မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ တတိယလှိုင်း ၁ လကျော်ကာလအတွင်း ကိုဗစ်ကူးစက်မှု အမြင့်ဆုံး ရောက်ရှိ လာကြောင်း စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အချက်အလက် များ အရ သိရသည်။
ဇွန် ၂၁ ရက်နေ့မှ စတင်ပြီး နေ့စဉ် ကိုဗစ်ဖြစ်ပွားသူ ၅၀၀ နှင့်အထက် တွေ့ရှိလာရာမှ ဇွန် ၂၈ ရက်နေ့တွင် ထောင်ဂဏန်း အထိ မြင့်တက်လာကာ ယမန်နေ့ (ဇူလိုင် ၁) ရက်နေ့ကဆိုလျှင် ၂,၀၀၀ ကျော်အထိ ကိုဗစ်လူနာများ ဆက်တိုက် တိုးလာ နေသည်။
ထို့ပြင် ကိုဗစ်ရောဂါဖြင့် သေဆုံးသူများလည်း ရှိနေပြီး ကိုဗစ်တတိယလှိုင်း စတင်သည့် ၂၀၂၁ မေ ၂၇ ရက်မှ ဇူလိုင် ၁ ရက်နေ့ထိ သေဆုံးသူ ၁၃၁ ဦး ရှိပြီ ဖြစ်သည်။
အဆိုပါ ကိန်းဂဏန်းများသည် စစ်ကောင်စီက စစ်ဆေးနိုင်သည့် ပမာဏသာဖြစ်ပြီး လက်ရှိ အမှန်တကယ် ဖြစ်ပွားမှုများမှာ များနေနိုင်သဖြင့် ကိုဗစ်တတိယလှိုင်း ဖြစ်ပွားနေမှုသည် စိုးရိမ်ဖွယ်ရာ အခြေအနေတွင် ရှိနေကြောင်း ကျန်းမာရေးဆိုင်ရာ ပညာရှင်များက သုံးသပ်ပြောဆိုသည်။
CDM ဆရာဝန်တဦးက “စိုးရိမ်စရာကတော့ တော်တော်ကောင်းတယ်။ အခုချိန်မှာ ကျန်းမာရေးဝန်ထမ်းတွေကလည်း CDM လုပ်တာကြောင့် ကျန်းမာရေးဝန်ထမ်းအင်အားတွေ လျော့ကျတာက တပိုင်း၊ ကိုဗစ်နဲ့ပတ်သက်တဲ့ facilities အပိုင်းတွေကလည်း အရင်တုန်းကလို ထိထိရောက်ရောက် မရှိတာက တပိုင်းပေါ့။ နိုင်ငံရေး အခြေအနေကြောင့်လည်း ပါတယ်။ ဒီကောင်ကြီးကို ထိန်းချုပ်ဖို့ကတော့ ဒီပုံစံနဲ့ သွားလို့မရဘူး” ဟု ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားချက်အရ မေ ၂၇ ရက်တွင် ပိုးတွေ့သူ ၉၆ ယောက်ဖြင့် ကိုဗစ် တတိယလှိုင်း စတင်လာခြင်းဖြစ်ပြီး ဇူလိုင် ၁ ရက်တွင်မူ ပိုးတွေ့သူ ၂,၀၇၀ ဦး ကူးစက်ခဲ့သည်အထိ တရက်အတွင်း ကူး စက်မှုနှုန်းမှာ အမြင့်ဆုံး မြင့်တက်လာခြင်း ဖြစ်သည်။
