သတင်း

စစ်ခေါင်းဆောင် မိသားစုဝင်နှင့် ဆက်စပ်လုပ်ငန်းများကို အမေရိကန် ထပ်တိုးအရေးယူ

Want create site? Find Free WordPress Themes and plugins.

အာဏာသိမ်း စစ်ကောင်စီ အဖွဲ့ဝင်များ အပါအဝင် ၎င်းတို့၏ မိသားစုဝင်များသာမက မြန်မာစစ်တပ်နှင့် ဆက်နွယ်လုပ် ကိုင်နေသည့် စီးပွားရေးလုပ်ငန်းများကို ဒဏ်ခတ် အရေးယူလိုက်ကြောင်း အမေရိကန် အစိုးရက ဇူလိုင် ၂ ရက်တွင် ထုတ် ပြန် ကြေညာသည်။

အရေးယူမှု စာရင်းတွင် ပါဝင်သည့် လူပုဂ္ဂိုလ် ၂၂ ဦး အပါအဝင် စီးပွားရေးလုပ်ငန်းများ၏ အမေရိကန်နိုင်ငံအတွင်း ပိုင်ဆိုင် မှုများကို ထိန်းချုပ်လိုက်ပြီး အမေရိကန် နိုင်ငံသားများ အနေဖြင့် အဆိုပါ လူပုဂ္ဂိုလ်နှင့် စီးပွားရေး လုပ်ငန်းများအား ဆက် သွယ် ဆက်ဆံမှုမလုပ်ရန် တားမြစ်လိုက်ခြင်း ဖြစ်သည်ဟုလည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

အမေရိကန်၏ ထပ်တိုးအရေးယူပိတ်ဆို့မှုတွင် စစ်ကောင်စီအဖွဲ့ဝင် ၃ ဦး၊ စစ်တပ်က ခန့်ထားသည့် အစိုးရအဖွဲ့ဝင် ၄ ဦး အပါအဝင် ဒဏ်ခတ် အရေးယူခံထားရသည့် မြန်မာစစ်ခေါင်းဆောင်များ၏ ဇနီးနှင့် သားသမီး ၁၅ ဦး စုစုပေါင်း လူပုဂ္ဂိုလ် ၂၂ ဦး ပါဝင်သည်။

ဒဏ်ခတ် အရေးယူခံရသူများမှာ စစ်ကောင်စီ အဖွဲ့ဝင်များဖြစ်သည့် စောဒယ်နီရယ်၊ ဗညားအောင်မိုးနှင့် ဒေါ်အေးနုစိန်၊ စစ်ကောင်စီ လက်အောက်ခံ ဝန်ကြီးများဖြစ်သော ဦးချစ်နိုင်၊ ဦးအောင်နိုင်ဦး၊ ဦးမြင့်ကြိုင်နှင့် ဒေါ်သက်သက်ခိုင်တို့ ဖြစ် သည်။

ထို့ပြင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဇနီး ဒေါ်ကြူကြူလှ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဇနီး ဒေါ်သန်းသန်းနွယ်၊ ဗိုလ်ချုပ်ကြီး မြထွန်းဦးဇနီး ဒေါ်သက်သက်အောင်၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်းဇနီး ဒေါ်သန်းသန်း အေးနှင့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ဇနီး ဒေါ်အောင်မာမြင့်တို့လည်း ပါဝင်လာသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၏ဇနီး ဒေါ်ခိုင်ပပချစ်နှင့် သား/သမီးများဖြစ်သည့် မိုးထက်ထက်ထွန်း၊ ခိုင်မိုးမြင့်၊ ရတနာမိုး မြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးဇနီး ဒေါ်နီလာနှင့် သမီးဖြစ်သူ သိမ့်သဉ္ဇာရဲ၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးဇနီး ဒေါ်ဥမ္မာမြင့်နှင့် သား/သမီးများဖြစ်သည့် ရွှေရည်ဖူးအောင်၊ လှိုင်ဘွားအောင်၊ ဖြိုးအာဏာအောင်တို့လည်း အမေရိကန်၏ ထပ်တိုးအရေးယူမှု စာရင်းတွင် ထည့်သွင်းခံရသည်။

အဆိုပါ အရေးယူခံရသည့် လူပုဂ္ဂိုလ် ၂၂ ဦးသည် စစ်တပ်အရာရှိများ၏ မတော်မတရား ရရှိထားသော ပိုင်ဆိုင်မှုများ အတွက် ဘဏ္ဍာရေးကွန်ရက်များဖြင့် အကျိုးပြုနေသူများ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘ လင်ကန်က ပြောသည်။

