စစ်အာဏာသိမ်းမှု ကာလအတွင်း ဖမ်းဆီးထားသူတချို့ကို ယမန်နေ့က ပြန်လွှတ်ပေးရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) နှင့် ပတ်သက်သူများ၊ ဆန္ဒပြသပိတ်ခေါင်းဆောင်များအား တမင် ချန်လှပ်ကာ လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ဝေဖန်ပြောဆိုသည်။
အဆိုပါ ပြန်လွှတ်ပေးမည့် အစီအစဉ်နှင့် ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့များထံ ကြိုတင်ညွှန်ကြားထားဖွယ်ရှိသည့် စာ တစောင်လည်း ယမန်နေ့က လူမှုကွန်ရက်တွင် ပျံနှံ့ခဲ့ရာ နိုင်ငံ့ဝန်ထမ်း၊ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးဟောင်းများနှင့် NLD ပါတီဝင်များအား ချန်လှပ်ထားရန် ဖော်ပြထားသည်လည်းကို တွေ့ရသည်။
ဖမ်းဆီးခံရသူများအား ကူညီနေသည့် ဥပဒေဆိုင်ရာ ကျွမ်းကျင်သူတဦးက “CDM လုပ်နေသူတွေ၊ CDM တွေကို ထောက်ပံ့ တဲ့သူတွေနဲ့ NLD ပါတီကလူတွေကို လွှတ်တဲ့အထဲက ချန်လှပ်ခဲ့ဖို့ ကနဦးထဲက သတင်းကြားထားပါတယ်” ဟု ပြောသည်။
အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ယမန်နေ့ (ဇွန် ၃၀ ရက်) က ဖမ်းဆီးထားသူ ၂၂၉၆ ဦးအား အကျဉ်းထောင် အသီး သီးမှ ပြန်လွှတ်ပေးရာတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နှင့် အမှုဖွင့်တရားစွဲခံရသူ အများစု ပါဝင်ခဲ့ပြီး၊ စစ်ဆေးဆဲ ၈၆ ဦးနှင့် တရားရုံး စစ်ဆေးဆဲ ၂၂၁၀ ဦး ဖြစ်သည်။
လွတ်မြောက်လာသူများထဲတွင် သတင်းသမား ၁၂ ဦးခန့်၊ ရုပ်ရှင်သရုပ်ဆောင် ၁ ဦးနှင့် ကဗျာဆရာအချို့ ပါဝင်ပြီး အများစုမှာ ဆန္ဒပြပွဲများတွင် ပါဝင်ရင်း ဖမ်းဆီးခံရသူများ ဖြစ်သည်။
စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သော်လည်း ဦးဆောင်လှုံ့ဆော် သူ မဟုတ်ခြင်း၊ အကြမ်းဖက်လုပ်ရပ်နှင့် ရာဇဝတ်မှု မကျူးလွန်ခဲ့သူများအား စိစစ်လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောဆို ထားသည်။
ထိုကဲ့သို့ ဖမ်းဆီးထားသူ အချို့အား ပြန်လွှတ်ပေးသည် ဆိုသော်လည်း တဖက်တွင် အကြမ်းဖက် ဖမ်းဆီးမှုများကို စစ်ကောင်စီက ဆက်လက်ပြုလုပ်နေပြီး ထောင်နှင့်ချီသည့် တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးသမားများနှင့် CDM ဝန်ထမ်း များမှာ တိမ်းရှောင်နေကြရသည်။
အကြမ်းဖက် ဖမ်းဆီးမှုများ ဆက်လက် ကျူးလွန်နေသည့် အာဏာသိမ်း စစ်ကောင်စီ အနေဖြင့် ဖမ်းဆီးထားသူ တချို့ကို ပြန်လွှတ်ပေးခြင်းမှာ အပြုသဘောဆောင်သည့် အပြောင်းအလဲ ဖော်ဆောင်ခြင်း မဟုတ်ဘဲ ကုလသမဂ္ဂ အထွေထွေ ညီ လာခံတွင် နိုင်ငံတကာ အသိုက်အဝန်းက အသိအမှတ်ပြု လက်ခံလာစေရန် ကြိုးပမ်းခြင်းသာ ဖြစ်ကြောင်း (AAPP)က သဘောထား ထုတ်ပြန်ထားသည်။
AAPP တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က “သူတို့တွေဟာ မတရား ဖမ်းဆီးခံခဲ့ရတာပါ။ တကယ်တမ်း ပြုပြင်ပြောင်း လဲရေးအတွက် ရည်ရွယ်တဲ့ လွှတ်ပေးခြင်းမျိုးဆိုရင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားသူ အားလုံးကို ပြန် လွှတ်ပေးရမယ်။ အကြမ်းဖက်မှုတွေကို ရပ်တန့်ရပါမယ်။ မတရားသဖြင့် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သူတွေကို အရေးယူ ရပါမယ်” ဟု ပြောသည်။
