ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ဘက်မှ တက်လာသည့် အာဏာသိမ်းတပ် ပူးပေါင်းတပ်များနှင့် ကရင်နီအမျိုးသားတိုး တက်ရေးပါတီ (KNPP) တပ်အကြား ယနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားကြောင်း KNPP က ဧရာဝတီသို့ ပြောသည်။
အာဏာသိမ်းတပ်နှင့်အတူ ချီတက်လာသည့်အထဲတွင် ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (က.လ.လ.တ)နှင့် ဦးအောင်ခမ်းထီ ၏ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ ပအိုဝ်းအမျိုးသားတပ်မတော် (PNO/PNA) တပ်များ ပါဝင်ကြောင်း KNPP ဘက်မှ သိရသည်။
KNPP တာဝန်ရှိသူတဦးက “တိုက်ပွဲ ဖြစ်တဲ့နေရာက လွိုင်ကော်မြို့နယ်ထဲမှာလို့ ပြောလို့ရပါတယ်။ လောလောဆယ်တော့ တိုက်ပွဲဖြစ်တာပဲ အတည်ပြုလို့ရပါတယ်။ ထိခိုက်သေဆုံးမှုကိုတော့ ကျနော်တို့လည်း အတိအကျ မသိရသေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ကယားပြည်နယ်အတွင်း ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်ထဲတွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် အာဏာသိမ်း တပ်များအကြား မေလနှင့် ဇွန်လထဲတွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး နှစ်ဘက် ထိခိုက် သေဆုံးမှုများ ရှိခဲ့ပြီး ပြည်သူလူထု၏ နေအိမ်များကို အာဏာသိမ်း တပ်က ပစ်ခတ်ဖျက်ဆီးမှုများ၊ မီးရှို့မှုများ ပြုလုပ်ခဲ့သည်။
ထိုဖြစ်ရပ်များကြောင့်ပင် စစ်ဘေးရှောင် ၁ သိန်းကျော်ရှိလာခဲ့ပြီး ဒေသတွင်း ဘာသာရေးခေါင်းဆောင်များ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် ဇွန်လ ၁၅ ရက်တွင် နှစ်ဖက်ယာယီအပစ်အခတ်ရပ်စဲရန် သဘောတူခဲ့သည်။
KNPP သည် ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ တပ်မတော်အစိုးရနှင့် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးခဲ့သော်လည်း ၃ လ အကြာတွင် တိုက်ပွဲများပြန်ဖြစ်ကာ သဘောတူညီချက် ပျက်ပြားသွားခဲ့သည်။
သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ဆွေးနွေးမှုများ ပြန်လည် စတင်ခဲ့သော်လည်း တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုနိုင်ခြင်းမရှိသေးပါ။
You may also like these stories:
အရှိန်မြင့်လာသော ဗုံးခွဲတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှု ရှိလာ
ဆယ်ကျော်သက်တဦးကို လည်ပင်းအထိမြေမြှုပ်ပြီး ညှင်းဆဲဟု HRW ပြော
မြန်မာ့တပ်မတော်က KNU ကို ရှက်ပါ