ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း ကျောင်းဆရာမ အပါအဝင် ကျောင်းသူ/သား တချို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုး တွေ့ရှိသည့်အတွက် ဇူလိုင် ၁ ရက်နေ့မှစတင်ကာ စာသင်ကျောင်းတချို့ကို ပြန်ပိတ်ခဲ့ကြောင်း မောင်တောမြို့နယ် ပညာရေးမှူးက ပြောသည်။
ပြန်ပိတ်ထားသည့် စာသင်ကျောင်းများမှာ မောင်တောမြို့ပေါ် အမှတ် (၆) အခြေခံပညာမူလတန်း (လွန်) ကျောင်းနှင့် ယင်းမြို့နယ်ရှိ ဆားကုန်ဘုတ် ကျေးရွာရှိ အခြေအခံပညာမူလတန်း (လွန်) ကျောင်းတို့ ဖြစ်ကြောင်း မောင်တောမြို့နယ် ပညာရေးမှူး ဦးကြာစိန်အောင် က ဧရာဝတီကို ပြောသည်။
ဦးကြာစိန်အောင် က “မူလွန်ကျောင်း နှစ်ကျောင်းကို ယာယီ ပိတ်ထားပါတယ်။ ဇွန်လ ၃၀ ရက်နေ့ မြို့နယ်အဆင့် ကိုဗစ်ထိန်းချုပ်ကာ ကွယ်ရေးအဖွဲ့နဲ့ အစည်းအဝေးတရပ် ကျင်းပပြီးတော့ ပိုးကူးစက်မှု ထပ်မံမပြန့်ပွားအောင် နှစ်ပတ်လောက် အဲဒီ ကျောင်း ၂ ကျောင်းကို ယာယီ ပိတ်ထားမယ်ဆိုပြီး ဆုံးဖြတ်ပြီး ပိတ်ထားတာပါ” ဟု ဆိုသည်။
အဆိုပါ ကျောင်း ၂ ကျောင်းမှ ဆရာမ ၂ ဦး၊ ကျောင်းသား ၁ ဦးနှင့် ကျောင်းသူ ၁ ဦး စုစုပေါင်း ၄ ဦးတို့အား ဇွန် ၂၉ ရက်နေ့က ဆေးစစ်ခဲ့ရာ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါ မောင်တောဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။
မောင်တောမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ တနေ့ထက်တနေ့ မြင့်တက်လာနေသည့်အတွက် ပြည်သူများကြား စိုးရိမ်မှု မြင့်တက်ကာ ကျောင်းသူ/သားများမှာလည်း ကျောင်းမတက်ရဲကြတော့ကြောင်း မောင်တောမြို့ခံ ကိုလတ်ထွန်း က ပြော သည်။
ကိုလတ်ထွန်း က “ကိုဗစ်က နေ့တိုင်း တွေ့နေတယ်ဆိုတော့ လူတိုင်းစိုးရိမ်မှုတွေ ဖြစ်တယ်။ ကျနော်တို့လည်း စိုးရိမ်ပြီး ကလေးတွေကို ကျောင်းမပို့တော့ဘူး။ ဌာနဆိုင်ရာတွေကတော့ အပြင်ထွက်ရင် နှာခေါင်းစည်း (Mask) တပ်ဖို့၊ ဈေးရောင်း၊ ဈေးဝယ် သူတွေ Mask တပ်ဖို့။ ဒါတွေ ပြောတာတော့ ရှိတယ်။ ဒီအခြေအနေမှာ ကိုယ့်ကျန်းမာရေးကို ကိုယ့်ဟာကိုပဲ ဂရုတစိုက်နေရမယ့် သဘောဖြစ်နေတယ်” ဟု ဆိုသည်။
မောင်တောမြို့နယ်တွင် ယမန်နေ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၃ ဦး အပါအဝင် ၁၅ ဦးတွင် ကိုဗစ်ပိုး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရာ ယင်းမြို့နယ်အတွင်း ကိုဗစ်အတည်ပြုလူနာပေါင်း ၁၅၄ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
ကိုဗစ်ကူးစက်မှု မြင့်တက်လာသည့် မောင်တောမြို့နယ်အတွင်း ဇူလိုင် ၁ ရက်နေ့မှစပြီး ကိုဗစ်စည်းကမ်းချက်များကို တိကျ စွာလိုက်နာရန်နှင့် Mask မတပ်ဘဲ အပြင်ထွက်သူများကို ဖမ်းဆီး ဒဏ်ရိုက်မည်ဟု သက်ဆိုင်ရာဌာနများက အသိပေး ကြေညာထားသည်။
သံတွဲမြို့နယ်တွင်လည်း ကိုဗစ်ကူးစက်မှု မြင့်တက်လာသလို ကျောင်းဆရာမများ အပါအဝင် ကျောင်းသား/သူများ၌ပါ ပိုးတွေ့ရှိသည့်အတွက် အလယ်တန်းကျောင်း ၁ ကျောင်းနှင့် အထက်တန်းကျောင်း ၁ ကျောင်းတို့ကို ဇွန်လ ၂၅ ရက်နေ့မှ စတင်ကာ ပြန်လည် ပိတ်ထားခဲ့ရသည်။
You may also like these stories:
မောင်တောနှင့် သံတွဲ၌ ကိုဗစ်ကူးစက်မှုနှုန်း မြင့်လာ
မောင်တော နယ်ခြားစောင့်ရဲ ၉၀ ကျော်တွင် ကိုဗစ်ပိုး ကူးစက်