ယခုတကြိမ် အမေရိကန်၏ ထပ်တိုး အရေးယူမှုစာရင်းတွင် မြန်မာစစ်တပ်နှင့် တွဲဖက်၍ မြန်မာနိုင်ငံအတွင်း သယံဇာတ တူးဖော်ရေး လုပ်နေသည့် တရုတ်ကုမ္ပဏီများလည်း ပါဝင်ကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံအတွင်း ကြေးနီသတ္တု တူးဖော်ရေးလုပ်ကိုင်နေသည့် တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် ၎င်းလက်အောက်ခံ ကုမ္ပဏီ များ ဖြစ်သည့် မြန်မာဝမ်ပေါင်နှင့် မြန်မာယန်စီတို့အပြင် ဂြိုလ်တုဆက်သွယ်ရေးဝန်ဆောင်မှု ပေးနေသော King Royal Technologies ကုမ္ပဏီတို့ကိုလည်း အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပိတ်ဆို့အရေးယူသည့် စာရင်း တွင် ထည့်သွင်းထားခြင်း ဖြစ်သည်။

အရေးယူပိတ်ဆို့မှုတွင် ထည့်သွင်းထားသည့် တရုတ်ကုမ္ပဏီများသည် လက်ပံတောင်းတောင် ကြေးနီသတ္တု တူးဖော်ရေး အပါအဝင် အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေး ကျူးလွန်မှုတို့နှင့် ကာလရှည်ကြာ ပါဝင်ပတ်သက်နေခဲ့ကြသည့် အ ဖွဲ့အစည်းများ ဖြစ်သည်ဟု အမေရိကန်အစိုးရက ပြောသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေဘလင်ကန်က ယခု ဒဏ်ခတ်ပိတ်ဆို့မှုသည် မြန်မာ စစ်ခေါင်းဆောင်များ အနေဖြင့် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးအတွက် မပံ့ပိုးမချင်း၊ လက်ရှိ အာဏာသိမ်းထားသည့် လမ်းကြောင်းကို အနောက်သို့ ပြန်မလှည့်မချင်း အမေရိကန် အစိုးရက ဆက်လက် ဒဏ်ခတ်အရေးယူသွားမည်ကို ထပ်မံပြသခြင်း ဖြစ် သည်ဟု ဆိုသည်။

အာဆီယံ သဘောတူညီချက် ၅ ရပ်ကို မြန်ဆန်ထိရောက်စွာ အကောင်အထည်ဖော်ရေး အပြည့်အဝ ပူးပေါင်းဆောင်ရွက် ရန်နှင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်းကို အမြန်ဆုံး ပြန်လည်ဖော်ဆောင်ရန် မြန်မာစစ်တပ်ကို အမေရိကန် ပြည်ထောင်စုက ဆက်လက် တိုက်တွန်းသည်ဟုလည်း ၎င်းက ပြောသည်။

ဇူလိုင် ၁ ရက်နေ့ကလည်း ဆွစ်ဇာလန် အစိုးရက အာဏာသိမ်း စစ်ကောင်စီ၏ ‌ပြည်ထောင်စုရှေ့နေချုပ် အပါအဝင် ဝန်ကြီး ၅ ဦးနှင့် ဒုဝန်ကြီး ၂ ဦး စုစုပေါင်း လူဂ္ဂိုလ် ၈ ဦးကို ထပ်တိုး ဒဏ်ခတ်အရေးယူမှုများ ချမှတ်ခဲ့ပြီး ယင်းပုဂ္ဂိုလ်များ၏ ဆွစ်ဇာ လန်နိုင်ငံသို့ လာရောက်ခွင့်ကို ပိတ်ပင်လိုက်ရုံသာမက ၎င်းတို့၏ ပိုင်ဆိုင်မှုများကိုလည်း ထိန်းချုပ်ထားမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

အဆိုပါ စာရင်းတွင် ပါဝင်သူများမှာ ပြည်ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦး၊ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စီမံ/ဘဏ္ဍာဝန်ကြီးလည်းဖြစ် စက်မှုဝန်ကြီးလည်း ဖြစ်သည့် ဦးဝင်းရှိန်၊ သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ရီ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီး ရေတပ်ဗိုလ်ချုပ်ကြီး တင်အောင်စန်းတို့ ဖြစ်သည်။

ထို့ပြင် ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်းနှင့် စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော် မင်းထွန်းတို့လည်း အရေးယူခံရသည့် စာရင်းတွင် ပါဝင်ကြောင်း သိရသည်။

You may also like these stories:

ကယားပြည်နယ်တွင် KNPP နှင့် အာဏာသိမ်းတပ် တိုက်ပွဲဖြစ်

ဆယ်ကျော်သက်တဦးကို လည်ပင်းအထိမြေမြှုပ်ပြီး ညှင်းဆဲဟု HRW ပြော

မြန်မာ့တပ်မတော်က KNU ကို ရှက်ပါ

Did you find apk for android? You can find new Free Android Games and apps.
Loading