နိုင်ငံတကာ အနေဖြင့်လည်း စစ်မှန်သည့် ပြုပြင်ပြောင်းလဲမှုနှင့် အကြမ်းဖက်မှု ရပ်တန့်ကာ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး လက်တွေ့ကျသည့် ဖိအားပေးမှုများ ဆက်လက် လုပ်ဆောင်ရန် AAPP က တိုက်တွန်းထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကလည်း “အခြေအနေကလည်း အမြဲတမ်း စိုးရိမ်နေရတဲ့ အကြောက်တရား လွှမ်းမိုးထားတဲ့ တိုင်းပြည်ဆိုတော့ ထောင်လေးထဲက ထောင်ကြီး ပြောင်းလိုက်သလို လွှတ်ပေးလည်း မလွတ်လပ်ဘူး။ နည်းနည်းလှုပ်တာနဲ့ ဆွဲစိမယ့်နှောင်ကြိုးကပါသေး” ဟု ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ တွင် မှတ်ချက်ပြု ရေးသားထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီဝင်များ၊ CDM လှုပ်ရှားသည့် နိုင်ငံ့ ဝန်ထမ်းများ၊ ဆရာဝန်များ၊ သတင်းသမားများနှင့် တက်ကြွလှုပ်ရှားသူများကို ပစ်မှတ်ထား ဖမ်းဆီးခဲ့သလို စစ်ကြောရေး တွင် ညှဉ်းပန်းနှိပ်စက်ခံရမှုများကြောင့် အသက်သေဆုံးမှုများလည်း ရှိနေသည်။
ဖမ်းဆီးခံထားရသူ တချို့မှာ စစ်ကြောရေးတွင် နှိပ်စက်ခံရမှုကြောင့် အရိုးကျိုးခြင်း အပါအဝင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး အကျဉ်းထောင်များထဲ၌ တရားရင်ဆိုင်နေရကြောင်း ၎င်းတို့၏ မိသားစုဝင်များနှင့် ပြန်လွတ်မြောက်လာသူ တချို့က ထုတ် ဖော် ပြောဆိုထားသည်။
ထို့ပြင် စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်အမတ်အများစုနှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကိုလည်း မတရားအသင်း၊ အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာထားသကဲ့သို့ ထောက်ခံအားပေးသူများကိုလည်း အကြမ်းဖက်သမားများ အဖြစ် တံဆိပ်ကပ်လေ့ရှိသည်။
လက်ရှိ ဖမ်းဆီးခံထားရသူများအနက် တချို့မှာ မည်သည့်နေရာတွင် ထိန်းသိမ်းချုပ်နှောင်ထားသည်ကိုပင် မသိရသည့် အတွက် မိသားစုဝင်များက စိုးရိမ်လျက်ရှိပြီး စစ်ကောင်စီ အနေဖြင့် ဖမ်းဆီးထားသူ အားလုံးအား ခြွင်းချက်မရှိ အမြန် ဆုံး ပြန်လွှတ်ပေးရန်လည်း မွန်လူအခွင့်အရေးအဖွဲ့က တောင်းဆိုထားသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်း ကာလအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများကြောင့် ဇွန် ၃၀ ရက်နေ့အထိ သေဆုံးသူ ၈၈၄ ဦး၊ ဖမ်းဆီး ချုပ်နှောင်ခံထားရဆဲ ၅၂၁၀ ဦးနှင့် အမှုဖွင့်တရားစွဲကာ ဝရမ်းထုတ်ထားမှုကြောင့် တိမ်းရှောင်နေရသူ ၁၉၆၅ ဦး ရှိကြောင်း သိရသည်။
You may also like these stories:
မြဝတီတွင် BGF အချင်းချင်း ပစ်ခတ်၍ ၂ ဦးသေ၊ ၁ ဦးဒဏ်ရာရ
ကိုဗစ်ကူးစက်မှု များသဖြင့် ရွှေကုက္ကိုလ် တရုတ်မြို့သစ်စီမံကိန်းကို Lockdown ချထား
အာဏာပြန်မလွှဲသရွေ့ တိုက်ပွဲဆက်ဖြစ်လိမ့်မယ်ဆိုတဲ့ ဗိုလ်မှူးချုပ် စောကျော်သက်နဲ့ မေးမြန်းခြင်း