ကိုဗစ်ကူးစက်မှုနှုန်း အမြင့်ဆုံးတွင် ရှိနေသည့် ကလေးမြို့ ပြည်သူ့ဆေးရုံနှင့် စစ်ကောင်စီက စီစဉ်သည့် ကိုဗစ်စင်တာများ၌ ကျန်းမာရေး ဝန်ထမ်းအင်အား နည်းပါးခြင်း၊ လူနာထားရှိရာ နေရာကျပ်တည်းခြင်း စသည့် အခက်အခဲများကြောင့် ဒေသခံ ပြည်သူများက မိမိအိမ်တွင်သာ ကိုဗစ်စစ်ဆေးပြီး ကိုယ်ထူကိုယ်ထ ဆေးကုသကြသည့် အခြေအနေများ ဖြစ်ပေါ်နေသည်။
ကလေးမြို့ ကိုဗစ်လူနာများ အဓိက ထားရှိရာ အိတ်စွပ်ကိုဗစ်စင်တာတွင် လူနာသစ် ထပ်မံထားစရာနေရာ မရှိတော့ သည့်အတွက် ယနေ့မှစ၍ ကိုဗစ်လူနာများ ထပ်မံ လက်မခံတော့ကြောင်းလည်း သိရသည်။
ကလေးမြို့ခံတဦးက “စင်တာတွေမှာက ကျပ်သိပ်လွန်းတယ်။ ဆေးကလည်း အောက်ဆီဂျင်နဲ့ စီဗစ်လောက်ပဲ ပေးနိုင် တယ်။ ကျန်တာက တခုခု အရေးအကြောင်းဆို မကုပေးနိုင်ဘူး။ ဆရာဝန်နဲ့ သူနာပြုနည်းတဲ့အတွက် မသွားချင်ကြဘူး။ မသွားချင်ကြဘဲ ကိုယ့်အိမ်ထဲကိုယ်ပဲ နေကြတာပေါ့” ဟု ပြောသည်။
ထို့ပြင် ကိုဗစ်တတိယလှိုင်းတွင် သေဆုံးမှုများနေသည့် ကလေးမြို့တွင် အောက်ဆီဂျင်ပြတ်လပ်မှု ပြဿနာကို အဓိက ကြုံနေရပြီး ဆေးဝါးလိုအပ်ချက်များလည်း ရှိနေကြောင်း သိရသည်။
ဒေသခံတဦးက “အောက်ဆီဂျင် လိုအပ်မှုကတော့ ရှိနေဆဲပဲ။ မြို့ပေါ်မှာ လမ်းသွားလမ်းလာကို ကြည့်လိုက်ရင် အောက်ဆီ ဂျင်သယ်နေတဲ့ ဆိုင်ကယ်တွေ၊ ဆိုက်တွဲတွေ ဒါတွေပဲ မြင်နေရတယ်။ တော်တော်များများက ဆိုင်တွေလည်း ပိတ်တယ်။ တခြားလူမှုရေး လုပ်ငန်းနဲ့ သွားလာတဲ့လူလည်း မရှိသလောက်ပဲ။ အောက်ဆီဂျင်သယ်နေတဲ့ မြင်ကွင်းပဲ တောက်လျှောက် မြင်နေရတာ” ဟု ဆိုသည်။
ယခုလို ကိုဗစ်ဖြစ်ပွားမှု နောက်တကြိမ် ပြန်လည် ဦးမော့လာမှုအား ထိန်းချုပ်ရာတွင် လူထု ပူးပေါင်းပါဝင်မှုသည် အဓိက ကျကြောင်း ကျန်းမာရေးပညာရှင်များက တိုက်တွန်းပြောဆိုသည်။
ကျန်းမာရေးနယ်ပယ်မှ ပညာရှင်တဦးဖြစ်သည့် ဒေါက်တာသိန်းဝင်းက “ထိန်းချုပ်ဖို့ ခက်လာတဲ့ အနေအထားတွေ မြင်တ ယ်။ ဘာလို့လဲဆို ဒီလိုကိစ္စသည် လူထုက ပါဝင်ပတ်သက်မှု ရှိရမယ်။ လူထုက ယုံကြည်မှုရှိရမယ်။ အဲဒါတွေမရှိရင် လုပ်လို့ ခက်တာပေါ့။ လူထုရဲ့ ပါဝင်ပတ်သက်မှုက နည်းတယ်။ လူထုကို ထောက်ပံ့မှုတွေလည်း အရင်က တွေ့တာက စားနပ်ရိက္ခာ ပဲဖြစ်ဖြစ်၊ ငွေကြေးဖြစ်ဖြစ် ထောက်ပံ့တယ်။ အခုက အဲဒါတွေလည်း မရှိလာဘူး” ဟု ပြောသည်။
