ခတ်ပြီး သေတယ် ဆိုတာတော့ ဟုတ်ပါတယ်။ အခြား နိုင်ငံ ရေးကိစ္စတော့ မရှိပါဘူး။ မူးယစ်ဆေးဝါးတွေ သောက်စားပြီး ဖြစ်ကြတာပဲ။ စကားများ ရန်ဖြစ်ပြီးဖြစ်တာပါ။ မူးတာများလို့ လည်း ဖြစ်မှာပါ” ဟု ပြောသည်။

ဖြစ်စဉ်မှာ မြဝတီမြို့ ထိုင်း- မြန်မာ ချစ်ကြည်ရေး အမှတ် (၁) တံတားပေါ်တွင် BGF တပ်နယ် (၄) ၊ တပ်ရင်း (၁၀၁၉) မှ တပ် ကြပ်ကြီး အဲဝါက တပ်သား စောအေးမောင်နှင့် စကားများပြီး တပ်သား စောအေးမောင်ကို ပစ်ခတ်ခဲ့ပြီးနောက် စောအေး မောင်၏ သူငယ်ချင်းဖြစ်သူ တပ်သား အောင်ကို ကိုပါ သေနတ်နှင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ၎င်းသည် မိမိကိုယ်ကိုယ် ပြန်လည် ပစ်ခတ်ခဲ့သဖြင့် သေဆုံး သွားကြောင်း သိရသည်။ ပစ်ခတ်မှုအတွင်း တပ်သား စောအေးမောင်မှာ နေရာတွင်ပင် သေဆုံးပြီး တပ်သား အောင်ကိုမှာလည်း ဒဏ်ရာရရှိခဲ့သဖြင့် သင်္ကန်းညီနောင် ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း ဗိုလ်မှူး စောတင်ဝင်းက ပြောသည်။

မြဝတီမြို့တွင် နေထိုင်သူ တဦးကလည်း BGF တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်သဖြင့် သေဆုံးသည်မှာ မှန်ကန်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ညက ပစ်ခတ်မှု ဖြစ်တာဟုတ်ပါတယ်။ မြို့နယ် ထွေအုပ်ရုံးကို ကျနော် မေးကြည့်တော့ ဟုတ်တယ်လို့ ပြောတယ်။ ဒီ့ပြင် လူတွေကို ပစ်တာ မဟုတ်ဘူး။ BGF အချင်းချင်းပဲ ဖြစ်ကြတာ” ဟု ၎င်းက ဆိုသည်။

အချင်းချင်း ပစ်ခတ်သည့် BGF တပ်ဖွဲ့ဝင်များသည် ဗိုလ်မှူး စောမုတ်သုန် လက်အောက်ခံ တပ်ရင်းမှ ဖြစ်ကြောင်း မြဝတီမြို့ ဒေသခံများက ဆိုသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ကို ကရင်အမျိုးသား အစည်းအရုံး (KNU) မှ ခွဲထွက်လာသော ဗိုလ်မှူးကြီး စော ချစ်သူ ဦးဆောင်သည့်တပ်ဖွဲ့ဝင်များဖြင့် မြန်မာစစ်တပ် လက်အောက်ခံ တပ်အဖြစ် အသွင်ပြောင်း ဖွဲ့စည်းထားခြင်း ဖြစ် သည်။

BGF အဖွဲ့သည် မြန်မာနိုင်ငံတွင် စစ်အာဏာ မသိမ်းမီကပင် ကရင်ပြည်နယ်အတွင်း ရွှေကုက္ကိုလ်မြို့သစ် စီမံကိန်း ဆောင်ရွက် မှုနှင့် ပတ်သက်ပြီး စစ်တပ်နှင့် သဘောထားတင်းမာမှုများ ဖြစ်ပွားခဲ့ကာ ဗိုလ်မှူး စောမုတ်သုန် အပါအဝင် BGF အရာရှိ အများစု ရာထူးမှ နုတ်ထွက်ရန် စာတင်ခဲ့ကြသည်။

သို့သော်လည်း ဇန်နဝါရီ ၁၅ ရက်တွင် မြိုင်ကြီးငူဒေသ၌ စစ်တပ်ဘက်မှ အမှတ် (၄) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယ ဗိုလ် ချုပ်ကြီးအောင်စိုး ဦးဆောင်သည့်အဖွဲ့နှင့် BGF ဘက်မှ ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် ခေါင်းဆောင်ပိုင်းများ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည့်နောက် နုတ်ထွက်စာ တင်ထားမှုကို BGF ဘက်က ပြန်လည် ရုပ်သိမ်းခဲ့သည်။

You may also like these stories:

ကိုဗစ်ကူးစက်မှု များသဖြင့် ရွှေကုက္ကိုလ် တရုတ်မြို့သစ်စီမံကိန်းကို Lockdown ချထား

အာဏာပြန်မလွှဲသရွေ့ တိုက်ပွဲဆက်ဖြစ်လိမ့်မယ်ဆိုတဲ့ ဗိုလ်မှူးချုပ် စောကျော်သက်နဲ့ မေးမြန်းခြင်း

မြဝတီတွင် အာဏာသိမ်းတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲဖြစ်

Loading