စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေသည့် အနုပညာရှင်များအား နာမည်ဖျက်ချင်သဖြင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားခြင်းကို စစ်ကောင်စီက ရုပ်သိမ်းခြင်းဖြစ်ကြောင်း အမှုရုပ်သိမ်းခံရသူ တချို့က တုံ့ပြန်ပြောဆိုသည်။
အမှုရုပ်သိမ်းခံရသည့် အနုပညာရှင် ၂၄ ဦးမှာ ဝါဆိုမိုးဦး၊ ကျော်ကျော်နန္ဒ၊ ဟန်နေတာ၊ သက်မွန်မြင့်၊ G fatt၊ Kelven Kate၊ Mary၊ နော်ဖောအယ်ထား၊ ခါရာ၊ စူးရှနိုင်၊ ချစ်သုဝေ၊ J Fire၊ သီဟထွန်း၊ အေးဝတ်ရည်သောင်း၊ အေးမြတ်သူ၊ ညီနန္ဒ၊ မိတ် ကပ် မထက်၊ မိတ်ကပ် မေဦးမောင်၊ ခြူးပန်းနွယ်၊ သားငယ်၊ အောင်ထက်၊ နန်းသူဇာ၊ သွင်ပပအောင်၊ သဇင်နွယ်ဝင်းတို့ ဖြစ်ကြသည်။
ထိုသို့ ဇွန်လ ၂၉ ရက်နေ့က စစ်ကောင်စီမှ အမှုရုပ်သိမ်းကြောင်း ကြေညာခဲ့သည့် အနုပညာရှင် ၂၄ ဦး စာရင်းထဲတွင် တချို့မှာ ခံဝန်ကတိ လက်မှတ်ထိုးထားသူများ ပါဝင်သလို၊တချို့လည်း ခံဝန်လက်မှတ် ထိုးထားခြင်း မရှိဘဲ ထွက်ပြေး တိမ်းရှောင် နေသူများလည်း ပါသည်။
အမှုရုပ်သိမ်းခံရသည့် အနုပညာရှင်တဦးက “ကျနော့်နာမည်ကို ဘယ်လိုကြောင့် ရွေးချယ်ပြီး ထည့်လာလည်း ဆိုတာတော့ မသိဘူး။ သေချာတာကတော့ ခံဝန်ထိုးတဲ့သူနဲ့ မထိုးတဲ့လူအကြား ရောထည့်တာပေါ့။ နာမည်ကြီးတွေနဲ့ ကျနော်တို့ဆို အရမ်းကြီး နာမည်မကြီးဘူး။ ခံဝန်ထိုးထားတဲ့ သူတွေကိုပဲ ဖုံးကွယ်ချင်တာလားပေါ့။ အဓိကကတော့ ကျနော်တို့ကို နာမည် ဖျက်ချင်၊ သိက္ခာချချင်လို့လို့ ထင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ထိုသို့ အမှုရုပ်သိမ်းမခြင်း မပြုမီ အစောပိုင်း၌ စစ်ကောင်စီနှင့် ရင်းနှီးသူများက အနုပညာရှင်များကြား ခံဝန်ကတိ လက်မှတ် ထိုးရန် ကမ်းလှမ်းမှုများစွာရှိခဲ့ပြီး လက်ခံ၍ ခံဝန်လက်မှတ် ထိုးခဲ့သူ အမြောက်အမြားရှိကြောင်း အနုပညာအသိုင်းအဝိုင်းမှ သိရသည်။
အမည်မဖော်လိုသူ အနုပညာရှင်တဦးကလည်း “ခံဝန်ထိုးဖို့ လာကမ်းလှမ်းတာ ၃/၄ ကြိမ်လောက် ရှိတယ်။ အဓိကက ဒီလို လုပ် လို့ရတယ်၊ လုပ်မလားဆိုပြီး လာမေးကြတာ ရှိတယ်။ ဒါပေမယ့် ကျနော်သည် ဘယ်တော့မှ မလုပ်ဘူး။ ကျနော့် ခံယူချက် က အများကြီး မလုပ်နိုင်ဘူး ဆိုရင်တောင် အခုအချိန်ထိ တိုက်ပွဲဝင်နေကြသေးတဲ့ ရဲဘော်တွေ၊ ကျဆုံးသွားတဲ့ ရဲဘော်တွေ ရှိတယ်။ နောက်ပြီး CDM လုပ်ဖို့အတွက် တိုက်တွန်းခဲ့တယ်။ CDM လုပ်နေတဲ့သူတွေ အများကြီးရှိတယ်။ သူတို့ကို ကိုယ် ချင်းစာတယ်။ အဲဒီအတွက် ခံဝန်ထိုးစရာ အကြောင်းမရှိဘူး” ဟု ဆိုသည်။
စစ်ကောင်စီက ၅၀၅-က ဖြင့် အမှုဖွင့်ခံထားရသည့် အနုပညာရှင်များအနက် ၂၄ ဦးကို အမှုရုပ်သိမ်းကြောင်း ကြေညာရာ တွင် ၎င်းတို့သည် ပယောဂ တစုံတရာကြောင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများအား လုပ်ဆောင်ခဲ့သည်ဟု ယူ ဆရသဖြင့် ထိုသို့ ရုပ်သိမ်းပေးခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့ပြင် အမှုရုပ်သိမ်းခံရသူများ အနေဖြင့် အလားတူ ကျူးလွန်မှုမျိုး ထပ်မံပြုလုပ်ပါက အရေးယူသွားမည်ဟုလည်း စစ်ကောင်စီက သတိပေးထားသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဧပြီ ၂ ရက်နေ့မှ မေ ၁ ရက်နေ့ထိ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)၊ ဆူပူဆန္ဒပြမှု များနှင့် လူမှုကွန်ရက် စာမျက်နှာမှတဆင့် လှုံ့ဆော်ရေးသားမှုများကြောင့်ဟု ဆိုကာ သဘင်၊ ဂီတ၊ ရုပ်ရှင်လောကမှ အနု ပညာရှင် တချို့ကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ဇွန် ၃၀ရက် က စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုကာလအတွင်း ဖမ်းဆီးတရားစွဲဆိုခံထားရသူ ၂၀၀၀ ကျော်အား ပြန်လွှတ်ပေးခဲ့ရာ နာမည်ကျော် အနုပညာရှင်များ ပါဝင်မည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း သရုပ်ဆောင် မေတိုးခိုင် ၁ ဦး သာ ပြန်လွတ်လာခဲ့သည်။
ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲခံထားရသည့် ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ လူရွှင်တော် ဇာဂနာ၊ အဆိုတော် စောဖိုးခွား၊ သရုပ်ဆောင် လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ရဲတိုက်၊ ပိုင်တံခွန်၊ အဆိုတော်ပိုပိုနှင့် Beauty Blogger ဝင်းမင်းသန်း တို့မှာ အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။
You may also like these story:
သရုပ်ဆောင်များထဲမှ မေတိုးခိုင် ၁ ဦးသာ ပြန်လွတ်လာ