ကိုဗစ်တတိယလှိုင်း ကာလတွင် စစ်ကိုင်းတိုင်းသည် ကိုဗစ်ဖြစ်ပွားသူ ၃,၀၀၀ ကျော်ဖြင့် အမြင့်ဆုံးတွင် ရှိနေပြီး ပဲခူးတိုင်း တွင် ၂,၀၀၀ ကျော်၊ ရန်ကုန်တိုင်းတွင် ၂,၀၀၀ ကျော်၊ ချင်းပြည်နယ်တွင် ၁,၈၀၀ ကျော်၊ ရှမ်းပြည်နယ်တွင် ၁,၇၀၀ ကျော် နှင့် မန္တလေးတိုင်းတွင် ၁,၂၀၀ ကျော် ကူးစက်ဖြစ်ပွားနေသည်။
စစ်ကောင်စီက ကိုဗစ်တတိယလှိုင်း ကာလအတွင်း စစ်ကိုင်းတိုင်းရှိ တမူး၊ ကလေး၊ ချင်းပြည်နယ်ရှိ တွန်းဇံ၊ ဟားခါး၊ ထန် တလန်၊ ဖလမ်း၊ တီးတိန်နှင့် ပဲခူးတိုင်းရှိ လက်ပံ တန်း၊ ဖြူး၊ သာယာဝတီ၊ မင်းလှ၊ မန္တလေးတိုင်းရှိ ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ပုသိမ်ကြီး၊ အမရပူရ၊ ရှမ်းပြည်နယ်ရှိ လားရှိုး၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် လောက်ကိုင် စသည့် မြို့နယ်ပေါင်း ၂၀ ကို Stay at Home ကြေညာထားသည်။
စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၀ မတ် ၂၃ ရက်မှ ၂၀၂၁ ဇူလိုင် ၁ ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ စစ်ဆေးသူ ၂,၇၄၃,၇၈၃ ဦး အနက်မှ အတည်ပြုလူနာ ၁၅၉,၃၄၇ ဦးရှိပြီး သေဆုံးသူ ၃,၃၄၇ ဦးနှင့် ဆေးရုံဆင်းခွင့်ရရှိသူ ၁၃၆,၉၉၂ ဦး ရှိပြီ ဖြစ်သည်။
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယသာမက ထိုင်းနှင့် လာအိုတို့တွင်လည်း ကိုဗစ်ဖြစ်ပွားမှု မြင့်တက်နေ ခြင်းနှင့် အလွန်လျင်မြန်စွာ ကူးစက်နိုင်သည့် အခြေအနေများကြောင့် အိမ်နီးချင်းနိုင်ငံများအကြား စိုးရိမ်မှုများ မြင့်တက် လျက်ရှိသည်။
ကိုဗစ်ကူးစက်မှု မြင့်တက်နေသော အင်ဒိုနီးရှား၊ ထိုင်းကဲ့သို့သော နိုင်ငံများတွင် ကုန်တိုက်ကြီးများကို ယာယီပိတ်ထား ရသကဲ့သို့ ဂျာဗားနှင့်ဘာလီရှိ စီးပွားရေးစင်တာများကိုလည်း ယာယီရပ်နားထားရပြီ ဖြစ်သည်။
You may also like these stories:
မောင်တောနှင့် သံတွဲ၌ ကိုဗစ်ကူးစက်မှုနှုန်း မြင့်လာ
မောင်တော နယ်ခြားစောင့်ရဲ ၉၀ ကျော်တွင် ကိုဗစ်ပိုး ကူးစက်