စစ်ကောင်စီက နိုင်ငံခြားငွေ ရှာဖွေနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဆိုလာပါဝါ စီမံကိန်းတင်ဒါများကို ခေါ်ယူနေရာ တရုတ်နှင့် ထိုင်းကုမ္ပဏီများ အပါအဝင် ကုမ္ပဏီပေါင်း ၄၀ နီးပါးက ဝယ်ယူကာ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နေကြောင်းသိရသည်။
ဆိုလာပါဝါ စီမံကိန်း တင်ဒါ ဝယ်ယူထားသော ကုမ္ပဏီများထဲတွင် တရုတ်ကုမ္ပဏီများဖြစ်သည့် Union Resources & Engineering၊ SGCC(Stare Grid Corporation of China)၊ Huaneng Lancang River Hydropower Inc၊ China CAME Engineering၊ Power China Hydrower Development Group နှင့် China ITS (Holding) ကုမ္ပဏီများ ပါဝင်ပြီး ထိုင်း အခြေစိုက် ကုမ္ပဏီများဖြစ်သော Pro Engineering ကုမ္ပဏီ၊ SS Aliance ကုမ္ပဏီ ၊ PCS Machine Group နှင့် Future Energy တို့ ပါဝင်သည်။
ပြည်တွင်း ကုမ္ပဏီများထဲမှလည်း ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင် မြန်မာသီလဝါအထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ (MTSH)၊ စစ်အစိုးရ လက်ထက်က စက်မှုဝန်ကြီး ဦးအောင်သောင်း၏သားဖြစ်သူ ဦးနေအောင် ပိုင်ဆိုင်သော IGE Power ကုမ္ပဏီ နှင့် Orange စူပါမားကတ်လုပ်ငန်းများ လုပ်ကိုင်နေသော Creation မြန်မာကုမ္ပဏီအုပ်စု၊ ဆန်စပါး လယ်ယာ ထွက်ကုန်လုပ်ငန်းနှင့် ဝီတိုရိယ ဆေးရုံပိုင်ဆိုင်သော Ayeyar Hinthar Holding တို့လည်း ပါဝင်ကြောင်း စစ်ကောင်စီ၏ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထွက်ပေါ်လာသော ဆိုလာပါဝါ တင်ဒါဝယ်ယူထားသော ကုမ္ပဏီစာရင်းအရ သိရသည်။
ထိုကုမ္ပဏီများအပြင် မလေးရှားကုမ္ပဏီ Muhibbah မြန်မာ၊ ဩစတေးလျနိုင်ငံသားပိုင် RJE မြန်မာ ကုမ္ပဏီနှင့် အခြားသော နိုင်ငံတကာ ကုမ္ပဏီများ အပါအဝင် ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကုမ္ပဏီ တချို့လည်း ပါဝင်သေးသည်။
“အခုကတော့ တင်ဒါ ဝင်ပြိုင်တဲ့ ကုမ္ပဏီတွေက ဆိုလာနဲ့ ပတ်သက်ပြီး အတွေ့အကြုံမရှိတဲ့ ကုမ္ပဏီတွေ အများကြီး ပါ တယ်။ ဒီကဏ္ဍမှာ အတွေ့အကြုံရှိတဲ့ ကုမ္ပဏီတွေကတော့ ဈေးကွက် တွက်ခြေ မကိုက်နိုင်တဲ့ အခြေအနေတွေကြောင့် သိပ်မဝင်ကြဘူး” ဟု ဆိုလာပါဝါ စီမံကိန်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသော ပြည်တွင်း လျှပ်စစ် ကုမ္ပဏီမှ ဒါရိုက်တာတဦးက ပြောသည်။
ယခု ကုမ္ပဏီများသည်လည်း တင်ဒါကို ဝယ်ယူထားသည့် အဆင့်သာ ရှိသေးပြီး တင်ဒါဝင်ရောက် ယှဉ်ပြိုင်မည့် ကုမ္ပဏီများ မဟုတ်သေးကြောင်း ၎င်းက ရှင်းပြသည်။
ကမာ္ဘ့ဈေးကွက်တွင် ဆိုလာကုန်ကြမ်းပစ္စည်းများ ဈေးနှုန်းမြင့်တက်နေခြင်းနှင့် မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းမြှုပ်နှံမှု အသစ်များ ဝင်ရောက်မှု ရပ်တန့်နေ၍ လျှပ်စစ်လိုအပ်ချက်မှာ မျှော်မှန်းထားသလောက် မြင့်မားမလာနိုင်ခြင်း တို့ကြောင့် လုပ်ငန်း တွက်ခြေ မကိုက်နိုင်သဖြင့် ပြည်တွင်းက လျှပ်စစ်ထုတ်လုပ်ရေး ကုမ္ပဏီအများစု အနေဖြင့် အဆိုပါ တင်ဒါကို စိတ်ဝင်စားမှု မရှိကြောင်း သိရသည်။
နေရောင်ခြည်စွမ်းအင်မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် ဆိုလာပါဝါစီမံကိန်း ၁၂ ခု တည်ဆောက်ရန် တင်ဒါခေါ်ယူမှုကို စစ်ကောင်စီက မေလ ၂၄ ရက်တွင် ကြေညာလိုက်ပြီး တင်ဒါနောက်ဆုံး တင်သွင်းရမည့် ရက်ကို ဩဂုတ်လ ၁၁ ရက် အထိ သတ်မှတ်ထားသည်။
ထို ဆိုလာပါဝါ စီမံကိန်းများကို မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်း တခုသည် လျှပ်စစ်မဂ္ဂါဝပ် ၂၀ မှ ၄၀ ထုတ်လုပ်နိုင်မည့် ဆိုလာစီမံကိန်းများ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ပထမဆုံးအကြိမ် ဆိုလာပါဝါ စီမံကိန်း ၂၉ ခု အတွက် ကုမ္ပဏီပေါင်း ၅၂ ခုက စီမံကိန်း အဆိုပြု လျှောက်လွှာပေါင်း ၁၅၅ ခု အထိရှိခဲ့ပြီး တရုတ်ကုမ္ပဏီများကအများစု ပါဝင်ကာ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား၊ ထိုင်း အိန္ဒိယ ကုမ္ပဏီများနှင့် အနောက်နိုင်ငံများနှင့် ပြည်တွင်း ကုမ္ပဏီများ ဖက်စပ် ပူးပေါင်း လုပ်ဆောင်ကြမည့် ကုမ္ပဏီများက ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြ သည်။
အဆိုပါ ပထမအကြိမ် ဆိုလာပါဝါ စီမံကိန်းများကို တရုတ် ကုမ္ပဏီများကသာ တင်ဒါ အများဆုံး အောင်မြင်ခဲ့သည်။
You may also like these stories:
စစ်ကောင်စီက ဘဏ္ဍာရေးနှစ် ပြောင်းလဲသတ်မှတ်ရန် စီစဉ်
ရုရှားကျောထောက်နောက်ခံပြု သံမဏိစက်ရုံကို စစ်ကောင်စီပြန်ဖွင့်
မြန်မာစစ်တပ်နှင့်ပတ်သက်သည့် ဆိပ်ကမ်းလုပ်ငန်းရှယ်ယာများကို နော်ဝေး ပြန်ရောင်းထုတ်
အမေရိကန် ဒေါ်လာသန်း ၅၀ ကျော်တန်ဖိုးရှိ သတ္တုပစ္စည်းများ စစ်ကောင်စီထုတ်ရောင်း